Monday, March 30, 2009

သစ်ရွက်မှော်ဆရာ

ဖန်ဆင်းလိုက်တယ်
သစ်ရွက်ကလေးကို စကားပြောတတ်အောင်
ပန်းယောင် ဆောင်တတ်အောင်
ယစ်မူးစေတဲ့ ရနံ့တစ်မျိုးစီ ရှိအောင်..။
ပြီးတော့ ကျဲချလိုက်တယ်
အမိုက်အမဲ လူသားတွေဆီ
သစ်ရွက်တွေရဲ့မာယာမှာ
သာယာပျော်ဝင်
ဂီတသီချင်းသီ
ဘဝတွေ တစစီ ချွေဖို့..။

ဖန်ဆင်းထားတဲ့ သစ်ရွက်ကလေးတွေက
မြို့တွေဆီ ရွာတွေဆီ အိမ်ရာတွေဆီရောက်သွား
မာယာစကားဆိုကြ အလိမ္မာတေးကို ဟစ်ကြ
လူတစ်ချို့ဟာ ကခုန်ကြ
လူတစ်ချို့ဟာ ယစ်မူးကြ
ပန်းယောင်ဆောင်ထားတဲ့ သစ်ရွက်တွေကို
ယုံယုံကြည်ကြည် ပေါင်းသင်းကြ…။

အဲဒီလိုနဲ့
မှော်ဆရာဟာ သူ့သစ်ရွက်တွေကို
ကာလတစ်ခုထိ လူတွေနဲ့ပျော်ပါးစေပြီးတဲ့နောက်
စကားတွေ ဆွံ့အ
ပန်းယောင်ဆောင်ထားတာတွေ ခွာချပြီး
ရနံ့တွေ ပြန်ဖျောက်လိုက်တဲ့အခါ
လူတွေက သစ်ရွက်တွေကို တောင်းပန်တိုးရှိုး
ပန်းတွေ တဖန် ပြန်ဖြစ်လာနိုး..။

ခေတ်တွေ အမျိုးမျိုး ကမ္ဘာ့ခေါင်မိုးပေါ်က ဖြတ်သွား
မှော်ဆရာလည်း သေဆုံးသွား
သစ်ရွက်တွေလည်း ပန်းပြန်ဖြစ်မသွား..။

ဒါ
သမိုင်းကဖွက်ထားတဲ့ ပုံပြင်တစ်ပုဒ်
မှော်ဆရာကို ဘယ်သူမှ မသိ မှီ လိုက်ပေမယ့်
သစ်ရွက်တွေ ပန်းပြန်ဖြစ်နိုး
လူတွေ
ခုထိ အလုပ်ရှုပ် ဆုတောင်းမှားနေဆဲ..။
လင်းဒီပ
၃၀.၃.၀၉

18 comments:

ရွှေပြည်သူ said...

ပထမဆုံး comment ကို ၀မ်းသာအားရ ရေးသွားပါတယ်။ ကိုယ်လည်း သစ်ရွက်နဲ့ပန်း ခွဲခြားတတ်ရဲ့လားလို့ စဉ်းစားနေမိပါတယ်...

အိုင်လွယ်ပန် said...

လူပေကိုး ..

ပန်းပြန်မဖြစ်တော့တဲ့

သစ်ရွက်မှာ

ယုံကြည်ယစ်မူး သာယာ

ပျောက်ဆုံးရင်ဆုတောင်း .........

ကောင်းပကိုဒီပရေ ....

နေမင်းသံစဉ် said...

ကဗျာလေးက အဓိပ္ပါယ်ရှိတယ်..ကောင်းတယ်
ခံစားသွားပါတယ်ဗျာ

မောင်ခင်လေး said...

မှော်စရာရေ ဘာကိုဆိုလိုပါလိမ့်
:)
ကဗျာလာဖတ်တယ်အစ်ကိုရေ ကောင်းသောနေ့ဗျာ
:)

ဝါ၀ါမောင် said...

ကဗျာလေးဖတ်သွားပါတယ် လင်းဒီပရေ..း)
အတွေးလေးရသွားတယ်.

MANORHARY said...

သစ်ရွက်သေများပေါ်မှ ရက်စက်သောဂီတ ဆိုတာ
အဲဒါပေါ့..း)

Welcome said...

လူမှန်ရင် မျှော်လင့်ချက်နဲ့ အသက်ရှင်နေ ရတာ သဘာဝပါပဲ။ မဖြစ်နိုင်မှန်း သိနေပေမယ့် မျှော်လင့်ချက် ဆိုတဲ့ ရောင်ခြည်လေးကြောင့် ဆုတောင်းမှားနေ ကြမှာ အမှန်ပါ။

မောင်မျိုး said...

ဒီလိုကဗျာမျိုး ပထမဆုံးဖတ်ဖူးခြင်းပဲ ။ မှော်ဆရာကိုဒီပရေ့ သစ်ရွက်ကလေး ပန်းပြန်ဖြစ်ပါစေလို့ ၀ိုင်းဆုတောင်းပေးပါတယ်ဗျာ ။

Mogok Thar said...

ကောင်းလိုက်တဲ့ အတွေးနဲ့ အရေး။ ဆုတောင်းမမှားကြဖို့ အသိလေးတခု ပေးသွားတယ်။ အဲဒီ သစ်ရွက်လေးတွေကတော့ ဘယ်တော့မှ....

မမသီရိ said...

ဝေး....ကောင်းလိုက်တဲ့ကဗျာလေး
ဘယ်လိုမှော်တွေနဲ့များ ဒီလိုကောင်းနေရတာလဲ
ဘ၀ပြောင်းခဲ့ဖူးတဲ့.. သစ်ရွက်လေးတွေ...အင်း....

ကောင်းကင်ကို said...

ကဗျာလေး ဆန်းသစ်ပြီး မိုက်လိုက်တာ။

မင်းအိမ်ဖြူ said...

ကောင်းလိုက်တာ ၊ အရမ်းမိုက်တာပဲလို. ပြောရမလား ? ဒါမှမဟုတ် မူရင်းကဗျာကို copy and paste လုပ်ပေးခဲ.ရမလား ?

ဘာပြောတာလဲ ဟင် ?

တကယ်မသိသေးဘူး ၊၊
ပြန်ဖတ်လိုက်အုံးမယ် ၊ နားမလည်တော.ရင် ဖုန်းဆက်ပြီး မေးလိုက်မယ်နော် ၊၊ ရင်ထဲမှာ မတင်မကျဆို မနေတက်လို. ၊၊ တကယ် နားမလည်တာ P: D:-

ငြိမ်သက် said...

ဟင်..ဒီလိုလား
အဲဒါကြောင့်မို့ ဗေဒင်ဆရာကိုပြောတာ ယတြာကို ရွက်လှထိုးပြီး မချေပါရစေနဲ့ဆိုတာ...ဟင့်အင်း..မရဘူး ဇွတ်
ဒါနဲ့ပဲ....

မေ့သမီး said...

သစ်ရွက်လေလား ပန်းလေလား။ :P မီးခေါင်းရှုပ်သွားပြီ။ ပြန်တော့မယ်။

ဆောင်းယွန်းလ said...

ကဗျာလေးကောင်းလိုက်တာညီလေးရာ..သေသေချာချာတွေးပြီး ရေးထားတာဖြစ်မယ်ထင်တယ်..
ကြိုက်တယ်..အတိအကျကိုကြိုက်တာ..ခါတိုင်းရေးနေကျ ကဗျာတွေထဲက ခွဲထွက်နေသလိုပဲ

မသက်ဇင် said...

သမိုင်းကဖွက်ထားတဲ့ ပုံပြင်တစ်ပုဒ်
မှော်ဆရာကို ဘယ်သူမှ မသိ မှီ လိုက်ပေမယ့်
သစ်ရွက်တွေ ပန်းပြန်ဖြစ်နိုး
လူတွေ
ခုထိ အလုပ်ရှုပ် ဆုတောင်းမှားနေဆဲ..။

တွေးတတ်--ရေးတတ် လိုက်တာ--ကဗျာဆရာ--

kkk said...

nar lal buu ;(

eaindraomtt said...

မှော်ဆရာ ပျိုးတဲ့ပန်းကိ
မှော်ဆရာပဲ ခိုးဝှက်သွားခဲ့တာ

သစ်ရွက်တွေပန်းပြန်ဖြစ်ဖို့ဆိုတဲ့မျှော်လင့်ချက်ဟာ..
စိတ်ကူးယဉ်ဆန်ကောင်းဆန်နိုင်ပေမယ့်..
ဒါဟာ..
ဘ၀တွေရဲ့ မောင်းနှင်အားလဲဖြစ်နိုင်တယ်လေ...

အတွေးတွေပေးတဲ့ ကဗျာကောင်းလေးကို...
လေးလေးနက်နက်ဖတ်သွားပါကြောင်း

အိန္ဒြာ