Saturday, December 20, 2008

ခွင့်စာ

ဒီရက်တွေမှာ ကျွန်တော် နှစ်ပတ်လောက် ပြတင်းပေါက်ကလေးကနေ ပျောက်နေပါဦးမယ်။
သူငယ်ချင်း ညီအစ်ကို မောင်နှမတွေဆီလည်း ရောက်မယ် မထင်ဘူး။
၂၀၀၉ အတွက် ကြိုပြီး နှုတ်ဆက်ခွင့်ပြုပါ..
အားလုံးပဲ..happy new year & merry x'mas ပါဗျာ။
နှစ်သစ်မှာ ပြန်လာခဲ့ပါမယ်။

မကြားရမမြင်ရတဲ့ သူငယ်ချင်းတွေကို ချစ်တဲ့သူ
လင်းဒီပ

Tuesday, December 16, 2008

ငြီးငွေ့ရခြင်းများ


ဘဝဆိုတာမြစ်တစ်စင်းဆိုရင်
ကျွန်တော့်ရေစီးက သေ လွန်းရဲ့..

နှစ်ထောင့်ရှစ်ကလည်း
ပြီးခဲ့တဲ့နှစ်တွေအတိုင်း
ရောက်လာ ပြီးတော့ ပြန်သွား..
ဘာမှမထူးခြားခဲ့..

အထူးတလည် ဝင့်ကြွားစရာတွေ မရခဲ့သလို
သိမ်ငယ် ညှိုးနွမ်းစရာလည်း မရှိခဲ့
အကြီးအကျယ် ပေါက်ကွဲလိုက်စရာ မရှိသလို
အလောတကြီး စိတ်အားငယ်စရာလည်း မတွေခဲ့…

ကျွန်တော့် ရှင်သန်ခြင်းကြီးက
ဖြစ်သလို ကျင်လယ်ကြီးပြင်းတတ်တဲ့
လမ်းဘေးက အလေ့ကျပန်းတွေထက်တောင်
အဓိပ္ပာယ်တွေ ခြောက်ကပ်နေခဲ့တာ ကြာပေါ့
သံလမ်းပေါ် ဦးနှောက်မပါပဲ
လျှောက်ပြေးနေရတဲ့ ရထားတစ်စင်းလို..

အားလုံးအတွက် အသစ်ဆိုတာတွေက
ကျွန်တော့်အတွက်တော့ ထပ်ရောက်ရောက်လာတဲ့
ပျင်းစရာ အသစ်စက်စက်တွေပါပဲ

ဘာလိုချင်နေတာလဲ
အချစ် အရက် လိင်ကိစ္စ
မနက်ဖြန်မှာ ရောက်လာမယ့် စစ်ပွဲတွေ
ညတုန်းက ဘောလုံးပွဲ
မောင်သိန်းဇော်ရဲ့ ကဗျာဟောင်းလေးတစ်ပုဒ်
ငါတို့ထန်းတောထဲမှာ ကဗျာရွတ်ကြရအောင်
ကျွန်တော်တို့ အနေအထိုင်မတတ်လို့ ပူနွေးလာတဲ့ကမ္ဘာကြီးအကြောင်း
ကျုပ်လိုချင်တာရှာလို့မတွေ့ခဲ့ဘူး နှစ်ထောင့်ရှစ်ရယ်

ဒီဇင်ဘာ
ခရစ္စမတ်
နှင်းအတုတွေကြားမှာ
ကိုယ့်ကိုကိုယ်ပျော်အောင်မထားတတ်တဲ့ ကောင်ကတော့
ကြယ်ကလေးတွေငေးရင်း စကားနည်းနေရတာပေါ့..
လင်းဒီပ
၁၆.၁၂.၀၈
Photo Source: photobucket.com

Wednesday, December 10, 2008

စမ်းချောင်းလေး


မြတ်နိုးမှုတွန်းကန်အားလေးနဲ့
လောကဓံကို တွန်းတွန်းတိုက်တိုက်
တရွေ့ရွေ့ ဖြတ်သန်းလာခဲ့တာ..

ကျောက်သားဖြူဖြူလေးတွေ..
လွင်ပြင်ဝါဝါလေးတွေ ဖြတ်သန်းလို့..
ရင်ခုန်သံရွှေငါးလေးတွေ ခေါ်ဆောင်လာခဲ့..
အလွမ်းသစ်သီးစိမ်းလေးတွေ ယူဆောင်လာခဲ့..
ချိုသောဂီတတွေ တီးခတ်လာခဲ့..

မြစ်တစ်ခုမှာ ရေနှစ်ခါချိုးလို့မရဘူးဆိုပေမယ့်
ဒီမှာတော့
မင်းမှားယွင်းခဲ့တာ
မင်းညစ်နွမ်းခဲ့တာ
မနေ့က မင်းရဲ့ အမှောင်ဒဏ်ရာတွေကို
ဆေးကြောသန့်စင်အသစ်ပြန်ဖြစ်ဖို့
အငြိုအငြင်မဲ့ အငြင်းအဆိုမဲ့
နှစ်နှစ်ကာကာလေး စီးနေပေါ့..
လင်းဒီပ
၁၀.၁၂.၀၈
Picture Source: picture by gaturlove
Media.photobucket.com

Saturday, December 6, 2008

အမုန်းစာရင်း


အမုန်းဆုံး(၁၀) ခုကို ရေးဖို့ အိပ်မက်ပြခန်း က ကျွန်တော့်ကို ပထမဆုံး Tag ပါတယ်။ နောက်သိပ်မကြာဘူး။ မောင်မျိုးက ပါထပ် Tag တယ်။အိပ်မက်ပြခန်း Tag တည်းက ရေးမလို့ပါပဲ။ မအားလို့ မရေးဖြစ်သေးဘူး။ မောင်မျိုးကတော့ မရဘူး။ လာအော်ပါတယ် အကြွေးမဆပ်ရင် အိမ်က လှည်းနဲ့နွား လာသိမ်းမယ်တဲ့။ ကြောက်တော့လည်း မြန်မြန် ရေးရပါတယ်။
(၁)
ကျွန်တော်မှာ မုန်းစရာ အကောင်းဆုံးလို့ ကျွန်တော်ထင်တဲ့ အချက်ကတော့ တွေဝေ တတ်တာပါ။ မပြတ်သားတာပါ။ ဘယ်တော့မှ ဆုံးဖြတ်ချက်ကို ပိုင်ပိုင်ဆိုင်ဆိုင် မချတတ်ဘူး။ အခုအချိန်ထိလည်း လွဲချော်နေတတ်တုန်းပါပဲ။
(၂)
နောက်တချက်ကတော့ စိုးရိမ်တတ်တာပါ။ တကယ်တော့ စိုးရိမ်တယ်ဆိုတာ ရောဂါတစ်ခု ဖြစ်သလို မုန်းစရာလည်းကောင်းတဲ့ အချက်တစ်ချက်ပါပဲ။ အပြင်ထွက်ခါနီး တံခါးတွေ မီးဖိုတွေကို အထပ်ထပ် စစ်လေ့ရှိပါတယ်။ သော့ခတ်တာကို နှစ်ခါသုံးခါ ပြန်ပြန်စစ်ပါတယ်။ လော့ခ်ကျရဲ့လားဆိုပြီးတော့။ ကိုယ့်ကိုကိုယ် မုန်းပေမယ့် မတတ်နိုင်ပါဘူး။
(၃)
ချိန်းထားရင် အရင်ဆုံး ရောက်နေ တတ်ပါတယ်။ သူများတွေက on the way ဆိုတဲ့အချိန်မှာ ကျွန်တော်က ရောက်နေပြီ။ ပြီးတော့ စိတ်တိုနေရော။ အစောတည်းက ထွက်မလာနဲ့ပေါ့။မဟုတ်ပါဘူး။ဝီရိယလွန်တော့ ကျွန်ဖြစ်ဆိုတာထင်ပါတယ်။
(၄)
နောက် အရမ်းလည်း စိတ်တိုတတ်ပါတယ်။ ဘုပြောပြောလွှတ်တတ်တဲ့ အကျင့်လည်းရှိပါတယ်။
(၅)
မျက်နှာဖုံးလည်း ပျောက်နေပါတယ်။ စိတ်ဆိုးနေရင် ဆိုးနေတဲ့ အတိုင်း စိတ်ရှုပ်နေရင် စိတ်ရှုပ်နေတဲ့အတိုင်း မျက်နှာမှာပေါ်နေတတ်တော့ ကိုယ့်စိတ်အခြေအနေကို သူများက အလွယ်တကူ အကဲခတ် ကိုင်တွယ်လို့ ရတာပေါ့။ မကောင်းပါဘူး။ အလုပ်ကိစ္စတွေမှာ မှောက်ထားတဲ့ ဖဲက မတွေ့တာ ကောင်းပါတယ်။
(၆)
ချိန်းထားပြီး သူများ အရင်ရောက်နေရင် အားနာနေတတ်တယ်။ ပိုက်ဆံချေးထားတဲ့လူဆီ အတတ်နိုင်ဆုံး ဖုန်းမဆက်ပဲနေတယ်။ အကြောင်းကိစ္စရှိလို့ ဆက်ရင်တောင် အကြွေးလိုချင်လို့ ဆက်တယ် ထင်မှာစိုးပြီး မဆက်တော့ပါဘူး။ နောက်ထပ် အားနာတတ်တာလေးတွေ ရှိပါသေးတယ်..
(၇)
လူတစ်ယောက်ကို သံယောဇဉ်ဖြစ်ရင် အရမ်းဖြစ်တတ်ပြီး မုန်းပြီဆိုရင်လည်းလှည့်မကြည့်တော့။ ပတ်သက်သမျှ အကုန်လုံးကို delete လုပ်တတ်ပါတယ်။ မုန်းဖို့ကောင်းတဲ့အချက်လို့ ကျွန်တော်ထင်ပါတယ်။အမုန်းတို့ဒေါသ တို့ဆိုတာမကောင်းပါဘူး။ အခုအတတ်နိုင်ဆုံး ပြင်နေရပါတယ်။ မုန်းစရာတွေ့ရင်တောင် ချစ်စရာ ကောင်းတာလေး ရှာတဲ့ အကျင့်လေးပေါ့။ ချစ်စကိုပဲ ရှည်စေလိုပါတယ် ။မုန်းခဲ့ ပြတ်သားခဲ့တာတွေကို တွေးမိရင် နောင်တရနေတတ်ပါတယ်။ ဆရာတော် ဦးဇောတိက ဟောဖူးပါတယ်။ အတူတူနေရတဲ့အချိန်ကို လက်ဆောင်ကောင်းတစ်ခုလိုတန်ဖိုးမထားတတ်ကြဘူး တဲ့။ မုန်းတတ်တဲ့ အကျင့်ကြီးကို ပြင်နေပါတယ်။ ချစ်တတ်အောင်လည်း သင်နေပါတယ်..:P
(၈)
လူများတဲ့နေရာတွေ အတတ်နိုင်ဆုံးမသွားပါဘူး။ မေမေစကားနဲ့ပြောရရင် လူတောမတိုးဖူးပေါ့ဗျာ။ လူတွေအများကြီးနဲ့စကားတွေ လျှောက်ပြော ဘာတွေပြောနေကြမှန်းလည်းမသိ။ အလှူတို့မင်္ဂလာဆောင်တို့ပါ ။ကျွန်တော် ရှောင်လေ့ရှိပါတယ်။ မကောင်းဘူးလို့ထင်ပါတယ်။ အဲဒီ မုန်းစရာကောင်းတဲ့ လူတောမတိုးတဲ့ အကျင့်ကြီးကို ပြင်နေရပါတယ်။(အလှူရှိရင် ခေါ်နော်..ဟီး)
(၉)
အရင်ကတည်းက ညဆိုအိပ်ယာ စောစော မဝင်တတ်တဲ့အကျင့်လေ။ အခု ဘလောဂ့်လေး လုပ်ဖြစ်တော့ ပိုဆိုးပါတယ်။ အိပ်ယာဝင် နောက်ကျတာ မကောင်းပါဘူး။ မုန်းစရာကောင်းတဲ့ အကျင့်တစ်ခုပါ။ကျန်းမာရေးလည်းထိခိုက်ပါတယ်။ဒါပေမယ့် မတတ်နိုင်ဘူးဗျာ။
(၁၀)
နံပါတ်(၉)ရဲ့ အဆက်ပါ။ ရောဂါက စနေပါပြီ။ အလွန် မေ့တတ်ပါတယ်။ ပေပေတေတေ နေတဲ့ဒဏ်တွေလို့ ထင်ပါတယ်။ မမေ့အောင်လို့…စာအုပ်ကလေးနဲ့ မှတ်မှတ်ထားပါတယ်..ဒါပေမယ့် စာအုပ်လေးကို ဘယ်နားထားမိမှန်း မသိတာ ခဏခဏ.. မျက်မှန်ကို ဘယ်နားချမိမှန်း မသိတာ.. အပြင်သွားရင် အိမ်မှာ ဖုန်း ကျန်ခဲ့တာ.. အတော် မုန်းဖို့ကောင်းပါတယ်။ ဒါပေမယ့် ဘယ်တော့မှ မမေ့တာလေး တစ်ခုတော့ ရှိတယ်ဗျ…:P

ကျေးဇူးတင်ပါတယ်။ ဆုံးအောင် ဖတ်ပေးတဲ့ အတွက်ပါ။ မောင်မျိုးနဲ့ အိပ်မက်ပြခန်းက ကိုကိုဖားလည်း ကျေနပ်မယ် ထင်ပါတယ်။
လင်းဒီပ
၆.၁၂.၀၈
Photo Source: picture by kineridiamond
Media.photobucket.com

ကြိုက်သောကဗျာလေးတစ်ပုဒ်


အစ်မဝါ က Tag ပါတယ် ။ အကြိုက်ဆုံး ကဗျာလေးတစ်ပုဒ်ကို ရေးပေးပါတဲ့။ ကျွန်တော်ကြိုက်တဲ့ ကဗျာလေးတွေကလည်း အတော်များပါတယ်။ ငယ်ငယ်တည်းက ကဗျာတွေကို စကားပြေထက် ပိုဖတ်ဖြစ်တော့ ..

နွေဦးကာလ မြူထသောအခါ
ရင်းထောင်ရင်းဆွဲဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ ခါးမှာချပ်လျှက်…
ဆိုတဲ့ ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားကဗျာလေးတွေ..

ခေါ်မထားပေမယ့်
သွားသူက ကျွန်တော်ပါ
မျှော်မော်ကာ ရွှေရင်ထိပ်ပါလို့
ချစ်သူအဆောင် နံ့သာတောကို တိတ်တိတ်လေးလာ
…ဆိုတဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ အရေးလေးတွေ..

ချစ်သူတစ်ယောက်ထားရတာ
စွန့်စားခန်းတစ်ခုပါပဲတဲ့။
ခဏခဏ စွန့်စားနေသူလေးရယ်
စွန့်စားခြင်းကိုမှ ဝါသနာထုံလေရော့သလားကွယ်.
.ဆိုတဲ့ မင်းလူရဲ့ကဗျာလေးတွေနဲ့ ကြီးပြင်းလာခဲ့.. ဘဝကိုခုန်မင် သက်ဝင်လာခဲ့တာပါ။ဘဝကို အရာအရာ သီချင်းလေးတွေ ကဗျာလေးတွေက ပေးတဲ့ အတွေးလေးတွေနဲ့ပဲယှဉ်ပြီး ဖြတ်သန်းလာခဲ့တာပါ။အဲဒါကြောင့် တခါတလေ ကျွန်တော့်အမြင်လေးတွေ အတွေးလေးတွေက သူငယ်ချင်းတွေကြားမှာ တစ်မျိုးဖြစ်နေတတ်တာ ဆုံးဖြတ်ပုံခြင်း မတူတာလေးတွေ တွေ့ရတတ်ပေမယ့် ကျွန်တော့်မြတ်နိုးမှုကို ဘယ်တော့မှ ကျွန်တော် အပြစ်မတင်ဖြစ်ဘူး။ ကျေနပ်တယ်။
အခုလည်း ကျွန်တော်ကြိုက်လို့ သိမ်းထားတဲ့ ကဗျာလေးကိုပဲ ဒီပိုစ့်အတွက် သုံးပါရစေ။ အရမ်းကို မြန်မာရနံ့ပါတဲ့ ကဗျာလေးပါ။ကျွန်တော်ကြိုက်လို့ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် ကနေ ကူးထားတာပါ။ ကဗျာလေးနာမည်က သနပ်ခါး တဲ့။ ရေးတဲ့သူက ကမာပုလဲ ပါ။ဖတ်ကြည့်ပေးပါဗျာ။

သဘာဝရဲ့
အဖိုးမဖြတ်နိုင်တဲ့ ရတနာ
အညာကျေးလက် တပ်မက်ဖွယ်ရာ။

နွေထဲ
သဲမုန်တိုင်းတွေနဲ့ ရိုင်းစိုင်းလှတဲ့ လေထဲ
ပက်ကြားအက် ကုန်းမြေမာခေါင်ခေါင်ထဲ
ချွန်မြ ဆူးတွေထုတ်လို့ အာခ
ဘ၀ကို ဒီလိုရှင်သန်တယ်။

အရွယ်ရောက်တော့
အလိုကျ ဖြတ်တောက်ခံကာ
ကြမ်းတမ်းခက်မာ ကျောက်သားပြင်
ဘ၀ကို မှတ်ကျောက်တင် အသွေးခံလို့ …

အိုမင်းတွန့်ရွ
အမေ့အသားအရေပေါ်မှာဖြစ်ဖြစ်
ပန်းနုရောင်ပြေး
ချစ်သူ့ပါးပြင်ကလေးပေါ်မှာဖြစ်စေ
သူဟာ ပန်းတွေနဲ့အပြိုင် မွှေးတယ် ။
(ကမာပုလဲ)

အဆင်ပြေမယ်လို့ထင်ပါတယ်။ အရမ်းကို မြန်မာရနံ့သင်းတဲ့ ကဗျာလေးပါ။ ကျွန်တော် အကြိုက်ဆုံးကဗျာလေးတစ်ပုဒ်လို့ပြောပါရစေ။
တဆက်တည်းပဲ ကျွန်တော် ကိုးတန်းကျောင်းသားဘဝက ရေးဖူးတဲ့ကဗျာလေးကို အမှတ်တရ တင်ချင်ပါသေးတယ်။ လေးလုံးစပ် ကဗျာလေးပါ။၁၉၉၅ လောက်ကရေးခဲ့တာပါ။
စံပယ်များ
ရနံ့ကမွှေး ဆွတ်ဖြူဖွေးလျက်
စိမ်းစိုရွက်ကြား အိနြေ္ဒထားကာ
လှအားပိုလျှင်..
မြင်ငေးသူ့ရင် ချမ်းမြေ့ရွှင်၏

လေရူးလေပွေ အဆိပ်ပေလက်
ဝတ်ရည်စုပ်ပျား အဖျက်များမှ
အသိရှိရှိ ရှောင်ကျဉ်မိလျှင်
မြင်ငေးသူ့ရင် ချမ်းမြေ့ရွှင်၏

အထက်ဖြူလွှ စိမ်းရောင်ခလျှက်
သရေရှိစွာ ဆင်ပြင်လာသည့်
ပညာသင်ကြား လုံမများလေ
စံပယ်တွေနှင့် အတူတူ..

ကဗျာဆိုတာ တီးလုံးမထည့်ထားတဲ့ သီချင်းလေးတွေလို့ပဲ ကျွန်တော်တော့ ထင်ပါတယ်။ ကျွန်တော်အတွက်တော့ ကဗျာဆိုတာ ငယ်ချစ်ပါပဲ။(ဒီ အကြိုက်ဆုံး ကဗျာလေးတစ်ပုဒ် ဆိုတဲ့ Tag ကို ကိုရွာသားလေး(ဝိုင်တီယူ) ..ကိုမိုးမြင့်တိမ် ..ကိုအိပ်မက်ရှင် နဲ့ ညီမလေးခေါင်ခေါင် ..တို့ကို Tag ပါတယ်)ကျွန်တော်ကိုခင်ရင် ရေးပေးကြပါဦးဗျာ။
ခင်မင်စွာ
လင်းဒီပ
၅.၁၂.၀၈
Photo Source:picture by zakharchenko
media.photobucket.com

Thursday, December 4, 2008

တိမ်တွေရေးတဲ့ကဗျာ(၂)


လှလိုက်တာ မြရယ်…တကယ်တော့ လှတယ်ဆိုတဲ့ စကားတခွန်းကို ကျွန်တော် အထိတ်တလန့်ရွတ်ဆိုဖို့တောင် အချိန်မရအောင် ကျွန်တော် ထိတ်လန့်သွားခဲ့တာ။

ဆယ်နှစ်ဆိုတဲ့ အတိုင်းအတာက လူတစ်ယောက်ကို မေ့ပျောက်လိုက်ဖို့အတွက် လုံလောက်တဲ့ အချိန်ကာလတစ်ခုပေါ့။ ကျွန်တော် မေ့သွားတာတွေ အတော်များပြီ။ ကျွန်တော်ဘယ်တုန်းက ဘွဲ့ရခဲ့တယ်ဆိုတာ မမှတ်မိတော့ဘူး။ကျွန်တော် တချိန်က အရမ်းကြိုက်ခဲ့တဲ့ ရုပ်ရှင်တွေ မမှတ်မိတော့ဘူး။ တချို့သူငယ်ချင်းတွေရဲ့ လိပ်စာတွေ..ဖုန်းနံပါတ်တွေ..တချို့ဆိုနာမည်တွေပါ မမှတ်မိတော့ဘူး…. သိပ်ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်လည်း ဆိုကြည့်ရင် ရှေ့ရောက်လိုက် နောက်ရောက်လိုက်ပေါ့။ကိုယ့်ကိုကိုယ်လည်း ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ့တွေများလို့ ဘဝဆိုတာ ဒီလိုပါပဲကွာလို့ တခါတလေ တချို့လူတွေကို ဆရာကြီးလုပ် တရားချမိတာလည်း ရှိရဲ့လေ။ ဒီကျွန်းနိုင်ငံသေးသေးလေးမှာ မြရှိတယ် ဆိုတာ ဟိုးအစောကြီးကတည်းက ကျွန်တော်သိထားခဲ့တာ..။ မြဆိုတာကိုလည်း မေ့ထားနိုင်ခဲ့ပြီလို့ ထင်ထားခဲ့တာပေါ့။တကယ်တမ်း ရုတ်တရက်ကြီး ပြန်တွေ့တော့ အလဲလဲ အကွဲကွဲ..ဘယ်လိုမှ မပြင်ဆင်နိုင်ခဲ့ဘူး။ ရာသီဥတု အေးလာရင် အတွင်းဒဏ်တွေပြန်ပေါ်လာတတ်တယ်တဲ့။ကဲကြည့်ပါဦး..မြကို တွေ့လိုက်ရတဲ့အချိန်လေးမှာ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားပြီး အတွင်းဒဏ်တွေ ပေါ်လာတာပဲ ထင်ပါရဲ့။

အတော်လည်း အံသြဖို့ကောင်းပါရဲ့..မြကို မြင်လိုက်ရတဲ့ ခဏလေးမှာ ကျွန်တော်က စီးကရက်ကို စတိုင်တစ်ခုအနေနဲ့ သောက်တဲ့ ဆယ့်ရှစ်နှစ်သားလေး ပြန်ဖြစ်သွားတယ်..။ ကဗျာဆရာနဲ့ တူအောင် ကွမ်းကလေးဝါးပြီး ကချင်လွယ်အိတ်ကလေးနဲ့ ကျောင်းလာတက်တဲ့ကောင်လေး ဖြစ်သွားတယ်..။ မိန်းကလေး တစ်ယောက်ကို အသာလေးငေးငေးနေ…အကြည့်လေးတွေ ထိခတ်သွားတိုင်း ဘယ်လို သံစဉ်တွေ ထွက်လာမလဲလို့မျှော်ခိုး လင့်ငံ့နေတတ်တဲ့ အကြည့်သူခိုးလေး ပြန်ဖြစ်သွားတယ်..။ ကန်တင်းထဲကနေ ထိုင်ပြီး ခုံမြင့်ဖိနပ်လေးရဲ့ ခြေလှမ်းလေးတွေ ထိုင်ရေတွက်နေတတ်တဲ့ ကောင်တာလေး ပြန်ဖြစ်သွားတယ်..။ မြတို့လမ်းထိပ်က ကားမှတ်တိုင်မှာ လာလာစောင့်တတ်တဲ့ အခမဲ့ကြိုပို့လေး ပြန်ဖြစ်သွားတယ်..။ ချစ်လိုက်ရတာ မြရယ်..။ ဟောဒီကမ္ဘာကြီးက ချစ်တတ်သူတွေကို သီးသန့်ချီးမြှင့်ဖို့ ဘာလို့ဆုတံဆိပ်တွေ မရှိရတာလဲ။ (နစ်နာတယ်..) ကျွန်တော့်အိပ်ယာခေါင်းရင်းမှာ ကျေးကျွန်တစ်ယောက်ရဲ့ ဂုဏ်ယူမှုမျိုးနဲ့ ချိတ်ဆွဲထားချင်လို့ပါ။

ကျွန်တော် သိတာက လူတွေက အသက်ကြီးရင် ရုပ်ရည်တွေ ရင့်ရင့် သွားတတ်ကြတယ်။ မြကတော့ ဆန့်ကျင်ဘက်။ အသက် နှစ်ဆယ့်ကိုးနှစ်အရွယ်က ဆယ့်ကိုးနှစ် အရွယ်ထက်ကို ပိုလှနေခဲ့တာ။ မြအတွက်နဲ့ သက္ကရာဇ်တွေ ထက်ပိုင်းကျိုးပေးခဲ့တာလား။ ကျွန်တော် ဘာမှ နားမလည်တော့ဘူး။ အရင်တုန်းက ကျွန်တော်သိတဲ့ မြက ပါတိတ်ဝမ်းဆက်ကလေးတွေ ဝတ်တတ်တာ..ဆံပင်ရှည်ရှည်လေးတွေက ညနေလေပြေမှာ မြောနေလွင့်နေတတ်တာ..အပြုံးလို့ အဓိပ္ပာယ်သက်ရောက်စေရုံလေး ပြုံးတတ်တာ..နှုတ်ခမ်းလေး လှုပ်ခတ်တယ်ဆိုရုံလေး စကားပြောတတ်တာ..။ ကျွန်တော်မှတ်ဥာဏ်တွေ အရမ်းကောင်းနေပါလား..။ မြ..ရယ်ချင်သွားတယ် မဟုတ်လား… ဒါပေမယ့် ရယ်မှာမဟုတ်ဘူး..ကျွန်တော်သိတယ်..မြဟာ မြဖြစ်နေလို့ပါပဲ..

မြရယ် ကျွန်တော့်အဖြစ်က အတော်လည်း ရယ်စရာကောင်းရဲ့ ..။ ကိုယ့်ဘာသာ တဖက်သတ်စွဲလမ်းခဲ့ဖူးတယ်။ လှပစွာငြင်းပယ်ခံခဲရဖူးတယ်။ (တကယ့်ကို ပညာသားပါပါ လှလှပပလေး ရိုက်ချသွားခဲ့တာနော်.။) တခြားတစ်ယောက်နဲ့ ဖြတ်လျှောက် သွားခဲ့တာလည်း ကိုယ့်ရှေ့ကပါပဲ။ ဒါနဲ့တောင်များ ဆယ်နှစ်တိတိ နှလုံးသားထဲမှာ ဘာလို့ ရှိနေရတာလည်း..ဟိုအဆိုတော်ကြီးလိုပဲ နောက်တခါ ချစ်ဦးမလားလို့ တုတ်ကလေးနဲ့ ရိုက်ရိုက်မေးချင်တယ်ဆိုတာ ကျွန်တော့်လိုကောင်မျိုးကို နေမှာပေါ့..။ ဒါပေမယ့် ချစ်တာက ချစ်တာပါပဲ။ အဲဒိ ချစ်စိတ်လေးကိုပဲ တအံတသြနဲ့ ကျွန်တော် ကျေနပ်နေမိတယ် မြ။ အသေအချာ စောင့်ရှောက် ထိန်းသိမ်းထားခြင်း မရှိပါဘဲ အလေ့ကျ ရှင်သန်နေတဲ့ အပင်လေးတွေက ကျွန်တော့်ရင်ထဲမှာပေါ့ စိမ်းလန်းဖားဝေလို့.. မြ မလျှောက်ချင်ခဲ့တဲ လမ်းကလေးကတော့ ကျွန်တော့်ရင်ထဲမှာ အကောင်းအတိုင်းပါပဲ..။ ပျော်ရွှင်ပါစေမြရယ်..
လင်းဒီပ
၃.၁၂.၀၈
Photo Source: picture by packergirl44
media.photobucket.com

Sunday, November 23, 2008

အလွမ်းကဗျာ


ဟိုးဝေးဝေးက
တိုက်တန်းတွေ သစ်ပင်နဲ့ ကွင်းပြင်စိမ်းစိမ်းတွေ ငေးကြည့်
မိုးရေစက်တွေနဲ့စိုလက်နေတဲ့လမ်းကလေးကို ငေးကြည့်
လူတချို့ လမ်းလျှောက်သွားတာ ငေးကြည့်
ဘာမှ မတွေ့ဘူး

စိတ်ထဲ ဆာလောင်နေတဲ့အရာ
အပြုံး…စကားသံ
သူမ ပြောသမျှစကား
နေကောင်းလား ဆိုတာလေးက အစ
နားဝင်ချိုနေတတ်တာ
သူမ ပျားရည်နှုတ်ခမ်းလေး လွမ်းလိုက်တာ

မျက်လုံးတွေက စပြုံးတာပဲဖြစ်ဖြစ်
နှုတ်ခမ်းတွေက စပြုံးတာပဲဖြစ်ဖြစ်
သိပ်အရေးမကြီးဘူး
ကိုယ်က ချစ်ခြင်းကို သင်ယူဖို့ရာမှာ အတော်လေး ဥာဏ်ထိုင်းတယ်
စကားတတ်စ ကလေးတစ်ယောက်လိုပါပဲ..
ချစ်တယ်ကွယ် လို့ပဲ ခဏခဏ ရွတ်ဆိုချင်နေတော့တာ

လွမ်းလို့ပါကွယ်
ဘာဘာညာညာ မသေချာ မရေရာခြင်းတွေနဲ့
ဘဝကို ရှည်ကြာဆွေးမြေ့အောင် ဖြုန်းတီးနေမယ့်အစား
လာသာလာခဲ့ပါကွယ်
ချစ်ခြင်းမှာ ပြဿနာများစွာရှိတယ် ဆိုရင်လည်း သူတို့ပါခေါ်လာခဲ့
(လူသာလာပါ ပြဿနာ ခေါ်မလာပါနဲ့ ဆိုပြီး ချစ်ခြင်းပေါ် ဆက်ဆံရေး မကျဲပါရစေနဲ့)

အလွမ်းဆိုတာ
ကြာရှည် စွဲသောက်လို့မကောင်းတဲ့ဆေးခါး
လူကို ဖြေးဖြေးချင်း ချည့်နဲ့သွားစေတဲ့ အတွင်းဒဏ်
ဆေးသောက်လို့လည်း မရ..ပစ်ထားရင်လည်း မဖြစ်ပြန်…

ဆိုတော့လေ
ရင်ထဲက စိတ်သွားတိုင်း ရှည်လျားဖားဝေနေတတ်တဲ့အလွမ်းတွေကို
အချိန်မီ ရိတ်သိမ်းပါတော့ချစ်သူရယ်..
လင်းဒီပ
၂၃.၁၁.၀၈
(သုံးထားတဲ့ပုံလေး သူငယ်ချင်းတစ်ယောက်ရဲ့ လက်ရာပါ)

Sunday, November 16, 2008

စက္ကူပေါ်က လမင်းငယ်


စက္ကူလှေလေးတွေမျှောတဲ့ စမ်းချောင်းလေးကို လွမ်းသလို
စက္ကူလေယာဉ်ပျံလေးတွေလွှတ်ခဲ့တဲ့ ကွင်းပြင်လေးကိုလွမ်းခဲ့
စက္ကူစွန်လေးတွေ ဖြတ်ခဲ့တဲ့ အပြာရောင်ကောင်းကင်နုနုကို လွမ်းခဲ့
စက္ကူမြားလေးတွေ နင့်ဆံကြားလှမ်းပစ်ရင်း..
နားထောင်ဖူးတဲ့ ဆည်းလည်းသံ လွင်လွင်လေး လွမ်းခဲ့

ငယ်ငယ်က စာရွက်ပေါ်ချရေးတဲ့ဇာတ်ညွှန်း နဲ့
ရှေ့ကလမ်းက တသွေးစီ တရောင်စီ
နင်ဆွဲပြတဲ့ စာရွက်ပေါ်က အိမ်ပုံလေး
လောက တနံတလျား ငါ အခုထိရှာမတွေ့သေးတာ

အိပ်မပျော်တဲ့ ညတွေဆို စက္ကူလေယာဉ်ပျံလေးတွေ လုပ်ပြီး
နင်ရှိမယ့် အရပ်ဆီ ငါလှမ်းလှမ်းပစ်လွှတ်မိခဲ့
ခုတော့
နင်က ငါ့အတွက်
ဝါကျင့်ကျင့် စက္ကူတစ်ရွက်ပေါ် ကျကျန်ရစ်ခဲ့ရတဲ့
ဂန္တဝင်လမင်းငယ်။
လင်းဒီပ
၁၆.၁၁.၀၈
Photo Source: picture by mytche
photobucket.com

Wednesday, November 12, 2008

ချစ်သူရှိတဲ့မြို့


ကြိုဆိုပါ၏ဆိုတဲ့ မြို့အဝင်လေးက
သူကိုယ်တိုင် ထွက်ကြိုသလို ရင်ကိုနွေးအောင် လင်းတယ်။

ဟောဒီကားကြီးက
ကားဆရာကြီး မောင်းလာတာမဟုတ်ဘူး
ငါ့အလွမ်းနဲ့ငါ
တစ်ညလုံး ဇွတ်ကြမ်း ကဆုန်ဆိုင်းလာခဲ့တာ..
တခြားခရီးသည်တွေတောင်မသိလိုက်ဘူး။
သူတို့တွေက အိပ်ငိုက်ရင်း လိုက်လာကြ..
ငါက အလွမ်းလောင်စာတွေနဲ့မောင်း
မြို့တွေ တစ်မြို့ပြီး တစ်မြို့ ကျော်ခဲ့
လမ်းပေါ်ချခင်းထားတဲ့လရောင်နဲ့ ကြယ်လေးတွေကိုနှုတ်ဆက်ခဲ့

ဘဝမှာ ဘယ်ခရီးမှ ဒီလောက် ရင်မခုန်ဖူးဘူး
စိတ်ထဲမှာ မြို့တစ်မြို့ကို သွားနေတာနဲ့မတူ
ပန်းတိုင်ဆီ ပြေးနေတဲ့ အပြေးသမားတစ်ယောက်လိုပေါ့
မိုင်တိုင်လေးတွေကို တစ်ခုချင်း တစ်ခုချင်း ရေတွက်သွားရတာ
ပန်းကြိုက်တဲ့လူတစ်ယောက်
ပန်းတွေ တစ်ပွင့်ချင်း တစ်ပွင့်ချင်း ကောက်ရေနေရတဲ့ ကြည်နူးမှုမျိုး

အလွမ်းတွေကလည်းလူကိုယုံအောင် သိပ်ပြောတတ်တာလေ
ရှေ့တပြဆို ရောက်ပါပြီတဲ့
ဒါပေမယ့် ငါတော့ယုံတယ်
အရင်ထက်စာရင် အများကြီးနီးလာခဲ့ပြီလို့

ညီမလေးရေ..
ငါ့ကိုကြိုပါ
တခြား ဘာမှမလို..
မင်း အမှန်တကယ်ပေးကမ်းဖို့ အဆင်သင့်ဖြစ်နေတဲ့
ချစ်ခြင်းတွေကို ပန်းလိုပန်လာခဲ့ပါကွယ်..
ငါ့အောင်စာရင်းလေး ငါ
နားနဲ့ဆတ်ဆတ် ဖတ်ပါရစေတော့ကွယ်..

လင်းဒီပ
၁၂.၁၁.၀၈
(ဓာတ်ပုံလေးက သူငယ်ချင်းနန်း ရိုက်ထားတာလေး ယူသုံးတာပါ။)

Sunday, November 9, 2008

ချစ်သူ့ဖတ်စာ(၂)


နံရိုးအကျိုးကြီးနဲ့ ဖန်ဆင်းမှတော့
မင်းမိန်းမ ရုပ်ဆိုးဆိုးကြီးပဲရမှာပေါ့တဲ့
အာဒံက ငါ့ကိုနောက်တယ်..
အလကားပါ ချစ်သူရယ်
သူ့ဧ၀ ကမှ မသေးမျှင် ပုံမျိုး

တကယ်တော့ ဘဝမှာ ဘာမှမလို
ချစ်သူလေးက နှင်းဆီဖူးလေးလို နုပြီးလှနေဖို့မလို
ပညာတွေအများကြီးတတ်ပြီး စာကြည့်တိုက်ကြီးဖြစ်နေဖို့မလို
ရွှေရောင် အဆောင်သဉ္ဇာထဲက ဆင်းလာသူလေးဖြစ်နေဖို့လည်းမလို

အချစ်ကို ရေးတတ် ဖတ်တတ်ရင်
အမုန်းကို ငြိမ်းတတ် သတ်တတ်ရင်
အလွမ်းကို ချော့မော့ကိုင်တွယ်တတ်ရင်
နောက်
စင်စင်ကြယ်ကြယ်လေး ရယ်မောပျော်ရွှင်တတ်ရင်
တစ်ယောက်ထိရှသွားတဲ့ ဓားဒဏ်ရာကို တစ်ယောက်က ကုသပေးတတ်ရင်
တစ်ယောက်ရဲ့မိုးဥတုအတွက် တစ်ယောက်က မိုးစဲနေလေးဖြစ်ရင်
တော်ပြီ..

ကျောက်ခင်းလမ်းလေးဆိုရင်တောင် နားလည်ခြင်းတွေချခင်းပြီး
အတူတူလျှောက်တဲ့အခါ ထူးခြားစွာ ပန်းတွေပွင့်နေတတ်ကြောင်း
ကျွန်တော်မမောတမ်း ပြောပြနေမိပေါ့။
လင်းဒီပ
၉.၁၁.၀၈
Photo Source: picture by piggy4288
Photobucket.com

Thursday, November 6, 2008

ချစ်သူ့ဖတ်စာ


မီးနီ ခဏခဏဖြတ်မောင်းလို့ဆိုပြီး
ချစ်သူလိုင်စင်လေးတော့ မရုတ်သိမ်းလိုက်ပါနဲ့
ငါ့ရဲမေလေးရယ်
ငါ့က ကားတစ်စီးဆိုပေမယ့် ဟိုဟိုဒီဒီတော့ လျှောက်မမောင်းတတ်ဘူး
မင်းခင်းထားတဲ့ လမ်းလေးပေါ်မောင်းရင်း
တခါတလေလည်း မီးနီဖြတ်မိတာပေါ့ကွယ်။

ကြမ်းကြမ်းတမ်းတမ်း ကစားသမားတစ်ယောက်ဆိုပြီး
အနီကတ်ကလေးပြ မျက်နှာထားတင်းတင်းလေးနဲ့ ကွင်းပြင်မထုတ်ပါနဲ့
ငါ့ဒိုင်လူကြီးမလေးရယ်
ငါက ကွင်းတကာလှည့်ကစားနေတဲ့ ကြေးစားကစားသမားတော့ မဟုတ်ပါဘူး
မင်းသတ်မှတ်ထားတဲ့ကွင်းလေးထဲမှာ
နှစ်ပွဲရှုံး တစ်ပွဲသရေနဲ့ အမှတ်ရဖို့ ပြေးလွှားနေရတာပါ။

ဘာတွေရေးထားမှန်းမသိဘူး ဆိုပြီး
ငါ့အဖြေလွှာကို မင်နီတွေ ဝိုင်းပြီး ကြက်ခြေတွေ ခတ်မပစ်လိုက်ပါနဲ့
ငါ့ဆရာမလေးရယ်
ငါက တွေ့သမျှစာမေးပွဲ လိုက်ဖြေနေတဲ့ စာကြမ်းပိုးတစ်ယောက်လည်းမဟုတ်ဘူး
ဒီစာမေးပွဲလေးမှမအောင်ရင် လူမွှေးလူတောင်ပြောင်မှာ မဟုတ်လို့
ကြိုးကြိုးစားစားနဲ့ တွေးတတ်သလောက် ချရေးထားမိတာပါ။
လင်းဒီပ
၆.၁၁.၀၈
Photo Source: picture by ngocvn123
media.photobucket.com

Wednesday, November 5, 2008

ဆိုင်ကယ်ရယ် မခိုင်ရယ်..


ကျွန်တော် ဒီမြို့လေးကို ရောက်ခါစက ဆိုင်ကယ်လုံးဝမစီးတတ်။site ထဲနေရတော့ ဆိုင်ကယ် မစီးတတ်ရင် ခြေထောက် ကျိုးနေသလို။နောက်ပြီးတော့ အားလုံးက ဆိုင်ကယ်တွေစီးနေ..နေကလည်းပူ..ကုန်းတက် ကုန်းဆင်းတွေ လည်းများတော့ စက်ဘီးနဲ့ကဘယ်လိုမှ အဆင်မပြေဘူး။ ရန်ကုန်မှာစက်ဘီးစီးတာ ဘာမှမဖြစ်ပေမယ့် site ထဲမှာဆိုင်ကယ်တွေ ရှိရက်နဲ့ စက်ဘီးပေါ် တက်ခွဖို့ကလည်း အလှောင်ခံရတယ်။ နောက်တော့ ကျွန်တော်လည်း ဆိုင်ကယ်စီးတတ်အောင် လုပ်ရပါတော့တယ်။ သင်ပေးတဲ့ ညီလေးတွေ ကလည်း အစ်ကိုဘာမှမကြောက်နဲ့ စက်ဘီးစီးတတ်ရင် ဆိုင်ကယ်စီးတတ်တယ် ။ အတူတူပဲ ရဲရဲသာစီးတဲ့။
စ စီးစီးချင်းမှာ speed က ဘယ်လိုမှမမှန် ရှည်ပြီး တစ်ယောက်တည်း residence site ဘက် စီးချသွားတာ..အို လေလေးက တဝှီးဝှီး ဟုတ်နေတာ။ ခဏလည်းနေရော..angle ကျဉ်းကျဉ်းကို အရှိန်မလျော့ဘဲ ကွေ့ချလိုက်တာ..ဘိုင်းကနဲကို ပစ်လဲ…ဆိုင်ကယ်တခြား လူတခြား ..ဘယ်သူမှ ထူမယ့်လူမရှိ။ တစ်ယောက်တည်း ထော့နဲ့ထော့နဲ့လေး လျှောက်လာ..ဆိုင်ကယ်ကို ဖြည်းဖြည်း ပြန်ထူပြီး ပြန်စီး လာရတယ်။ အဲလိုလေးနဲ့ဟိုနားဒီနား တောင်စီးမြောက်စီးပေါ့။

ကိုယ်ကသာမဟုတ်သေးတာ လူတော့ တင်စီးချင်တယ်။တစ်ညပေါ့ ..ကျွန်တော်တို့ Main Building Site ကနေ ဟိုဘက် Residence Site ကိုလိုက်ခဲ့ဆိုပြီး ကျွန်တော့်အထက်အင်ဂျင်နီယာက ကျွန်တော်နှင့် မခိုင်ကို လှမ်းခေါ်တယ်။ မခိုင်က ပျဉ်းမနားသူ..အင်ဂျင်နီယာ..ဆိုင်ကယ်ကို မွတ်နေအောင် စီးတတ်တာ။ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော်ကလည်း သူများကို အလွန်တင်ချင်တယ်။ မခိုင် နင်နောက်က စီးဆိုတော့ သူက မယုံသလို..ဒီပ နင်ဖြစ်လို့လားတဲ့။ သူ မယုံလည်း မယုံချင်စရာ…သူက မဘုတ်ဆုံလေး(ကြားရင် ကျွန်တော့်ကိုသတ်မှာ..:P)..ကျွန်တော်က ပိန်ပိန်ရှည်ရှည်..သူ့ weight ကို ကျွန်တော် နိုင်မယ်လို့ သူလုံးဝမယုံကြည်။ လာပါဟာ နင်ကလည်း…ကျွန်တော် အတင်းခေါ်တော့ သူ့ကိုယ်သူ ဖြစ်ချင်ရာဖြစ်လို့ ပိုင်းဖြတ် လိုက်ပုံရတယ်..အေးအေး..သေချာတော့စီးနော်.တဲ့..သူ့ကိုယ့်ကြီး တက်လိုက်တော့ ဆိုင်ကယ်က အိကနဲပဲ..ကျွန်တော်ကလည်း ဂီယာထိုး..ထွက်ချလာ..ဆိုင်ကယ်ကတောင်ယိမ်းလိုက်..မြောက်ယိမ်းလိုက်နဲ့ ..ကျွန်တော့်ဆိုင်ကယ်ကြည့်ပြီး နှုတ်ဆက်မယ် လုပ်နေတဲ့ လုံခြုံရေးအဖိုးကြီးက နှုတ်မဆက်ရဲဘဲ လမ်းဘေးပြေးကပ်တယ်။ ဟုတ်တယ်လေ အသက်နဲ့ရင်းပြီးတော့ ဘယ်သူက နှုတ်ဆက်ရဲမှာလည်း..နောက်ကနေ မခိုင်ကလည်း အသံပေါင်းစုံနဲ့အားပေးလာတာ..ဟဲ့ဟဲ့ ရပ်လိုက် အို လဲတော့မှာပဲ.. အမလေး.. အဲလိုနဲ့ယိုင်ထိုးယိုင်ထိုးနဲ့ Residence တော့ရောက်သွားတယ်။ အပြန်ကျတော့ မခိုင်က အမိန့်ထုတ်တယ်။တော်ပြီ နင်နောက်ကပဲ လိုက်တော့တဲ့။ဒါနဲ့ကျွန်တော်လည်း ငြိမ်ငြိမ်လေးပဲ အေးဆိုပြီး နောက်က ထိုင်မယ်လုပ်တော့ သူကမိန်းကလေးလေ။ ခွထိုင်ဖို့က လည်းမသင့်တော်။ ကျွန်တော်မှာ နောက်က မိန်းမထိုင်လေးထိုင်ပြီး ပြန်လိုက်လာရတယ်။ ဒါကို ခုနက နှုတ်ဆက်ခွင့်မရလိုက်တဲ့ လုံခြုံရေး အဖိုးကြီးကထွက်လာပြီး ဘာမှမပြောပဲ ပြုံးပြုံးကြီးလုပ်လို့။
လင်းဒီပ
၅.၁၁.၀၈
Photo Source: picture by koji1270

Monday, November 3, 2008

ပြီးခဲ့တဲ့ တနင်္ဂနွေ


တိုက်အမြင့်ကြီးတွေပေါ်တက်ကြည့်တယ်
တစ်ယောက်မှ မရှိဘူး
ပြန်ဆင်းလာခဲ့တယ်
မောလိုက်တာ။

လမ်းတွေဆုံးအောင် လျှောက်ကြည့်တယ်
တစ်ယောက်မှ မတွေ့ဘူး။
တယ်လီဖုန်းနံပါတ်တွေ နှိပ်ကြည့်တယ်
တစ်ယောက်မှ မကိုင်ဘူး။

ပင်လယ်ဘက်မှာလား မြစ်ချောင်းတွေဆီမှာလား
အရိပ်ကောင်းတဲ့သစ်ပင်တွေ နားမှာလား
လိုက်ရှာတယ် မတွေ့ဘူး။

တိမ်တွေကိုတော့ ငေးကြည့်ရုံပဲ တတ်နိုင်တယ်
ကိုယ်က ငှက်တစ်ကောင်မှ မဟုတ်တာ။

လက်လျှော့ပြီး ပြန်လာလိုက်တယ်
မီးတွေမှိတ်ပြီး တိတ်ဆိတ်နေတဲ့ ကိုယ့် အခန်းကျဉ်းကျဉ်းလေးဆီ
နောက် အေးစက်စက် ထမင်းလေးကို ညနေစာလို့ အမည်တတ်ပြီး
စားပွဲပေါ်က ပန်းခြောက်လေးတွေထိုးထားတဲ့ ပန်းအိုးလေးကို သူငယ်ချင်းလို့ခေါ်လိုက်တယ်။
မေမေရယ်
သားပျင်းလိုက်တာ..
လင်းဒီပ
၃.၁၁.၀၈
Photo Source: picture by angelikastngl
Photobucket.com

Thursday, October 30, 2008

ငါ့ပန်းအိုးမှာ ထိုးခွင့်မရတဲ့နှင်းဆီ


ငါးတစ်ကောင်က
ရှင်သန်မှုအတွက် ရေကိုရှောင်လွှဲလို့မရသလိုပါပဲ
လွတ်လမ်းတွေ့ရင်တောင် ထွက်မပြေးဖြစ်ခဲ့ဘူး။

လရောင်ကို အမြတ်တနိုးရင်ခုန်တတ်တဲ့ ဒီရေလိုပါပဲ
တသသနဲ့လေ..
ငါကိုယ်ငါ့ ပြန်လည်ချည်နှောင်ရင်း ကာလ အလျားရှည် ။

ထားခဲ့မှာလည်းသိတယ်
ဒီဆောင်းလွန်ရင် အားလုံးပြီးပြီတဲ့ ။

အတိုင်းအတာတစ်ခုထိပဲ နင်မှန်လိမ့်မယ်
ငါ့ရင်ထဲဝှက်ပြီးဆွဲထားတဲ့ ပန်းချီကားတွေတော့
ဘယ်လိုနည်းနဲ့မှ နင်ပြန်ယူလို့ရမှာမဟုတ်ဘူး ။
လင်းဒီပ
၃၀.၁၀.၀၈
Picture Source:media.photobucket.com

Tuesday, October 28, 2008

မျောက်တစ်ကောင်ရဲ့ခြေကျင်း


ကျောပေါ် မီးပွားလွင့်ကျတဲ့
မျောက်တစ်ကောင်လိုပဲ
ငါ့ အဖြစ်က အိနြေ္ဒကိုမရဘူး ။

နှုတ်ခမ်းလေးကိုက်ပြီး ခေါင်းတစ်ချက် အဆတ်က
သေမိန့် ဆိုလည်းနာခံပြီးသားလေ…
ဆိုတော့

တယ်လီဖုန်းခေါ်သံလေးကြားရုံနဲ့တင်
Answering Machine တစ်ခုလို နှုတ်ကဖြေပြီးသား
အခုထွက်လာခဲ့မယ် ဆိုတာမျိုး ။

ရှက်လည်းရှက်ပါရဲ့
ရှက်လည်းမရှက်နိုင်
Remote သေးသေးလေးက
စက်အကြီးကြီးကိုထိန်းချုပ်နေသလို

ချစ်ရင်လည်းချစ်လိုက်
သတ်ရင်လည်းသတ်လိုက်
ခုတော့ ငါ့အဖြစ်က…
မျောက်တစ်ကောင်ရင်ဘတ်ထဲမှာ
ဆင်တစ်ကောင်ဝင်ပြီး မုန်ယိုနေသလိုမျိုး

ကဲထားလိုက်
ဖြစ်ပြီးသမျှ သံဃောဇဉ်ပုံတိုပတ်စတွေ
ကြုံသလိုသာ ပစ်ချထားခဲ့
ဖြစ်သလိုသာ စွန့်ပစ်ခဲ့
တိတ်တိတ်လေး အိပ်နေပါရစေတော့…
ငါ့နှလုံးသားကို ဗုံလိုလုပ် တီးချင်နေတဲ့မိန်းမရေ
၂၈.၁၀.၀၈
လင်းဒီပ
ဝန်ခံချက်။ ။ (ဆရာ)နီကိုရဲ၏ နှလုံးသားထဲကြွက်ဝင်နေသည် ဆိုတဲ့ ဝတ္တုခေါင်းစဉ်လေး ကို ဆက်တွေးဖြစ်သွားတာပါ..
Photo Source: picture by mo1_018
Photobucket.com

Sunday, October 26, 2008

ကျွန်တော်နှင့်ယိုးဒယား(၅)


တနလာင်္နေ့ဆိုရင် မြင်သမျှ တွေ့သမျှက ဝါထိန်နေတာပဲ ။သူတို့ဘုရင်မွေးနေ့မို့ ဘုရင်က တနင်္လာသား ဆိုတော့ အဝါရောင် ဝတ်ရတယ် ။ နောက် ပန်းရောင်လည်း ဝတ်လေ့ရှိတယ် ။ပန်းရောင်ကတော့ သူတို့ဘုရင်ကြီး နေကောင်းအောင်လို့ ဝတ်ကြတယ်..ဘုရင်ကို အတော်ချစ်ကြတဲ့လူမျိုးပါ။ ဘုရင့်မွေးနေ့ ဒီဇင်ဘာ (၅)ကျတော့ holiday ပါ။ မှတ်မှတ်ရရ ကျွန်တော်က အဲဒီနေ့မှာ စမူစပ်ခွန်း(Samut Sakhon)က အစ်ကိုကြီးတစ်ယောက် နဲ့တွေ့ဖို့ ချိန်းထားတယ်။ ပထမ မြဘုရား(Wat Phra Kaeo) မှာ ဆုံဖို့ပါ။ဒါပေမယ့် သူက မသွားစေချင်ဘူး။ဘုရင်မွေးနေ့ ဆိုတော့ လူတွေရှုပ်မယ် ဆိုပြီး ကျွန်တော်နေတဲ့ ပါကဲထိ သူလာဖို့ လုပ်ပါတယ်။ ကျွန်တော်ကိုလည်း အဝါရောင်ဝတ်ပြီး ထွက်လာဖို့ မှာတယ်။ ကျွန်တော့်မှာက မရှိ။ ဒီတော့ ရှိတဲ့အင်္ကျီလေးတစ်ထည် ဝတ် ထွက်လာလိုက်တာ လမ်းပေါ်ရောက်တော့ တစ်လမ်းလုံးကို ဝါထိန်နေတာ။ တစ်လမ်းလုံးလည်း Long Life the King ဆိုတဲ့ ပိုစတာတွေက အပြည့် ။ အဝါရောင်မဝတ်မိလို့ ကျွန်တော်လှည့်ပြန်မယ်လို့တော့မထင်ပါနဲ့ ။အဲဒီအစ်ကိုကြီး နဲ့ ဘူတာကြီးထိ ခြေရှည်ပြီး လိုက်သွားပါသေးတယ်။

ကျွန်တော် စက်ရုံထဲမှာ နေတာကြာတော့ ကျွန်တော်တွေ့လာတာက ယိုးဒယားလူမျိုးတွေက ဘုရားရုပ်တွေ ဘုန်းကြီးရုပ်တွေ လည်းပင်းမှာ အတော် ဆွဲကြတာပဲ။အဆောင်သဘောတဲ့ဗျာ ။ဓားပြီးသတဲ့ သေနတ်ပြီးသတဲ့။ အန္တရာယ် ကင်းတယ် အကြံအစည် အောင်တယ် ဆိုလားဘဲ..တချို့ဆိုရင် လည်ပင်း တစ်ခုတည်းမှာ လေးငါးရုပ် အမျိုးသမီးတွေ ဆွဲတဲ့ ဘယက်လို ဆွဲထားသေး ။ ဘုရားရုပ်တွေ ဘုန်းကြီးရုပ်တွေ ကို ရောင်းတာလည်း ဈေးကွက်တစ်ခု သပ်သပ်ကို ဖြစ်နေတာလေ။ အဲဒီ ရုပ်ထုလေးတွေက ဘတ်(၂၀၀)လောက်ကစပြီး ဘတ်သိန်းဂဏန်းထိရှိပါတယ်။ ရှေးဟောင်း နှစ်ရှည်ကြာနေတဲ့ ရုပ်ထုလေးတွေက ပိုဈေးများတယ်လို့ ပြောပြတယ်။ အောက်ခြေ လူတန်းစား တင်မကပါဘူး။ ပညာတတ်အလွှာက ပါ အဆောင် အနေနဲ့ ဆွဲထားကြတယ်လို့ သိရတယ်ဗျ ။ကျွန်တော့် စိတ်ထဲမှာ တစ်ခုခု လွဲနေသလို ခံစားရတယ်။ ဘုရားရုပ်ထုလေးတွေ ဘုန်းကြီးရုပ်ထုလေးတွေဆွဲ..နောက်သွားချင်တာသွား လုပ်ချင်တာလုပ် ဆိုရင်တော့ သိပ် အဓိပ္ပာယ်မရှိဘူးလို့ ခံစားမိတယ်..ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေမှာ တစ်ချို့နေရာလေးတွေမှာ..လွဲနေတာလေးတွေ တွေ့ရတယ်ဗျ။ အတွေးလွဲ အယူတိမ်းရင်တော့ မကောင်းဘူး ထင်ပါရဲ့ဗျာ။

ကျွန်တော်ရောက်နေတဲ့ ၂၀၀၇ နှောင်းပိုင်း အချိန်မှာပဲ သူတို့ ရွေးကောက်ပွဲအတွက် မဲတွေ အပြိုင်အဆိုင် ဆွယ်နေကြတဲ့ အချိန် ။သူတို့မဲဆွယ်တာက လမ်းဘေးတစ်လျှောက်မှာ ဝင် အရွေးခံမယ့် အမတ်လောင်းတွေပုံ ပိုစတာကြီးတွေနဲ့ ကပ်ထားတယ်။ နံပါတ်တွေ လည်းပါတယ်ဗျ ။နောက်လမ်းတွေထဲကို pick-up ကားတွေမှာ ပိုစတာကြီးတွေကပ် သီချင်းတွေ ဖွင့်ပြီးလည်း လျှောက်မောင်းနေတာ ။ ရန်ကုန်က ထီကားတွေကို နည်းနည်း ကြီး ပေးထားသလိုပဲ။ သူတို့နယ်ခံတွေ ပြောတာကတော့ ရွေးကောက်ပွဲ နီးရင် သတ်တာ ဖြတ်တာတွေ လည်းရှိတယ်လို့ ကြားရတာပဲ။ မဲဝယ်တာတွေ ဘာတွေလည်း ရှိ ဆိုပဲ..အော် အာဏာ..အာဏာ..

ဖေဖော်ဝါရီလ(၁၄)ရက် ရောက်တော့ ထူးခြားတာ ဘာတွေ့ရလဲဆိုတော့ စက်ရုံထဲက မိန်းကလေးတွေက ပလတ်စတစ် နှင်းဆီပွင့် သေးသေးလေးတွေရယ် .ချောကလက်လေးတွေ သကြားလုံးလေးတွေ ယူလာကြ တယ်။ ကောင်မလေး တစ်ယောက်က ကျွန်တော့်ဆီလာပြီး Happy Valentine’s Day လို့ပြောပြီးတော့ နှင်းဆီပွင့်လေးကို အင်္ကျီအိပ်ကပ်မှာ လာထိုးတယ်။ ပြီးတော့ ချောကလက်လေးတွေ ပေးသွားတယ်ဗျ။ သူတို့အချင်းချင်းလည်း နှင်းဆီပန်းလေး တစ်ပွင့်စီနဲ့ ချောကလက် ဒါမှမဟုတ် သကြားလုံးလေးတွေ ပေးကြတယ် ။ ကိုဗင်းဆင့်ကြီးကို ပေးလိုက်တဲ့ နှင်းဆီပွင့်ကြီးဆို အတော်ကြီးတယ်။ ကျွန်တော်က လျှောက်နောက်နေတော့ ကိုဗင်းဆင့်ကြီး ရှက်နေလေရဲ့။

တဖြည်းဖြည်းနဲ့တော့ ကျွန်တော် နဲ့ယိုးဒယားက အဆင်ပြေ လာပါတယ် ။ ဒါပေမယ့် ကျွန်တော် လုပ်နေရတဲ့ အလုပ်နဲ့ သင်ထားတာတွေနဲ့ က လွဲသလို ခံစားမိတယ်။ လုပ်နေရတာတွေက Chemical အလုပ်တွေ ။ လေ့လာခဲ့တာတွေက Electrical/Electronics ..ကိုဂျိမ်းကတော့ ဒီစက်ရုံမှာ အနှစ်နှစ်ဆယ်လောက် လုပ်ထားတဲ့သူ ဆိုတော့ အားလုံးကို သဘောပေါက်ပြီးသား ။ ကျွန်တော့်ကိုလည်း ဒီစက်ရုံမှာ ဘဝကြီးကို မနစ်ဖို့ အမြဲ သတိပေးတယ် ။ စလုံးဘက်က သူငယ်ချင်းတွေကလည်း မဟန်ရင် ကူးလာဖို့ လှမ်းလှမ်း ခေါ်တတ်တယ်။ နောက် ဝင်ငွေချင်း ကလည်း ကွာတယ် ဆိုတော့ ကျွန်တော့် စ စဉ်းစားနေရပြီ..ဖေဖော်ဝါရီ ရက်တွေမှာပေါ့ ။ ငှက်တွေက ပျံရင်းသေ လူတွေကတော့ ကြံရင်းသေ တဲ့လေ။
လင်းဒီပ
၂၆.၁၀.၀၈
Photo Source:Siamsecenery.com

Saturday, October 25, 2008

ကျွန်တော်နှင့်ယိုးဒယား(၄)


ကျွန်တော်လည်း စက်ရုံထဲမှာ…မော်တာပတ်ရင် ဝင်ပတ်လိုက် .အဲကွန်းမကောင်းရင် ပြင်ပေးလိုက်…Dye Machine တွေ မကောင်းရင် သွားပြင်ပေးလိုက်နဲ့…အမြဲတမ်း စက်ဆီတွေနဲ့ မဲမဲသဲသဲ…။ စက်ရုံထဲမှာ လည်း ကိုဗင်းဆင့်က တဖက် .ကိုဂျိမ်းကတဖက်…ကျွန်တော်ကတော့ နှစ်ဘက်လုံးကို အဆင်ပြေအောင်ပေါင်း ။ ဘောစ့်ကလည်း ကျွန်တော့်ကို ကိုဂျိမ်းနဲ့စကားပြောတာတောင် မကြိုက်ဘူး ။ဘောစ့် က ကိုဂျိမ်းကိုလက်လည်း မလွှတ်နိုင်ဘူး ။ကြည့်လို့လည်း မရဘူး ။အကြောမာလို့။ သူ့အကြံကတော့ ကျွန်တော်နှင့် ကိုဗင်းဆင့်ကို ကိုဂျိမ်း တစ်ယောက်တည်း နေရာမှာ အစားထိုးဖို့လေ။ ကျွန်တော်နဲ့က အခုမှတွေ့ဖူးတာ ဆိုပေမယ့် ကိုဗင်းဆင်နဲ့က ရန်ကုန်မှာတည်းက တွဲဖူးတော့ သူက ဖြစ်မယ် ထင်ထားတာ။ကိုဗင်းဆင့်က ထင်သလောက် ဖြစ်မလာဘူး ။ကျွန်တော်ကတော့ စက်ရုံဆိုတာ ဘာမှန်း အခုမှ သိတာ..လာခဲ့တာက Construction Field က။ အဲသလို ကိုဂျိမ်းနဲ့ပေါင်းတာ မကြိုက်ပါဘူး ဆိုတဲ့ကြားထဲက ကျွန်တော်က ဂျိမ်းတို့မိသားစုနဲ့ ကားပြပွဲသွားတာတို့ ထမင်းသွားစားတာတို့ကြားတော့ သူက ပိုတင်းရော..ကျွန်တော်က လည်းမပေါင်းနဲ့ဆိုလေ ပိုပေါင်းချင်လေ။ ကိုဂျိမ်းကလည်း ခင်ဖို့ ကောင်းပါတယ် ။နောက်ပိုင်း တစ်ယောက်အကြောင်း တစ်ယောက် သိသွားတော့ အတော် ခင်သွားကြတယ်။ ကျွန်တော်မသိတဲ့ Technical ပိုင်းတွေလည်း ကြုံရင်ကြုံသလို ရှင်းပြသွားတယ် ။ကျွန်တော် ပျော်သွားတယ်။ဘောစ့်ကတော့ ကျွန်တော့်ကို ကိုဂျိမ်းနဲ့ တတွဲတွဲနေတာ ကြည့်မရဘူး ။ကိုဗင်းဆင့်က တဆင့် ထိန်းခိုင်းတယ်။သူကိုတိုင် ခေါ်ပြောတယ် စိတ်ထား မကောင်းတဲ့ လူတွေနဲ့မပေါင်းဖို့ ဆိုတာမျိုးတွေ ။ ကျွန်တော် အတော် ရယ်ချင်သွားတယ်။ စိတ်ထား ကောင်းတယ် မကောင်းဘူး သူဘယ်လို တိုင်းတာတယ် မသိ။သူကိုယ်တိုင်ကတော့ စိတ်ရင်း ကောင်းသူလို့ သူ့ကိုယ်သူ ပြောတယ်။ ကိုယ့်ဂုဏ် ကိုယ်ဖော်ပေါ့ဗျာ။

နောက်ပိုင်း ကျွန်တော့်ကို Maintaince ကနေ Laboratory ထဲပြောင်းလိုက်တယ်။ အရင်လို ဆီဂျေး(ဂျီး)တွေနဲ့ ညစ်ပတ်နေဖို့ မလိုတော့ဘူး ။ အထည်တွေကို ဆိုးမယ့် ဆေးကာလာတွေကို စထုတ်ပေးတဲ့ Section ပေါ့ ။ ကျွန်တော့်ကိုလည်း အရောင်တွေ စလေ့လာခိုင်းတယ်။ ဘာဆေးမှ မဆိုးရသေးတဲ့ ပိတ်စ သေးသေးလေးတွေကို ကျွန်တော်ကိုတိုင် စပ်ထားတဲ့ဆေးနဲ့ Dye Machine ထဲထည့်ပြီး ဆိုးခိုင်းတယ်။ ဆိုးဆေး(Dyestuff)ရယ် Acid ရယ်..နောက်ရေရဲ့ pH ကို လိုချင်တဲ့ point မှာထိန်းထားဖို့ ထည့်ရတဲ့ Buffer တစ်ခုခု ။နောက် ကိုယ်ဆိုးတဲ့ အစပေါ်မှာ အရောင်ပျံ့နှံ့တာ မှန်အောင်ထည့်ရတဲ့ Leveling Agent ကိုအချိုးအစား မှန်အောင်စပ်ရတယ်။

အဲဒီ Section ရောက်တော့ ကျွန်တော့်ကိုသင်ပေးဖို့ ကျု့(Ju) ဆိုတဲ့ ရွယ်တူလောက်ရှိတဲ့ ယိုးဒယားမလေးနှင့် တွဲပေးထားတယ်။ ဘိုလိုကလည်း သူပဲပြောတတ်တာ။ Lab ဆိုတော့ ထုံးစံအတိုင်း မိန်းမတွေ များတယ်။ ကျွန်တော်က ယိုးဒယားလို မတတ် ။အဲဒီ အမျိုးသမီးတွေ နဲ့ကျွန်တော်နဲ့ လက်ဟန် ခြေဟန်နဲ့ စကားပြော ။ဟုတ်နေတာပဲ။ အားလုံးက ကောင်းကြပါတယ်။ ကျု့ကတော့ တစ်ခုခု ကျွန်တော် ပေါက်ကရ လုပ်ပြီးသွားရင်.. ပါးစပ်အဟောင်းသား မျက်လုံးပြူးလေးနဲ့ စတီဗင်လို့ ထထ အော်ရော ။ သူအော်တာလေးက ချစ်စရာလေးဗျ။ တခါတလေဆို ပျင်းရင် သူအော်တာလေး ကြားချင်လို့ တမင်ကို တလွဲလုပ်လိုက်တယ်။ မှတ်ကရော။ ကျွန်တော့်ကို စိတ်တိုင်းကျ စမ်းလို့ရအောင် ဆိုပြီး Germany Made ဘီကာလေးတွေ ပြွန်လေးတွေ အစုံလိုက် ကျု့က ထုတ်ပေးထားတယ်။ ကိုယ့်ဘာသာ သိမ်းထားပါတဲ့ ။ ကျွန်တော်လည်း ဂရုတစိုက်တော့ သုံးပါတယ်။ဒါပေမယ့် တစ်ပတ်လောက်နေတော့ သူရဲ့ Germany Made ဘီကာလေးတွေထဲက တစ်လုံးကျကွဲရော။ ထုံးစံအတိုင်းမျက်လုံးပြူးလေးနဲ့ လှမ်းအော်တယ် ။ဘယ်တတ်နိုင်မလဲဗျာ ။ကွဲတတ်တဲ့ ပစ္စည်းကတော့ ကွဲတာပေါ့။

အရောင်တွေ စပ်ရတာ စိတ်ဝင်စားဖို့တော့ ကောင်းသား။အခြေခံ အရောင်သုံးရောင်ဖြစ်တဲ့ အနီ အစိမ်း၊ နဲ့အပြာကို ရောစပ်တဲ့ အချိုး ပေါ်တည်ပြီး အရောင်က အမျိုးမျိုး ကွဲသွားတာ။ ကျွန်တော် အတော်ပျော်သွားတယ်။ အရောင်လေးတွေ စပ်လိုက် ၊စက်နဲ့ ဆိုးကြည့်လိုက်… အရောင်လေးတွေ အမျိုးမျိုး ထွက်လာတာကို ကြည့်လိုက်ပေါ့ဗျာ။ ကျွန်တော် အရောင်တွေရဲ့သဘောကို ကျကျနန ခံစားဖြစ်တဲ့ အချိန်လေးတွေပေါ့။ အဲဒီရက်တွေက ဘန်ကောက်မြို့စွန်က Textiles စက်ရုံတစ်ရုံမှာ ကျွန်တော် တစ်ယောက်တည်း အရောင်တွေနဲ့ ညနက်နေတတ်တယ်။
လင်းဒီပ
၂၅.၁၀.၀၈
Photo Source: en.wikipedia.org

Thursday, October 23, 2008

ခရီးသွားဖော်


မိုးတိမ်ကလေးတွေကလည်း
ကိုယ့်ခရီးကိုနှင်…
လေယာဉ်ပျံလေးကလည်း
ကိုယ့်ခရီးကိုနှင်..

မတော်တဆ တွေ့ဖြစ်သွားတဲ့
ခရီးသွားဖော် သက်သက်လေ။

လေယာဉ်လေး
သက်ဆင်းစရာ ကွင်းတွေ့တော့
မိုးတိမ်ကလေးတွေ ကျန်ခဲ့ပေါ့။
လင်းဒီပ
၂၃.၁၀.၀၈
Photo Source: picture by elyt_filler
media.photobucket.com

Tuesday, October 21, 2008

ငှက်ခတ်သမား


အသေအချာ ချိန်ရွယ်ပစ်ခတ်လိုက်တဲ့ ငှက်ဆို
ကိုယ့်လက်က ဘယ်တော့မှမတည့်ဘူး။
အမှတ်တမဲ့ ပစ်လိုက်တဲ့ အခါများဆို
ရုပ်ရှင်ထဲက ဇာတ်လိုက်တွေ လက်လို..

စိတ်မှာ အချိန်အဆ လိုတာလား
လက်မှာ အမှန်းအဆ လိုတာလား
ကိုယ့်မျက်စိ စွေစောင်းနေတာလား
သေနတ်ပြောင်းကပဲ ကောက်နေတာလား
ဒွိဟ အတော်များတယ်။

နောက်ပိုင်းဆို ဘယ်တော့မှ မချိန်ရွယ်တော့ဘူး။

ကြုံတဲ့ငှက်ကို ကြုံသလိုခတ်ခဲ့
ငှက်တွေက ကိုယ့်ကို အားရပါးရ ခတ်ပြီးခဲ့တဲ့ အချိန် ။
လင်းဒီပ
၂၁.၁၀.၀၈
Photo Source: picture by sstanway
www.photobucket.com

Sunday, October 19, 2008

ကျွန်တော်နှင့်ယိုးဒယား(၃)



အစားအသောက်ကတော့ နေ့လည်စာတော့ ကျွေးပါတယ် ။နောက်ကျရင် မကျန်တော့ဘူး ။ရောက်ခါစ သိပ်လည်းမသိသေးတော့ အဲဒီအလွန်စိတ်ပျက်စရာကောင်းတဲ့ ဘာတွေ ချက်ထားမှန်းမသိတဲ့ နေလည်စာတွေဘဲစားဖြစ်တယ်။(မောင်မျိုး လေနဲ့ပြောရရင် ထိုင်း၊မြန်မာ၊ကရင် သုံးမျိုးပေါင်း စပယ်ရှယ်ချက်ထားတော့ ဟင်းက စားလို့ ကိုမရတော့ဘူး) ။ဒီစက်ရုံမှာတော့ ထိုင်းတစ်မျိုးတည်း ချက်တာကို စားမရတာ။ ညစာကတော့ စက်ရုံနားကဆိုင်မှာ ပဲသွားစားလိုက်တယ်။ ဘတ် အစိတ်ဆို ဝပြီလေ။ စားနေကျဆိုတော့ ဆိုင်ရှင်အဖွားကြီးနဲ့လည်းခင်လာတယ်။သူ့ဆိုင်မှာ ရတာကတော့ ထမင်းကြော်ကို ကြက်တစ်လှည့် ဝက်တစ်လှည့် seafood တစ်လှည့်ပေါ့ဗျာ။ခေါက်ဆွဲကြော်တို့ ကြာဇံကြော်တို့လည်းရတာပေါ့ ။ရင်းနှီးလာတော့ အဖွားကြီးကလည်း စကားပြောချင်တယ်။ ကျွန်တော်တို့ကလည်းပြောချင်တယ် ။ အဖွားကြီးကလည်း ဘိုလိုမတတ် ။ကျွန်တော်တို့ကလည်း ယိုးဒယားလိုမတတ် ။လက်ဟန်ခြေဟန် အမျိုးမျိုးနဲ့ ပြောနေကြတာ…ဘာလို့ နောက်ကျတာလဲတို့.နောက်တစ်ယောက် မပါဘူးလားတို့လေ။ ကျွန်တော်ကလည်း အလုပ်မပြီးလို့တို့ဘာတို့ပြန်ပြော…ဟုတ်နေတာပဲ။

နောက်စက်ရုံဘေးမှာဘဲ ကုန်စုံဆိုင်လေးရှိသေးတယ်။ သူတို့ဆိုင်မှာကောင်မလေးက နှစ်ယောက် ရှိတယ်။အဖေ အမေနဲ့ ပေါင်းရင်လေး ယောက်ပေါ့၊သူတို့ဆိုင် ကျွန်တော်တို့လာရင်လည်း သူတို့က သဘောပေါက်တယ်။ကြိုက်တာယူ ပြီးမှCalculator နဲ့ ကျသင့်ငွေကို ပြတယ်။ တခါ ကျွန်တော်က ကြက်ဥလောက်ကြော်စားတာ။ဖြစ်ချင်တော့ ဆားက လိုရော။ ကျွန်တော်တစ်ဆိုင်လုံးပတ်ကြည့်တာ။ ဆားက မတွေ့ဘူး။ဆားက ယိုးဒယားလိုပြောရင် ကလျာနဲ့ ကလွေ ကြားက အသံ ။အခုထိ အသံမထွက်တတ်ဘူး။ အဖွားကြီးကိုကျွန်တော်က ယိုးဒယားလိုပြောတယ်။နားမလည်ဘူး။ဒါနဲ့ကြက်ဥကိုလက်ညှိုးထိုး ဆီပုလင်းကိုလက်ညှိုးထိုးပြီး ကြော်တဲ့ပုံစံလုပ်ပြတယ် ။မရဘူး။ ကံကောင်းတော့ သူ့သမီးထွက်လာမှ…salt salt ဆိုပြီး အဆင်ပြေသွားတယ်။နောက်ပိုင်းဆိုရင်တော့ ကျွန်တော်တို့လာရင် သူ့သမီးတွေနဲ့ပဲလွှတ်ပေးတော့တယ်။( အမေက အဲလို သဘောကောင်းတာလေ..ဟီး)

Sunday လိုပိတ်ရက်ဆိုရင်တော့ ကျွန်တော်နှင့် ကိုဗင်းဆင့် လိုတတို့ Big C တို့သွား ဈေးဝယ်ထွက်နေကျ လေ။ ထိုအခါမျိုးတွင် ကျွန်တော်တို့ဈေးဝယ်လှည်းလေးတွင် ဘာမှ ဟုတ်တိပတ်တိ မပါ။များသောအားဖြင့် အသီးအရွက်တွေ ထည့်ပြီး လျှောက်တွန်းနေကျ။ ပိုက်ဆံကလည်း သိပ်မရှိ ။ရေခဲသေတ္တာလည်းမရှိဆိုတော့ ကျွန်တော်တို့ တစ်ပတ်စာ ဈေးဝယ်ထွက်တာ ဘာရည်ရွယ်ချက်မှန်းကို မသိတော့။ဒါပေမယ့် food court မှာ အေးအေးဆေးဆေးထိုင် နေ့လည်စာစား ဈေးဝယ်ထွက်လာတဲ့ ယိုးဒယားမလေးတွေ ငေးရတာတော့ ပျော်စရာပေါ့ ။

နောက်ပိုင်း Sunday ဆို ကျွန်တော် သွားစရာ နေရာတစ်ခု တွေ့သွားတယ်။ ကျပ်ထူးချပ်(Chatuchak) Sunday Marketလို့ခေါ်တဲ့ Weekend Market နှင့် ကပ်လျှက်ရှိတဲ့..ကျပ်ထူးချပ်ပန်းခြံ..ကျွန်တော်နေတဲ့ ပါကဲကနေ ဘတ်စ်ကား နံပါတ်(၅၁) ဒါမှမဟုတ် (၁၀၄) စီးလျှင် ရောက်တယ်ဗျ။ဆန်းဒေးဆို အရမ်းစည်တဲ့ ဈေးကြီး။နိုင်ငံသားမျိုးးစုံတွေ့ရတတ်တဲ့နေရာ ။လူတွေက ကြိတ်ကြိတ်တိုး…ရောင်းချတဲ့ ပစ္စည်းတွေက အစုံ အိမ်မွေးတိရစ္ဆာန်မျိုးစုံ ၊ အပင်တွေကလည်းအစုံ..အဝတ်အထည်တွေကလည်းစုံပ၊နောက်လက်မှုပစ္စည်းတွေ ..ရှေးဟောင်းပစ္စည်းတွေ.. ယွန်းထည်လေးတွေ တွေ့တော့ ကျွန်တော်တို့ဆီကများ ယူရောင်းတာလားလို့ တွေးလိုက်မိသေးတယ် ။ ဈေးသည်တွေကလည်း ဘိုလိုကို မွတ်နေအောင် တတ်တာဗျ ။ အစားအသောက် ကလည်း အစုံရတယ်။ စားချင်တာစား ဈေးလည်းမကြီး စားလို့လည်းကောင်း ။ကျွန်တော်ဈေးပတ်လို့ ညောင်းပြီဆိုရင် ကပ်ရက်က ကျပ်ထူးချပ် ပန်းခြံထဲ ဝင်နားပေါ့ဗျာ။

နောက်ပိုင်း နည်းနည်းပိုလည်လာတော့ အနုစာဝါရီ(Victory Monument)လောက်သွားတတ်လာတယ်။ အဲဒီက ဆက်သွားရင် မြို့လည်ခေါင်ကို သွားလို့ရပြီလေ။ကျွန်တော့် စီနီယာတွေကလည်း မှာထားတယ် ။လျှောက်သွားလို့ မျက်စိလည်ရင် အနုစာဝါရီ တော့ရောက်အောင် ပြန်လာခဲ့တဲ့ ။ အဆင်ပြေပါတယ် စကားကောင်းကောင်းမတတ်ပဲ တစ်ယောက်တည်းလျှောက်လျှောက်သွားတဲ့ ကျွန်တော့်အတွက်တော့။
လင်းဒီပ
၁၉.၁၀.၀၈

Photo Source: wikipedia.org

Saturday, October 18, 2008

အဖိုးရဲ့ဒေါသ

ကျွန်တော်အဖိုးလုပ်တဲ့သူက အမတန် စည်းကမ်းကြီးပြီးတော့ အတော်လည်း စေ့စပ်သေချာတယ်။ ရပ်ရေးရွာရေး ကိစ္စရှိလို့ စားပွဲ ကုလားထိုင်တွေလာငှားတယ်ဆို ပေးလိုက်တယ်။ဒီတိုင်းတော့ မဟုတ်ဘူး။သူ့သစ်သားချိန်ခွင် အကြီးကြီးနဲ့ ချိန်တယ်။အလေးချိန် မှတ်ထားတယ်။ ပြန်လာအပ်ရင် တစ်ခါ ပြန်ချိန်တယ်။ ငှားသွားတုန်းက အချိန်နဲ့လွဲနေရင်တော့ ဒါသူ့ပစ္စည်း မဟုတ်ဘူးပေါ့ဗျာ။အဲလို လူမျိုး ။

သူ့မိတ်ဆွေတစ်ယောက်က အတော်အငှားအရမ်း ထူတယ်ဗျ ။ အမြဲတန်း ထီးလာလာ ငှားတယ် ။ကြာလာတော့ အဖိုးလည်း စိတ်တိုလာပုံ ရတယ်။ ဒီတစ်ခေါက် ထီးလည်း လာပြန်ပေးရော ။ “ကဲ..ဟေ့လူ ဒီထီးရှိတော့ ခင်ဗျားလည်း လာလာ ငှားနေရတာ အလုပ်ရှုပ်တယ် ။ကျုပ်လည်း ထုတ်ထုတ် ပေးရတာ အလုပ်ရှုပ်တယ် ။ဒီတော့ ချိုးလိုက်တာ ပြီးရောဗျာ ” ဆိုပြီး သူ့ရှေ့တင်ချိုးပြီး လွှင့်ပစ်လိုက်တယ်တဲ့ဗျာ။
လင်းဒီပ
၁၈.၁၀.၀၈

Friday, October 17, 2008

ငှက်တစ်ကောင်ကျန်ခဲ့တဲ့မြို့လေး


(က)
နယ်မြို့လေး၏ ဘူတာရုံအိုအိုလေးသည် အမှောင်အောက်မှာ မှုန်တိမှုန်ဝါးနှင့် ။ ဘူတာနှင့်ကပ်လျက် လက်ဖက်ရည်ဆိုင်ထဲတွင် ဘောလုံးပွဲပြနေပြီး အားပေးနေသူလည်း အတော်များသည် ။ နောက် မလှမ်းမကမ်း ကာရာအိုကေဆိုင်ထဲမှာ ကိုစိုးမိုး၏ ..ကဲ အခုတော့ ဘာပြောမလဲ ဖွင့်ပြောရဲတဲ့ တစ်ယောက်နဲ့တွဲပြီ..ဆိုတဲ့ မူးမူးနှင့်ဆိုနေတဲ့ အသံကြီးက အိပ်ငိုက်နေတဲ့ ဆိုက်ကားသမားတွေ ဆဲလောက်အောင် ကောင်းနေသည် ။ အင်းလေ ခင်ဗျားက မူးမူးနေမှတော့ ဟိုတစ်ယောက်က ထားခဲ့မှာပေါ့ဗျ လို့ တစ်ယောက်တည်း ပြောလိုက်မိသည် ။ ဘူတာလေးထဲမှာ ကောင်ညင်းပေါင်းရောင်းနေသည့် အဒေါ်ကြီးကို အဏ္ဏဝါနဲ့စိုးကြီး သွားရစ်နေသည်။ ဒီကောင်တွေက မူးလာရင် ဒီလိုပဲ ပေါက်တတ်ကရ လုပ်ဖို့ အမြဲ့အသင့် ။သူ့ခါးမှာ walkie talkieကြီး ချိတ်ထားတော့ ကောင်ညင်းပေါင်းသည်ကြီးကလည်း ဘာမှန်းမသိတော့ ကြောက်နေသည်။ တကယ်ကတော့ ဘာကောင်တွေမှမဟုတ် ။ site ထဲကယူလာတဲ့ ကားအကောင်းစားကြီး လမ်းမှာပျက်ရင် site နဲ့ဆက်သွယ်လို့ရအောင် ယူလာရတာ ။ ရထားကခုထိဝင်မလာသေး ။ တစ်နာရီလောက်တောင် နောက်ကျနေပြီလေ ။ ဆေးလိပ်တစ်လိပ် ထပ်ထုတ်ဖွာရင်း စုလှိုင်အကြောင်းတွေးမိတော့ တစ်ယောက်တည်းပြုံးမိသည် ။ တစ်ရက်ထက်တစ်ရက် မြင့်မြင့်တက်လာတဲ့ သံဃောဇဉ်တွေကို ဘယ်လို ရှင်ခန်းဖြတ်ရပါ့လေ ။
ရထားဝင်လာတော့ စီနီယာအင်ဂျင်နီယာ အစ်ကိုကြီးကို ရထားပေါ် အထုတ်တွေ ကူတင်ပေးပြီး ရထားထွက်တော့ အဏ္ဏဝါနဲ့စိုးကြီးကို မနည်းရှာယူသည်။ ကောင်ညင်းပေါင်းသည်ကြီးနှင့် ဘယ်လိုလေကြောတည့်နေသည်မသိ ။ပြန်ဖို့ကို မနည်းခေါ်ယူရသည်။ ကိုစိုးမိုးကတော့ ခုချိန်ထိ ကာရာအိုကေဆိုင်ထံမှာ ဖွင့်ပြောရဲတဲ့ တစ်ယောက်နှင့်တွဲနေတုန်း ။ သူလည်းမြန်မြန်ခေါ်ဦးမှ ။ ဒါတောင် သူက တစ်ညလုံး ဆိုမှာ လုပ်နေတုန်း။
ဘူတာဘက်ကပြန်ထွက်လာပြီး ကားက စုလှိုင်တို့အိမ်ရှေ့ကဖြတ်တော့ တချက်ငေးမိသေးသည်။ စုလှိုင်တို့ဖေဖေဆေးခန်းလေးက လမ်းမီးဝါဝါတွေအောက်မှာတိတ်လို့။စုလှိုင်လည်း အိပ်နေလောက်ရောပေါ့ ။ဒါမှမဟုတ် ”ကို့ အဲဒီကားတွေက အရမ်းရယ်ရတာပဲ”လို့ ပြောလေ့ရှိသည့် ဟာသရုပ်ရှင်ကားတွေ ကြည့်နေတာလည်း ဖြစ်လောက်သည်။ ငြိမ်းချမ်းပါစေ ညီမလေးရယ်။
(ခ)
စုလှိုင်ရေ..ဟောဒီလောကကြီးကညီမလေးသိတာထက်အများကြီး ကျယ်ပြောပါရဲ့..ရှုပ်ထွေးပါရဲ့..ညီမလေးသိတာက ဒေါ်ခင်ဝင်းအသုပ် ဆိုင်ရယ်..ဒီဇိုင်းအသစ်တွေရောက်ရင် အမြဲသတင်းပေးတဲ့ အန်တီနွယ်တို့အထည်ဆိုင်.. နောက်ညီမလေးတို့ လမ်းထိပ်က Beauty Solon .. ညီမလေး သိတဲ့ဘဝက ဟောဒီလမ်းကလေးရယ် ရေမုန့်ကောင်းကောင်းတွေရတဲ့ဘူတာရုံနားက ဆိုင်လေးရယ်..နောက် ကိုယ်တို့မနက်စောစောထိုင်နေကျ ပဲပလာတာနဲ့ လက်ဖက်ရည်ကောင်းကောင်းရတဲ “့ရွှေကဖေး”….
ညီမလေးတို့မြို့အဝင်က လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီးအလွန်မှာ ညီမလေး မတွေးမိသေးတာတွေ အများကြီး ရှိသေးတယ်လေ။ ကျယ်လွန်း ကြမ်းလွန်း လေ့လာစရာတွေ များလွန်းတဲ့ အတောင်ပံတွေ ထပ်ဖြန့်ရဦးမယ့် လောက လွင်ပြင်ကျယ်ကြီးပေါ့ စုလှိုင်ရေ။ ကိုယ်က ဗိသုကာပညာကို ဟိုးငယ်ငယ် ဗိသုကာဘာသာရပ်မှန်း မသိခင်တည်းက စိတ်ဝင်စားခဲ့တာ ။ဒါဆို စုလှိုင်ကို စိတ်ဝင်စားတာထက် အများကြီး စောတယ်ပေါ့ လို့စကားနာထိုးရင်လည်း ခံရမှာဘဲ။ ဒီမြို့ ဒီစီမံကိန်းကို ရောက်လာတာလည်း ကိုယ့်လေ့လာထားတဲ့ ပညာတွေကို အသုံးချဖို့ပဲလေ။အဲဒီမှာ စုလှိုင်ဆိုတဲ့ အရိုင်းစံပယ်လေးနဲ့ တွေ့တာ။အမြဲတမ်း အဆောက်အဦးဒီဇိုင်းတွေ အလင်းအမှောင်တွေ..function တွေ ..form တွေနှင့်ပဲ လုံးလည်လိုက်နေ…Drawing တွေနဲ့ပဲနေထွက်နေဝင်တတ်တဲ့ လူတစ်ယောက်အတွက် စုလှိုင်က ဘုရားပေးတဲ့လရောင်ပါပဲကွယ် ။
ကိုယ်တို့နှစ်ယောက် ချစ်သူဖြစ်ပြီးတဲ့နောက်မှာ စုလှိုင် အမေက အေးအေးဆေးဆေး ခေါ်တွေ့တယ် ။သူတို့ရဲ့ တစ်ဦးတည်းသော သမီးလေးနှင့်လက်ဆက်ပြီး ဒီမြို့လေးမှာပဲနေဖို့…စုလှိုင်တို့ မိသားစုပိုင်လုပ်ငန်းတွေကိုပဲ ဦးစီးလုပ်ကိုင်ဖို့။စုလှိုင်ဖေဖေဆိုလည်း ဒီမြို့လေးရဲ့ဆေးရုံမှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်ပိုင် ဆေးခန်းလေးနဲ့ မိသားစုဘဝလေးကို ငြိမ်းချမ်းစွာ ဖြတ်သန်းနေတာ။အန်တီ ပြောပြတာတွေက ဟုတ်တော့ ဟုတ်ပါတယ်။ဒါပေမယ့် မပြီးဆုံးသေးတဲ့ ကိုယ့်အိပ်မက်တွေ အတွက် ကိုယ်ခရီးဆက်ရဦးမှာ။ ကိုယ့်အိပ်မက်တွေကို နယ်မြို့လေးတစ်မြို့မှာ ဘယ်လိုသတ္တိမျိုးနဲ့ကို အဆုံးသတ်ရမလဲ။ ကိုယ် စုလှိုင်ကို မုန်းလို့မှ မဟုတ်တာ။ ကိုယ်လျှောက်ထားတဲ့ နိုင်ငံခြား တက္ကသိုလ်တစ်ခုမှာ ဗိသုကာနဲ့ ပတ်သက်တဲ့ Master တစ်ခုယူမယ်။ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ အချိန်တစ်ခုထိနေမယ် ။ပြီးရင်ပြန်လာမယ်။ မြန်မာပြည်မှာ ပြန် အခြေချမယ် ။ ကိုယ်ဆက်မယ့်ခရီးမှာ မုန်တိုင်းတွေလည်း ရှိရင်ရှိနေမှာပေါ့ စုလှိုင် ။ဒါပေမယ့် ကိုယ်သွားရလိမ့်မယ်။ သူတို့ရဲ့တစ်ဦးတည်းသော သမီးလေးကို ကိုယ်နဲ့ထည့်လိုက်ဖို့ လူကြီးတွေ စိတ်မချတာလည်း သဘာဝကျပါတယ်။မိဘမေတ္တာကို ကိုယ်နားလည်တယ်။ ကိုယ်ကလည်း ဒီခရီးကိုဆက်မှ ဖြစ်မှာလေ။
ကိုယ်ပြန်လာမှာတော့ သေချာတယ် ။ဒါပေမယ့် ကိုယ့်ကို ဆက်ဆက်စောင့်နေပါလို့တော့ ကိုယ်မပြောဘူး စုလှိုင် ။ ကတိစကားတစ်ခုနဲ့ စုလှိုင်ကို ချုပ်နှောင်မထားခဲ့ချင်ဘူး ။အဆင်ပြေမယ့် တစ်ယောက်ယောက် တွေ့ခဲ့ရင် ရွေးချယ်လိုက်ပါ ညီမလေး ။ဘဝခရီးက အရှည်ကြီးလေ ။ ရှေ့ဘာတွေဖြစ်လာမယ် ဆိုတာဘယ်သူက သေချာပြောနိုင်မှာလဲ ။
သေချာတာက စုလှိုင်ကို ကိုယ်ချစ်တယ်။ဒီမြို့လေးကို ကိုချစ်တယ်။ ကိုယ်ပြန်ရောက်လာတဲ့အချိန် အနားမှာ ဘယ်သူမှ မရှိသေးရင် ကိုယ့်ကို ပြန်လည်နားခိုခွင့်ပြုပါ ။ တစ်ယောက်ယောက် ရှိနေခဲ့ရင်တော့ ကိုယ့်ကိုသူနဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ပြုပါ။ ငြိမ်းချမ်းပါစေ ညီမလေးရယ်။
လင်းဒီပ
၁၇.၁၀.၀၈

Wednesday, October 15, 2008

သူခိုးကြီးနဲ့ သူခိုးလေး


ကျွန်တော် နယ်က Project တစ်ခုမှာ အလုပ်လုပ်နေတော့ သင်္ကြန်တစ်ခုမှာ မပြန်ဖြစ်ဘူးဗျ ။ site duty ဆိုပြီး နေဖြစ်တယ် ။ site ထဲက ကျောက်ပြားတွေ.သံချောင်းတွေကစလို့ ကေဘယ်တွေ လျှပ်စစ်ပစ္စည်းတွေ အထိပေါ့ဗျာ ။မပျောက်အောင် ဝိုင်းဝန်းစောင့်ကြရတာပေါ့ ။အနီးအနားရွာတွေက လာလာခိုးတတ်တယ်ဗျ ။ ဖြစ်ချင်တော့နှစ်ဆန်းနှစ်ရက်နေ့မှာ ကျောက်ပြားတွေပျောက်ကော..။မြင်လိုက်တဲ့လူတွေ ပြောစကားအရ အနားကရွာတစ်ရွာက ဆိုင်ကယ်နဲ့လာသယ်သွားတာ တွေ့တယ်တဲ့။ ဒီတော့ မန်နေဂျာက Duty ကျတဲ့ လူတွေစုပြီး ရွာထဲကိုဝင်ဖို့ လုပ်တယ် ။ ရွာထဲကို ကျွန်တော်တို့ကားကြီး မီးထိုးပြီး ဝင်ချသွားတော နည်းနည်းတောင် မှောင်နေပြီ ။ ကားပေါ်မှာ မန်နေဂျာ ရယ် ၊ကျွန်တော်တို့ Duty စောင့်တဲ့ အင်ဂျင်နီယာတွေရယ် ရဲကင်းက ရဲနှစ်ယောက်ရယ်ပေါ့ ။ပထမဆုံး ရွာလူကြီး ဝင်ခေါ်တယ် ။နောက် သတင်းရထားတဲ့အိမ်ကို ဝင်ရှာတော့ ၊အိမ်ရှေ့က ကောက်ရိုးပုံထဲမှာ ဖွက်ထားတဲ့ ကျောက်ပြားတွေ တွေ့တယ်ဗျ။ ဒါနဲ့ ခိုးတဲ့ကောင်လေး ခေါ်ထုတ်တော့ ပထမတော့ငြင်းတယ် ။နောက်မြင်တဲ့လူတွေစကားအတိုင်း ထောက်စစ်တော့ ဝင်ခံပါတယ် ။ ကောင်လေးက လာသာခိုးသာ ခြေထောက်လေးတစ်ဖက်က ဆာနေတယ် ။ မန်နေဂျာလုပ်တဲ့သူပေါ့ဗျာ ..အဲဒီကောင်လေးကို လူတွေ ဝိုင်းကြည့်နေတဲ့ကြားထဲမှာ ပထမ ခြေထောက်နဲ့ကန်တယ်..နောက်ပါးတွေကို ရိုက်လိုက်တာဗျာ ..ဖြောင်းကနဲ။နောက်တော့ ကောင်လေးကို ရဲစခန်း ပို့လိုက်တယ်ပေါ့ဗျာ ။
…………….
နောက်လေးငါးလကြာတော့ siteကို ကျွန်တော့်တို့ ကုမ္ပဏီကပါပဲ စာရင်းစစ်ဝင်တယ်ဗျ။စာရင်းတွေက သိန်းရာနဲ့ချီပြီးကွာနေပါရော ။မန်နေဂျာရယ် စတိုတာဝန်ခံရယ်ကို ရုံးချုပ်ပြန်ခေါ်ပြီးစစ်တာပေါ့ဗျာ ။အားလုံးစစ်ဆေးပြီးတော့ မန်နေဂျာရယ် စတိုတာဝန်ခံရယ် အလွဲသုံးစား လုပ်ထားတာတွေ ပေါ်ပြီး ပြုတ်သွားတယ် ။ ထောင်တော့ မကျပါဘူး ။
…………….
ကျွန်တော် ပြန်ပြီး စဉ်းစားမိတာက ကျောက်ပြားခိုးတဲ့သူခိုးလေးကို လူတွေအများကြီးကြားမှာသူရိုက်နှက်လိုက်တာက ဒါလေးတောင် အသုံးကျအောင်မခိုးနိုင်ဘူးဆိုပြီး သူခိုးကြီးက သူခိုးလေးကို ဆုံးမလိုက်တာများလားလို့လေ။
လင်းဒီပ
၁၅.၁၀.၀၈
Photo Source:picture by kristy-anne
media.photobucket.com

Tuesday, October 14, 2008

ကျွန်တော်နှင့်ယိုးဒယား(၂)


စက်ရုံထဲ ဝင်လိုက်တော့ အရာရာသည် ကျွန်တော်အတွက် အသစ် ။ Textile Factory …ကျွန်တော်တစ်ခါမှ ခြေမချဖူးသောနေရာ ။
ရောက်လာတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ရမှာပဲလို့ စဉ်းစားမိပါတယ် ။ စက်တွေကြည့်လိုက်တော့ အတော်လေး အိုနေတဲ့ Germany made တွေ ။ အသစ်ဆုံးဆိုတဲ့စက်တောင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ဆင်ထားတာမျိုးလေ ။ အတော်လေး သစ်တဲ့စက်တွေကတော့ Color Lab ထဲက စက်တွေ ။ ကျွန်တော့်ကို ခေါ်လာတာက စက်ရုံရဲ့ Electronic ပိုင်းတွေ ပြုပြင် ထိန်းသိမ်း ဖို့။ကျွန်တော့်မိတ်ဆွေကြီးက Textile အတွေ့အကြုံရှိသူ ။သူကိုတော့ Electrical ပိုင်းအတွက်ပေါ့။

စက်ရုံဝန်ထမ်းတွေကတော့ မြန်မာရယ် ကန်ဘောဒီးယားနဲ့ အိမ်ရှင် ထိုင်းလူမျိုးတွေ။ အသစ်ရောက်ခါစ ဘာလုပ်ရမှန်း မသိခင်မှာပင်
ပြဿနာက ဝီရိယကောင်းစွာ ကြိုကြိုတင်တင် စောင့်နေပါတယ်။ ကျွန်တော်တို့မရောက်ခင် စက်ရုံမှာ ရှိပြီးသား စီနီယာအင်ဂျင်နီယာတစ်ယောက် ရှိသည်။ ထိုအစ်ကိုကြီးနာမည်က ဂျိမ်း(James) …ဒီမှာပြောစရာရှိတာက ကျွန်တော်တို့ကိုလည်း တစ်ယောက်နှင့်တစ် ယောက်ခေါ်ရလွယ်အောင်လို့ ဘိုနာမည်တွေပေးတယ်ဗျ..ကျွန်တော့်နာမည်က စတီဗင်(Steven) ..ကျွန်တော့်အဖော်နာမည်က ဗင်းဆင့်(Vincent) ဖြစ်သွားရော..။ရစ်ချတ်(Richard) တို့..ဒေးဗစ်(David) တို့လည်းရှိတယ်ဗျာ ။ ကျွန်တော်တို့မရောက်ခင် တည်းက မြန်မာပြည်က ထပ်ခေါ်လာတဲ့ လူသစ်တွေ ရောက်ရင် အဲဒီကိုဂျိမ်းကို အဖက်လုပ်စရာ မလိုတော့ဘူး ဆိုတဲ့ပုံမျိုး ဘောစ့်က လုပ်ထားတယ်ဗျ ။ဆိုတော့ အလုပ်ထဲစဝင်တည်းက ကိုဂျိမ်းက ကျွန်တော်တို့နှစ်ယောက်ကို မကြည်လည်းမကြည်..သွေးတိုးလည်းစမ်းပေါ့။
ကျွန်တော့်မိတ်ဆွေကြီး ကိုဗင်းဆင့်ကလည်း ဘောစ့်နှင့်ရန်ကုန်က အထည်ချုပ်စက်ရုံမှာ အလုပ်တွဲလုပ်ဖူးတယ်။ကိုဗင်းဆင့်ကလည်း ဘာတွေ လုပ်ပြထားတယ်မသိ ။ဘောစ့်က ဗင်းဆင့်ဆို သိပ်အထင်ကြီးတာ ဘာမဆို ဗင်းဆင့်လုပ်နိုင်တယ် ဆိုတာချည်းပဲ..သူက ဒီလိုပြောလေ ကိုဂျိမ်းက ပိုတင်းလေပေါ့ဗျာ ။ ကိုဂျိမ်းကလည်းကျွန်တော်အမြင့် တော်တော်လည်းတတ်တယ် .မာနလည်းကြီး တယ်…ဂျစ်တစ်တစ်ပေါ့ဗျာ..ကျွန်တော်ကတော့ သူ့ကို အထင်ကြီးတယ်ဗျ..သူနှင့်လည်း တွဲပြီးအလုပ်လုပ်ချင်တယ် ။ဘောစ့်ကပေး မလုပ် ဘူး…မသိတာမတတ်တာ ကိုယ့်ဘာသာလေ့လာတဲ့။လုံးဝလည်းပေးမတွဲဘူး။ ဗင်းဆင့်ရယ် ကျွန်တော်ရယ်နှစ်ယောက်ပေါင်းပြီးစက်တွေပြင်။ မပြီး ။တစ်ကိုယ်လုံးလည်း စက်ဆီတွေနဲ့ ညစ်ပတ်ပေပွ ။ကိုဂျိမ်းက အနားလာ ဘာမှမပြောဘဲ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်သွား ။ဘောစ့် က အချိန်ဖြုန်းတယ်လို့လာဟောက် ။ယိုးဒယားအလုပ်သမားတွေက ထိုင်ရယ်နေ ။ ကျွန်တော်တို့နှစ်ယောက်ကလည်း ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ဆိုပြီး တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်နေ ။ အဲဒီရက်တွေက ညညဆို လေယဉ်ပျံတွေ ပျံသွားတာ ငေးကြည့်ရင်း မေမေရေလို့ တစ်ယောက်တည်း တိုးတိုးလေး အော်နေတတ်တယ်။

နောက်တစ်ခုဆိုးတာက ဘောစ့်က သူကို့သူ သူဌေးဂိုက်က အပြည့် ဘာမှမတတ်တဲ့ ကောင်လေးတွေ ရွာကခေါ်လာတဲ့ မျက်နှာပေးနဲ့ ဆက်ဆံတာ..တော်သေးတာ..တရားဝင်ဝင်လာလို့..မဟုတ်ရင် ဘယ်လောက်နှိမ်လိုက်မလဲ ။(ဘောစ့်က တရုတ်လူမျိုး တရုတ်စကား မြန်မာစကား ဖာစာထိုင်း အကုန်ရတယ်…ဘယ်မှာ မွေးတယ်တော့ မသိဘူး..မိန်းမကတော့ ထိုင်းလို့ပြောတာပဲ)။

တစ်ရက်ဗျာ..ဆိုးလိုက်တဲ့အဖြစ် ပြောရဦးမယ်..ကျွန်တော်တို့နှစ်ယောက် Dye Section(ဆေးဆိုး)က အဲကွန်းကို တက်ပြင်ကြ တယ်..အမှန်ကတော့ Outdoor unit ကြီးကို အပေါ်မှာတင် ပြင်လို့ရတယ်ဗျ..ဒါပေမယ့် နှစ်ယောက်လုံးက မကျွမ်းကျင်တော့
Outdoor unit အလေးကြီးကို ခဲရာခဲဆစ်အောက်ချတယ်။ Ceiling ပေါ်တက်ပြီးတန်းလေးတွေပေါ်က သတိထားပြီး လျှောက်ရတာ ။အောက်မှာက Dye က ဝန်ထမ်းတွေ အလုပ်လုပ်နေကြတာ။ Ceiling က ကျောက်ပြားတွေကပ်ထားတာ အတော်တောင် ဟောင်းနေပြီ။
ချတုန်းက အိုကေပဲ ။ပြင်ပြီး အဆင်ပြေပြီ ပြန်တင်ပြီးတော့ Ceiling တန်းတွေပေါ်မှာနောက်ပြန်အဆုတ် ခြေချော်ပြီးတော့ နှစ်ပေပတ်လည်ကွက်ထဲက ပြုတ်ကျပါလေရော…ဝုန်းကနဲ..။ တော်သေးတာက အောက်က အဝတ်ပုံပေါ်တည့်တည့် ပြုတ်ကျလို ။Dye ကကောင်မလေးတွေက လူကြီးတစ်ယောက်လုံး Ceiling ကြီး ပေါက်ပြီး ထွက်ကျလာတော့ ဘာပြောကောင်းမလဲ..ပထမ ကြောင်သွားပြီး..နောက် ဝိုင်းရယ်ကြတာပေါ့ဗျာ..

ကျွန်တော်လည်း Maintaince လိုက်လုပ်ရတာ အတော် စိတ်ပျက်လာတယ် ။ PLC လည်း မသိချင်တော့ဘူး။Speed Control လည်း နားမလည်ချင်တော့ဘူး။Air-con System လည်းမလေ့လာချင်တော့ဘူး။ ရှေ့ဆက်ရမယ့်ရက်တွေမှာဘာတွေဆက်ဖြစ်လာဦးမယ်မသိဘူး။
လင်းဒီပ
၁၄.၁၀.၀၈

Monday, October 13, 2008

အချစ်အကြောင်းတွေးလိုက်ရင်


အချစ်လားလို့ တွေ့တွေ့ချင်းလှမ်းမေးတော့ သူက မသိဟန်ဆောင်ပြီး ထွက်သွားသည်။ ကျွန်တော်က ပိတောက်ပန်းတွေ ပန်ထားသော အုန်းလက်မဏ္ဍပ်လေးမှာ တိတ်ဆိတ်စွာ ကျန်ခဲ့ပါသည် ။ တကယ်ကတော့ ကျွန်တော်သည် အချစ်ကိုတစ်ခါမှ မတွေ့ဘူးသေးသောကြောင့် မှားယွင်း နှုတ်ဆက်မိခြင်းလည်း ဖြစ်နိုင်ပါသည်။အချစ်သည် အပြာရောင်လား အဖြူဆွတ်ဆွတ်လေးလား ..မွှေးရနံ့ရှိပါသလား ..မည်သို့ စမ်းသပ် အတည်ပြုနိုင်ပါသနည်း..မသိနိုင်ပါ။ ထိုညနေက အိမ်ပြန်လာတော့ ရေစက်လက် လူတွင်စိုနေသလို စိတ်ထဲတွင်လည်း အချစ်ကို သိလိုစိတ် အတွေးတွေ စက်လက် စိုနေပါသည်။
ထိုနောက် ညများစွာ နေများစွာကို အလယ်လူတစ်ယောက်အဖြစ် ကျွန်တော် ဖြတ်သန်းလာခဲ့သည်။ စမ်းချောင်းလေးဘေးတွင်လည်း ပျင်းလျှင် သွားထိုင်နေဖြစ်သည်။ ရေစီးသံကိုလည်း နားထောင် ဖြစ်လာသည် ။ တခါတရံ ငါးလေးများ ကူးခတ်နေသည်ကိုလည်း ဘယ်အရပ်သွားနေကြပါလိမ့်ဟု ငေးကြည်နေမိသည်။ ပန်းတွေ ပွင့်ပုံ ကြွေပုံလည်း အချိန်ပေး စဉ်းစားမိလာသည် ။ အချစ်သည် စမ်းရေထဲမှာများ မျောပါလာ လေမလား ..ရေစီးသံထဲတွင်ပဲ သီချင်းတစ်ပုဒ်အဖြစ် လိုက်လာလေမလား..ရွှေငါးလေးတစ်ကောင်လို ကိုယ်ရောင် ဝှက်နေတာလား…ဒါမှမဟုတ် ပန်းကလေးတစ်ပွင့်လိုများ ကြွေကျလာမလားလို့ ရင်ခုန်စိုးထိတ် နေခဲ့ပါသည် ။ ထိုရက်များတွင် အိမ်ပြန်နောက်ကျခဲ့ပါသည် ။အိပ်ချိန်ညဉ့်နက် ခဲ့ပါသည် ။(နောက်ကျရထားကို စောင့်နေသော လူတစ်ယောက်ပေါ့လေ)
ခက်သည်က အချစ်၏ပုံပန်းသဏ္ဍန်ကို ကျွန်တော် လုံးဝမသိ ။ အချစ်သည်ဘာမှ မရေးခြစ်ရသေးသည် စာရွက် တစ်ရွက်လည်း ဖြစ်နိုင်ပါသည်။ဖြေဆိုချိန် သုံးနာရီသာ ပေးထားသော မေးခွန်းတစ်ခုလည်း ဖြစ်နိုင်ပါသည် ။ရွှေ ရောင်ဆံညှပ်ကလေး ဖြစ်နိုင်သလို. အနီရောင်ပုံတော်ဖိနပ်လေးလည်း ဖြစ်နိုင်ပါသည် ။တခြား ဖြစ်နိုင်ခြေများ လည်း အများကြီး ရှိနိုင်ပါသည် ။ ဖြစ်နိုင်ခြေများထဲမှ အဖြေတစ်ခုကို ကြိုးစားရှာနေမိသည်။ အဖြေက မထွက် လာသေးပေ။
ကျွန်တော်သည် အချစ်ရှိနိုင်မည် ထင်သောနေရာများကို စိတ်ပါလက်ပါ လိုက်ရှာပါသည်။ကြာပန်းလေးများ ပွင့် နေသော ရေကန်လေးဆီလည်း ရောက်ပါသည် ။ လူသိပ်မများသော ကော်ဖီဆိုင်လေးဆီလည်း ရောက်ပါ သည်။ တောင်ပေါ်မြို့လေးတစ်မြို့ဆီလည်း ရောက်ပါသည် ။အချစ်က ကျွန်တော့်ကို တွေ့လျှင်လည်း မြင်နိုင် ရန် လှမ်းခေါ်နိုင်ရန် မကြာခဏလည်း လူလုံးပြပါသည်။ အချစ်သည်ကျွန်တော့်ကို မတွေ့ခဲ့။ကြောက်နေတာ တစ်ခုလည်းရှိသေးသည် ။ကျွန်တော်က အချစ်ထင်ပြီးနှုတ်ဆက်လိုက်မည် ။သူကလည်း ဟုတ်ပါသည်ဟု ပြောမည်။ တကယ်တမ်း ရင်ထဲ တပ်ဆင်ပြီးကာမှ အချစ်မဟုတ်ပဲ မျှော်လင့်မထားသည့်တစ်ခုခု(ဥပမာ အမုန်း)ဖြစ်နေခဲ့ရင်ကော..တကယ်လို့ ဓာတ်ပြယ်သွားရင်ကော…Side Effect တစ်ခုခုတော့ နှလုံးသားသည် ခံစားရမည် ထင်ပါသည်။
ဒီလိုနေထိုင်ရင်း ဥတုသုံးပါးလုံး အချစ်ကို တိတ်တဆိတ် လိုက်ရှာနေမိပါသည် ။တချို့သူငယ်ချင်းများက ကံကောင်းထောက်မပြီး စောလျှင်စွာ တွေ့သွားတတ်ပြီး တချို့ကရှာဖွေနေဆဲ ဖြစ်ပါသည် ။ ဝမ်းနည်းစရာ ကောင်းတာက တွေ့သွားပြီး သူငယ်ချင်းများထဲမှ အနည်းငယ်က ကျွန်တော်တွေးထားသလို တပ်ဆင်ပြီးမှ မှားယွင်းနေကြောင်း တွေ့ရခြင်းပင် ။ အများစုကတော့ အဆင်ပြေပါသည်။ ကျွန်တော်ကလည်း ရှာဖွေဆဲလေ…အချစ်ရေ..ငါ့ကိုတွေ့ရင်လည်း မင်းလှမ်းခေါ်လိုက်ပါကွယ်..ငါ့မှာ မိနစ်ကိုးဆယ်ပြည့်ဖို့ နည်းနည်းပဲ လိုတော့ တယ်လေ..
လင်းဒီပ
၁၃.၁၀.၀၈
(ရွာသားလေးTag ပါသဖြင့် အချစ်အကြောင်းကို နားမလည်ပါးမလည် တတ်ယောင်ကားဖြင့် ရေးလိုက်ပါသည်။ အဆင်မပြေပါက ပွင့်ပွင့်လင်းလင်း အော်သွားနိုင်ပါသည် ခင်ဗျား။)
Photo Source:picture by panicha9

Sunday, October 12, 2008

မိုးတွေ အရမ်းရွာနေတယ် သူငယ်ချင်း


မိုးတွေအရမ်းရွာနေတယ် သူငယ်ချင်း
ငါ့ကို လာမနှုတ်ဆက်လည်း မင်း ဘာမှမဖြစ်ဘူး
မင်းကားပေါ်က ဆင်းလာရမယ်..
နောက် မိုးရေတွေကိုဖြတ်သန်းရမယ်..
ငါ့ကို နှုတ်ဆက်လိုက်ခြင်းက မင်းအတွက်ထူးခြားပြီး
ပျော်စရာကောင်းတဲ့ ကိစ္စလည်းမဟုတ်
မင်းအမျိုးသားကို ပြန်ပြောပြစရာ အကြောင်းတစ်ခုမဟုတ်သလို
မင်းမာမီကလည်း ငါ့နာမည်ကို ကြားချင်မှာ မဟုတ်ပါဘူး ။

မိုးတွေအရမ်းရွာနေတယ် သူငယ်ချင်း
ဒါမှ မင်းက ငါ့ကိုတွေ့ချင်သပ ဆိုရင်
မင်းကားလေးဘေးကို ငါလာခဲ့မယ်
မိုးစိုပြီးသားလူတစ်ယောက် မိုးရေထဲထပ်လျှောက်လို့
ဘာမှထပ်ဆုံးရှုံးစရာမရှိဘူး။

မိုးတွေ အရမ်းရွာနေတယ် သူငယ်ချင်း
ကားကို ဂရုတစိုက်မောင်းသွား
အရမ်းသည်းလာရင် ခဏရပ်ထား
ငါကတော့ မိုးသည်းထဲ ဆက်လျှောက်လိုက်ဦးမယ်
ငါ့စိတ်တွေ မိုးငတ်မပြေသေးလို့ပါ ။
လင်းဒီပ
၁၂.၁၀.၀၈
Photo Source: picture by panorchand
http://media.photobucket.com/

ကျွန်တော်နှင့်ယိုးဒယား(၁)


ကျွန်တော်ယိုးဒယားကို အလုပ်လုပ်မယ်ဆိုပြီးထွက်လာတော့ သူတို့စကားကိုလေ့လာဖို့အချိန်က တစ်လလောက်ပဲရတယ်ဗျ ။နဂိုတည်းက ဘာသာစကားတွေ သင်ရတာ ခပ်ပျင်းပျင်းဆိုတော့ အဲဒီတစ်လက စကားပြောသင်တန်း ရောက်ဖို့ကို အတော်အားယူပြီး သွားရတယ် ။ သင်တန်းကလည်း ဆရာမရယ် ကျွန်တော်ရယ် နှစ်ယောက်တည်း..(ဆရာမက ရှမ်းမငယ်ငယ်လေး မို့အတန်းတက် မှန်တာတော့ ထည့်မပြောတော့ပါဘူး..:) )။…ထားပါတော့ဗျာ..အဲဒီနှစ်လလောက်မှာ..နိမ်..ဆောင်..ဆမ်..ဆီ..ဟ..ဟို..ကျေ့..ပယ်..ကောက်. (တစ်.နှစ်.သုံး.လေး တွေပါ) လောက်တော့ ရသွားတာပေါ့လေ။

လေယာဉ်ပေါ်ကျတော့ ဆာဝါဒီခ(မင်္ဂလာပါရှင့်)လို့ လေယဉ်မယ်လေးတွေက လက်အုပ်လေးချီပြီး နှုတ်ဆက်တယ်။ ကျွန်တော်ကလည်း နည်းနည်း သိထားတော့ ဆာဝါဒီခရပ် လို့ပြန်ပြောလိုက်တယ်။ခုထိတော့ ဟုတ်လို့။ပထမတစ်ခေါက် အလည်ခဏလေး ရောက်တုန်းက လေယဉ်ကွင်းဟောင်း (Don Muang)ဒိုမောင်းလေဆိပ်မှာဆင်းတာ ။အဲဒီတုန်းက ကုမ္ပဏီက လူကြီးတွေနှင့်သွားတော့ဘာမှမှတ်မထားဘူး။ Passport ပေးဆိုပေးလိုက်တယ် .Form ဖြည့်ဆိုဖြည့်လိုက်တယ်..ဒီလိုတန်းစီဆို စီလိုက်တာ အိုကေလို့ ။ အခုကတော့ အတူတူပါလာတဲ့  တစ်ယောက်ကလည်း Overseas မသွားဖူးဘူး. ကွင်းကလည်း အသစ်ဆိုတော့ စိမ်း..(ဘောလုံးကန်တာနဲ့ရောကုန်ပြီ) တောင်ကြည့်မြောက်ကြည့်နဲ့ Immigration ကို မတွေ့ပဲ ကျော်သွားပြီး ရှာနေတုန်းမှာပဲ..သူတို့က ကိုယ့်ကိုစတွေ့သွားတယ်။ Immigration က အရာရှိတွေကိုပြောတာပါ ။ ဘယ်ကလာလဲ..ဘယ်မှာနေမှာလဲ..စသဖြင့်ပေါ့ လာမေးပါတယ်..ဟိုပြောဒီပြော ဟိုပြဒီပြပေါ့ဗျာ…
Suvarnabhumi Airport (ဆွန်ဝန်နဘုံ) လေဆိပ်ကြီးက အတော်လှပါတယ် ။ လေဆိပ်ကထွက်လာပြီး Express Way ပေါ်တက်လာတော့ မှ ဘန်ကောက်ကို အားရပါးရ ကြည့်ခွင့်ရတော့တယ်။ တိုက်မြင့်မြင့်ကြီးတွေနဲ့ မြို့ကြီးပြကြီးဂိုက်ကို အပြည့်…စိတ်ထဲမှာ ငါတို့ရန်ကုန်လည်း ဒီလောက်တော့ ဖြစ်ပါတယ်လို့..ကိုယ့်ဆီမှာတော့ လူမညီတော့ ဤဖတ်တဲ့လူနှင့် ကျွဲဖတ်တဲ့လူနှင့်ပေါ့ဗျာ..။ ကျွန်တော် နေရမယ့်နေရာ ပါကဲ(Pakkret) ..နွန်သဘူရိ(Nonthaburi) အပိုင်ထဲမှာ..မြို့စွန်…အင်းလေ စက်ရုံဆိုမှတော့ မြို့ပြင်မှာပဲပေါ့လေ..

ညကျတော့ စက်ရုံထဲမှာ အနှစ်နှစ်ဆယ်လောက် လုပ်နေတဲ့ မြန်မာအစ်ကိုကြီးက လာခေါ်တယ် ..လိုအပ်တဲ့ ပစ္စည်းလေးတွေ သူ့ကားနှင့် ထွက်ဝယ်ဖို့ ။ ပါကဲက Shopping Mall တစ်ခုကို ခေါ်သွားတယ် ။ ရေးထားတာက Carre Four ..ထိုင်းသံနှင့်ဖတ်ရင် ကာပူ..ကျွန်တော်လည်း အသံကို ချက်ခြင်း ပြင်လိုက်တယ် ။ Carre Four = ကာပူ ဆိုပြီးတော့။ နောက် သူတို့ဆီက နာမည်ကြီး ကုန်တိုက်ကြီးတွေပဲ Lotus ဆိုရင် “ လိုတ” ..The Mall ဆိုရင် “ဓမော”…သူကတော့ စကားတွေကို ထိုင်းတွေနဲ့မွတ်နေအောင် ပြောနေတာ ကိုယ်ကတော့ ဘေးက ပါးစပ်အဟောင်းသားနဲ့ ပေါ့ ။ အဲဒီညက ညစာကို ကာပူမှာပဲ စားဖြစ်တယ် ။စားရသောက်ရတာက ရန်ကုန်နဲ့ဈေးမကွာဘူး..

သူကားနဲ့ ထွက်လာရင်း သတိထားမိတာက ကားတွေမောင်းတာ သိပ်စည်းကမ်းမရှိဘူး. လမ်းသွယ်ထဲက ကားကလည်း ထွက်ချင်ရင် ဇွတ်ထွက်လာတာ။လမ်းမကြီးက ကားကလည်း မင်းထွက်လာရကောင်းလား ဆိုပြီးတော့ လှမ်းမဆဲဘူး ။နားလည်မှုလေးတွေပေါ့ ။ဒါလေးမဆိုးဘူး လို့တွေးမိတယ် ။
စက်ရုံထဲ ပြန်ဝင်လာတော့ ဆယ်နာရီလောက် ရှိပြီ ။နောက်နေ့ဆို ပထမဆုံး အလုပ်စဆင်းရမယ်လေ။
လင်းဒီပ
၁၂.၁၀.၀၈

Thursday, October 9, 2008

ကျွန်တော်နဲ့ မတော်တဲ့အင်္ကျီ


ချစ်သူရေ…
သဘာဝပတ်ဝန်းကျင် နဲ့ ရာသီတွေကလည်း
ကြောက်စရာကောင်းလိုက်အောင် လော်လည်ဖောက်ပြားလို့

ကိုယ်တို့ညမနက်တွေကလည်း
ခေါက်ဆွဲခြောက်ရယ်..ကော်ဖီမစ်ရယ်..တခါသုံးတွေနဲ့
မျက်နှာသစ်ပြီး အိပ်ရာဝင်

မိတ်ဆွေတွေတော့ရှိပါရဲ့…
ဂဏန်းလေးတွေနှိပ်…ဒါမှမဟုတ် မော်နီတာပေါ်ကတဆင့်
တွေ့နေရတာမျိုး

စိတ်ပျက်စရာ…
လေအေးပေးစက်..
အမြဲပိတ်ထားတဲ့ ပြတင်းပေါက်

ကွန်ပျူတာ..
Password မေ့နေရင်ဖွင့်လို့မရတော့ဘူးလား
ဒီဖုန်းတစ်လုံးကလည်း
Battery မရှိရင်..မေ့နေခဲ့ရင် အားလုံးနဲ့ပြတ်တောက်သွားသလို
လူကိုခြောက်ခြားအောင်လည်းလုပ်ရဲ့
တစ်စားပွဲတည်းရှိနေသူချင်းလည်း Email ပို့နေရ
လူတစ်ချို့ကလည်း Digital ကျောက်တံလေးရယ်
ကျောက်သင်ပုန်းလေးနဲ့စာတွေရေးနေကြ
ငါကလည်း အလွမ်းတွေကို Bluetooth နဲ့ပို့လို့

အေးလေ
ဒီညအိမ်ပြန်ရောက်ရင်လည်း ချစ်သူအတွက်
ရင်ခုန်သံSoftware ကို Version အသစ်ရေးထားပေးဦးမှ
တော်ကြာ Free Software တွေ Download လုပ်နေလို့
ငါ့ချစ်သူလေး Virus ကိုက်သွားမှဖြင့်…….
လင်းဒီပ
၉.၁၀.၀၈
Photo Source:picture by majikat_2007

Tuesday, October 7, 2008

ရထားထွက်ရန်ဆယ်ရက်အလို



လူတစ်ကိုယ်လုံး လုံးဝမလှုပ်နိုင်တော့။ အသက်ကို ဖြည်းဖြည်းလေး ရှုနေရသည်။ ရေကလည်း အရမ်းငတ်နေသည်။ ပါးစပ်က ကောင်းကောင်း ဟလို့မရချင်။ တစ်ယောက်ယောက်က ဂွမ်းစလေးဖြင့် ရေကို တစ်စက်ချင်း နှုတ်ခမ်းပေါ် ချပေးသည်။ အစ်မရွှေစင်ထင်သည်။ မေမေ့ရှိုက်သံလိုလို ကြားနေရသည်။ သူမသေသေးကြောင်းလည်း ပြောချင်သည်။ ဘာလို့ဝမ်းနည်းနေရတာလဲ မေမေရယ်..သားရောဂါကို သိနေကတည်းက သားကြာကြာမနေရတော့ဘုးဆိုတာ မေမေတို့ သိပြီးသားလေ။ နောက်ဆုံး အချိန်ရောက်နေသော လူတစ်ယောက်အတွက် (နောက်သူ့လိုဘာသာရေးနှင့် အလှမ်းဝေးသော လူတစ် ယောက်အတွက်)နားဝင်လွယ်မည့် တရားခွေတစ်ခွေကို ဖွင့်ပေးထားသည်။ နှာသီးဖျားကဝင်လေထွက်လေ လေးကို သာသာလေးမှတ်နေဖို့။ ဆရာတော်ကြီးအသံက အေးမြကြည်လင်လိုက်တာ။အရင်ကျန်းကျန်းမာမာ တုန်း ကဒီတရားတွေ ငါဘာလို့မနာခဲ့တာပါလိမ့်။မျက်စိကို အသာလေး မှိတ်ထားသည်။ အော်..မေမေ..သူ့နောက်ဆုံးမအချိန်ထိ သူ့ပေါ်တာဝန်ကျေလွန်းသည့်မေမေလေ.

ဖေဖေ အသံမကြားရ ။အင်းလေ သားတို့သားအဖက တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း ဘယ် တုန်းကပြလို့လဲ..အိမ်ရှေ့ခန်းမှာဖြစ်ဖြစ် ဖေဖေ အဝေးကို ငေးကောင်းငေးနေမည်။ နောင်သားလုပ်သမျှ မဖြစ်ညစ်ကျယ်ဆွဲထားသော ပန်းချီကားလေးတွေကို ကြည့်ကောင်း ကြည့်နေမည် ။ နောက်ဆို သားမရှိတော့ရင် သားပန်းချီကားတွေကို ဖေဖေ လွတ်လွတ်လပ်လပ်ကြည့်လို့ရပါပြီ ဖေဖေ ။ သားမသိအောင် ခိုးကြည့်စရာမလိုတော့ဘူးလေ ။ သားပန်းချီဆွဲတာ ..အနုပညာသမားတစ်ယောက် ဖြစ်လာမှာ လုံးဝမလိုလားတဲ့ ဖေဖေ။ ဘာကြောင့်သားကို အနုပညာသမားဖြစ်မှာ မလိုလားသလဲဆိုတာတော့ သားဘယ်တော့မှ မသိနိုင်တော့မယ် အဖြေလေ။

စိတ်ကိုလျော့ချထားသည် ။ရင်ဘတ်အောက်ပိုင်းက မာမာခေါက်ခေါက်ကြီး ဖြစ်နေသည်။ အင်းလေ ဝေဒနာအစိုင်အခဲတွေက ဒီမှာစုနေတာ ဖြစ်မည် ။အသက်သုံးဆယ်ဝန်းကျင် လူငယ်တစ်ယောက်ဆိုတော့ အရွယ်ကောင်းလေးဆိုပြီး အားလုံးက နှမျောကောင်း နှမျောနေနိုင်သည်။ ဘယ်တတ်နိုင်မလဲလေ.. သူလည်းနေချင်သေးတာပေါ့ ။(ခါးကို ကားဖြတ်ကျိတ်သွားလို့ ဒရွတ်ဆွဲနေတဲ့ ခွေးတစ်ကောင်တောင် သူ့ဘဝကို စွဲလန်းတဲ့ ဘဝတဏှာ ရှိသေးတာပဲ။)အရင်ဘဝတွေက သူဘာကံတွေ ပြုမူခဲ့ပါသလဲ ။ဘုရားရှင်သာ သိနိုင်ပါသည်။လူဘဝဆိုတာ ကိုယ်ပြုမူခဲ့တဲ့ အတိတ်ကံ ၊ပစ္စုပ္ပန်ကံပေါ်တည်တာလို့ သူစောစောပိုင်း သိပ်အခြေအနေမဆိုးခင် အချိန်တွေက နာလိုက်ရသော တရားတွေကိုမှတ်မိသည်။
ဘယ်ဘဝက လာခဲ့မှန်း မသိသလို ဘယ်ဘဝသို့ ရောက်ရဦးမယ် ဆိုတာလည်း သူမသိ ။ သံသရာသည်ရှည်လျားပေသည်။ ဒီဘဝတွင် တော်စပ်နေသော မိဘတွေ၏ ကျေးဇူးကို နိုင်သလောက်တော့ဆပ်ချင်သေးသည်။ သေချာတွေးကြည့်တော့ သူလုပ်ပေးနိုင်ခဲ့တာ ဘာမှ ဟုတ်တိပတ်တိ မရှိ ။ အဲဒီ့ သားလေးကို နောက်ဆုံးအချိန်ထိ ချစ်ခဲ့သော မိဘမေတ္တာသည် အံ့ဖွယ်ကောင်းလေစွ ။

နောက်ထပ် လက်ကျန်ရက်များသည် ဆယ်ရက်ထက် မပိုနိုင်တော့ပေ ။ တစ်ရက်ထက်တစ်ရက် ပိုဆိုးလာဖို့ သာရှိသည် ။ အတတ်နိုင်ဆုံးတော့သတိလေး မလွတ်အောင် စိတ်တွေမပျံ့လွင့်အောင် ဥာဏ်မျက်စိလေးနှင့် စောင့်ကြည့်နေရမည် ။ သူရောက်ရှိသွားမည့် နေရာသည် အဖြူရောင်လွင်ပြင်လေးလား..သို့မဟုတ် အနက်ရောင်နေရာဒေသ တစ်ခုလား …အခုထိ သူမသိသေးပေ။
လင်းဒီပ
၇.၁၀.၀၈

(မဆုမွန် ရေ ရေးပြီးပြီနော်။)
Photo Source:picture by CTLVocalist
(media.photobucket.com)

Sunday, October 5, 2008

ငယ်ငယ်ကအိမ်လေး


သား ပစ္စည်းတွေ သေချာ သိမ်းပြီးပြီလားလို့ မေမေက မေးတော့မှ ထရံပေါ်မှာ ခြောက်တန်း ကျောင်းသားဘဝက ကပ်ထားသော စာရွက်လေးကို လှမ်းကြည့်မိသည်။ ဒီစာရွက်လေးပါ ခွာသွားရင်ကောင်းမလားလို့တွေးလိုက်မိသေးသည်။ကုတင်လေးပေါ် ပြန်လှဲချတော့ အကြည့်က ခေါင်မိုးဆီ ရောက်သွားသည်။ ခေါင်မိုးမှာတော့ ဟိုဒီ စွဲနေသည့် ပင့်ကူအိမ်လေးတွေ.. သူတို့ကိုကော ခေါ်ခဲ့ရမလား။

အိမ်ရှေ့ခန်းမှာ.. ဖွားဖွား ဘုရားရှိခိုးသံကို ကြားနေရသည်။ ထုံးစံအတိုင်း အိမ်မြောင်လေးတွေ တချက်တချက်စုတ်ထိုးသံကြားရသည်။ မနက်ဖြန် ဆို မင်းတို့လည်းကျန်ခဲ့တော့မှာလေ။ဖွားဖွားဘုရားရှိခိုးတဲ့ အသံကိုမင်းတို့လည်းကြားတော့မှာမဟုတ်လို့စိတ်ထဲက ပြောမိသည်။ကျွန်တော့် ကုတင်ခေါင်းရင်းဘက်က တရုတ်ကက်ဆက်အဟောင်းလေး(ငါးတန်းနှစ် တတိယဆုရတုန်းကဖေဖေ ဝယ်ပေးထားတာ)ကိုလှမ်းပြီး .ထည့်ထား လက်စ ထူးအိမ်သင် အောင်ရင် (အကြင်နာအိပ်မက်)ခွေလေးကိုဖွင့်လိုက်မိသည် ။ မနှစ် သီတင်းကျွတ်တုန်းက ပျော်သလိုနေပါကွယ် သီချင်းလေးကို ရပ်ကွက်ကလေးရဲ့မီးထွန်းပွဲမှာ မင်းမင်းနှင့် သူနှစ်ယောက်တွဲဆိုခဲ့ဖူးသည်။ ဒီနှစ်တော့ သူရှိမှာမဟုတ်တော့။ ပြတင်းပေါက်ကလှမ်းကြည့်တော့ ခေါင်းရင်အိမ်ဘက်က ကိုမြင့်ကျော်တို့လင်မယားရန်ဖြစ် သံကိုကြားရသည်။ထုံးစံအတိုင်း ဒီလူကြီးမူးလာပြီး သူ့မိန်းမကို ရန် လုပ်နေပြီ..မနက်ဖြန်ဆို သူတို့လင်မယားရန်ဖြစ်တာ ကြားနိုင်မည်မဟုတ်တော့ပေ။

ခဏနေ မင်းမင်း လာခေါ်တော့ထိုင်နေကျလက်ဖက်ရည်ဆိုင်လေးဆီထွက်လာခဲ့သည်။ မင်းမင်းလည်းအသံတိတ်နေသည်။ ဆိုင်ထဲ ရောက်တော့ ဆိုင်ရှင်ကိုတိုးကြီးက မင်းတို့မိသားစုကတော့ ကံကောင်းတယ်ကွာ..အေးလေ ထောင့်ကွက်ဆိုတော့ သူတို့တွေက ဘယ် လက် လွတ်ချင်မလဲ..။ကိုတိုးကြီင်္းပြောတာလည်းဟုတ်သည်..အိမ်လာဝယ်သည့် ရှမ်းတရုတ်တွေက ကျွန်တော်တို့အိမ်လေးကို သေချာ တောင်ဝင် မကြည့်…ပွဲစားဖြတ်ပေးသည့်ဈေးကိုလည်း ငါးပြားတောင် မဆစ် ။ဘယ်နေ့စရံပေးမည်..ဘယ်တော့ပြောင်းပေး မလဲ..ဘယ် တော့အကြေချေမည်ဆိုတာလောက်ပဲပြောပြီး..ပြန်သွားသည်။

ဒီအိမ်လေးကိုလာဝယ်တဲလူတွေက ဖျက်ပစ်ကြမှာ…ကျွန်တော့်အဖေရသည့်ဆုကြေးလေးနှင့်မနှစ်ကမှမိုးထားသည့်သွပ်မိုး အသစ်လေး ကို လည်းသူတို့စိတ်မဝင်စား ။ဆရာမမေမေ ကျူရှင်ပြလိုရသည့်ငွေပိုလေးနှင့် တူးထားသည့် အဝီစိတွင်းလေး လည်းမလိုအပ်။ဒါလေးတွေက သူတို့မိသားစုနေ့စဉ်ဘဝလေးအဆင်ပြေဖို့ ဖြည်းဖြည်းခြင်းလုပ်ထားရတာတွေလေ ။

ဒီအိမ်လေးကို မနက်ဖြန်ကျရင်သူတို့မိသားစုထားခဲ့ရတော့မည်။သူ့ပညာရေးငွေကြေးလိုအပ်ချက်တွေအတွက် .။နောက်မကြာခဏ မီးလောင်တတ်သော ဒီဆင်းရဲသားရပ်ကွက်လေးမှာ..လေဖြတ်ထားသောဖွားဖွားက အရေးအကြောင်းဆိုမပြေးနိုင်။ နောက်ဖွားဖွားအတွက်ဆေးဖိုးဝါးခလိုအပ်မှုတွေ။ ဒါတွေအားလုံးအတွက် ဒီအိမ်လေးနှင့်လဲလိုက်ရပါသည်.၊အိမ်လေးရေခွင့်လွှတ်ပါ..

မင်းမင်းနဲ့လမ်းခွဲ လက်ဖက်ရည်ဆိုင်လေးကပြန်လာပြီး လမ်းထဲဝင်တော့ လမ်းမီးတိုင်ကျဲကျဲလေးတွေအောက်မှာ ဘာမှမဟုတ်ပါဘဲ
လမ်းလေးသည် လွမ်းစရာကောင်းနေပြန်ပါသည်။ ခြံတံခါးအဝင်ဝမှာ သူစိုက်ထားသည့်စက္ကူပန်းရုံလေးကိုကြည့်မိသည်..သူတို့လည်းတိတ်နေကြသည်။အမှောင်ထဲကအိမ်ရှေ့ကွပ်ပျစ်လေး မှာ ဖေဖေနှင့်မေမေ ကော်ဖီခွက်လေးကိုယ်စီဖြင့်တိတ်ဆိတ်နေကြ သည်။ မေမေက သားညဥ့်နက်ပြီအိပ်တော့လေဟုလှမ်းပြောသည်။ မေမေတို့ ဘာကြောင့်မအိပ်သေးတာလဲလို့တော့ မေမေ့ကိုပြန်မမေး မိ။

ဒီညလေးမှာ သူကောင်းကောင်းအိပ်ပျော်မည်တော့ မထင်…

လင်းဒီပ
၅.၁၀.၀၈
Photo Source:(picture by kri8)
(www.media.photobucket.com)

Saturday, October 4, 2008

တိမ်တွေရေးတဲ့ကဗျာ




မထားခဲ့ဖို့ ဆိုင်းညို့တောင်းပန်ရင်း အုန်းလက်နွားလို ကျန်ရစ်ခဲ့ရတဲ့ကောင်ပါ။
(တာရာမင်းဝေ)

အပြာရောင်ကြယ်လေးသည် အင်းစိန်ဂျီတီအိုင်ရှေ့လမ်းပေါ်တွင် ပန်းတွေကို တစ်ပွင့်ချင်းစီ ကြဲချသွားပါသည်။ အမြင်မတော်သော ကဗျာဆရာလေးက အတင်းပြေးလိုက်ပြီး ပန်းတွေကို ကဗျာကရာ လိုက်ကောက်ကာ ညနေခင်း အကြောင်း ရေးဖွဲ့ပါသည်။ အပြာရောင်ကြယ်လေးသည် စာသင်ခန်းထဲတွင် နွဲ့နွဲ့လေး လင်းလက်နေပါသည်။ ကြယ်ပြာလေးသည် ပါတိတ်ဝမ်း ဆက်လေးကို ဝတ်ထားပါသည်။ ဆံနွယ်များကို စုနှောင်မထား.. ကျောလည်လောက်ရှိသော ဆံနွယ်များကြောင့် ကြယ်ပြာလေး လှနေခြင်းမဟုတ်ပါ.. ကြယ်ပြာလေး စနစ်တကျ စိုက်ပျိုးထား၍သာ ဆံနွယ်များက လှနေခြင်းဖြစ်ပါသည်။ ရှုပ်ကုန်ပြီ ထင်ပါသည်။
ကိစ္စမရှိပါ.. သူကိုယ်တိုင်ကို တချို့ကိစ္စများကို မရှင်းလင်းပါ။ သူသည် ကြယ်လေးကို ငေးရင်း စာသင်ချိန်များကို ရင်ခုန်စွာ ဖြတ်ကျော်ခဲ့ပါသည် ..

တချို့ကောင်လေးများသည် နက်မှောင်ထူထဲနေသော ကြယ်ပြာလေး၏ ဆံနွယ်ရှည်ရှည်များကို စက္ကူမြားများဖြင့် နောက်ဖက်စာသင်ခုံများမှ ပစ်ပြီး ပျော်ရွှင်နေကြပါသည် ။ ဒီကိစ္စသည် သူ့အတွက် အီရတ်ကို အမေရိကန် ဝင်ပစ်သည် ထက်ပို အရေးကြီးပါသည်။ စက္ကူမြားဦးချွန်လေးများသည် ကြယ်ပြာလေးဦးရေပြားကို ထိပါလိမ့်မည်။ မတော်တဆများ ကြယ်ပြာလေးရဲ့မှတ်ဥာဏ်တွေ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ.. ဘယ်သူဒီကိစ္စ တာဝန်ယူမှာလဲ.. ဒီစက္ကူမြားပစ်အဖွဲ့ချုပ် တွင် အများကြီးတာဝန်ရှိပါသည် ။ တာဝန်ယူခိုင်းလို့လည်း.. သူ့ကိုယ်သူ စက္ကူမြားပစ်အဖွဲ့၏ ဥက္ကဋ္ဌလို့ ထင်နေသူ ဟိုတရုတ်လေးက သူတာဝန်ယူမယ်ဆို ဒုက္ခ ။ မတတ်နိုင် ကြယ်ပြာလေး မှတ်ဥာဏ်တွေမထိခိုက်ပါစေနဲ့လို့သာ သူဆုတောင်းနေရပါသည်။

သူသည် ကြယ်ပြာလေးကို အမြဲတမ်း ကန်တင်းလေးမှ ငေးကြည့်နေပါသည်.. တခါတော့ ကြယ်ပြာလေး ဖြတ်လျှောက် လာတာကိုတွေ့ပြီး ကမန်ကတန်း ပြေးထွက်လာရာ.. စားပွဲပေါ်က ထမင်းချိုင့်ကို မဆွဲဘဲ ရေနွေးအိုးကြီး ဆွဲထွက်လာသော ကြောင့် ကြယ်ပြာလေးက အိနြေ္ဒရစွာ လှောင်ပြုံးလေး ပြုံးသွားတာ ခံခဲ့ရဖူးပါသည်။ တခါတော့ မြက်ခင်းပေါ်ကလမ်း ကျဉ်းကျဉ်းလေးမှာ… လမ်းကိုပိတ်ပြီး စကားပြော.. ဟိုကရှောင်နှင့် တဖြေးဖြေး ကြယ်ပြာလေးက မြက်ခင်းပေါ် ရောက်သွား ပါသည်။ နောက်မှ..အော်…ငါ့ အပြုအမူက သူကြီးသား ထန်းတောထဲက မူးလာပြီး လိုက်နှောက်ယှက်သလို ဖြစ်နေပါလား ဆိုပြီး ပြန်ထိန်းရပါသည်.. တရက်တော့ ကြယ်ပြာလေးက စာသင်ခန်းထောင့်စွန်း အဝင်အထွက်နားက ခုံတန်းမှာထိုင်နေပါသည်။

ကျနေက သူ့မျက်နှာပေါ် ထိုးနေဟန်တူပါသည် ။ တံခါးလေးကို စေ့ထားပါသည် ။ သူက အခန်းထဲကိုဝင်မလို့တံခါးကိုဆွဲ အဖွင့်.. သူမမျက်နှာပေါ် နေရောင်ထိုးကျသောကြောင့် လှမ်းအကြည့်..အကြည်ခြင်းဆုံပြီး ပြိုင်တူရယ်လိုက်မိပါသည် ။ အသံမထွက်ပါဘဲ ရယ်သည်ဟု အဓိပ္ပာယ်သက်ရောက်မျှသာသော ထိုအပြုံးလေးသည် ကြယ်ပြာလေး ပေးခဲ့သော ရှားရှားပါးပါးလက်ဆောင်လေး တစ်ခုမျှသာ…

သူသေချာသိပါသည်.. သေချာသည်ထက်ကို သေချာသိပါသည်… ကြယ်ပြာလေးအတွက် လုံလောက်သော ကောင်းကင် သူ့မှာမရှိပါ ..ကောင်းကင်အတုလေးတစ်ခု စိတ်အလင်းနှင့် ဖန်ဆင်းကြည့်ပါသည်.. မုန်တိုင်းအစစ်တွေ ကကြိုကြိုတင်တင် စောင့်နေကြပါသည်။ ကြယ်ပြာလေးကလည်း အလွမ်းတွေကို သူကျောပေါ် လိမ္မာပါးနပ်စွာ ပုတ်ချသွား လိုက်ပါသည်… ထိုအလွမ်းများကို လွယ်ထားသော ကချင်လွယ်အိတ်လေးထဲ ထည့်ကာ သူပြန်လာခဲ့ပါသည်… သူတချက် ပြန်ငေးကြည့်တော့ ကြယ်ပြာလေးသည် ကောင်းကင်ဆီ ဖြေးဖြေးလေး ပျံတက်သွားပါသည်။

လင်းဒီပ
၃.၁၀.၀၈
Photo Source: (picture by toowex)

Thursday, October 2, 2008

ညနေရီ


တိမ်တွေမည်းရင် မိုးကသည်းတတ်လို့
ခိုးခိုးဝှက်ဝှက်နဲ့ အိမ်ပြန်ခဲ့တဲ့ ညနေ

မရှာသင့်မှန်းသိလို့ မလာဖြစ်တော့တဲ့မြို့
နှုတ်မဆက်သင့်လို့ လွှဲလိုက်တဲ့မျက်နှာ

နေကောင်းသွားမှာပါလေ
ရေသစ်မြေသစ်
နေရာသစ်လေးတစ်ခုဆီ မင်းရောက်သွားတဲ့အခါ..
တကယ်ဆို
သူသူငါငါပြောပြောနေကြတဲ့ဘဝဆိုတာလေးက
ရက်ဆုတ်ပြက္ခဒိန်လေးတစ်ခုမျှသာ

လင်းဒီပ
၁.၁၀.၀၈

Wednesday, October 1, 2008

ဖရဲသီးခိုးနည်း



ရန်ကုန် မန္တလေးလမ်းပေါ်က မြို့လေးတစ်မြို့မှာပေါ့…ကိုသာဥာဏ်ဆိုတဲ့ ပေါက်ကရ အမြဲလုပ်တတ်တဲ့လူတစ်ယောက်ရှိတယ် ။ သူက အမြဲတမ်းတစ်ခုမဟုတ် တစ်ခု အမြဲကြံတတ်တဲ့လူပေါ့ ။ ရန်ကုန်မန္တလေး လမ်းဘေးမှာ ဖရဲသီးကားတွေက ညအိပ်နားတတ်တယ်လေ ။ တစ်ညသူတို့အဖွဲ့လမ်းလျှောက်လာရင်း ဖရဲသီးကားတွေနဲ့ မနီးမဝေးရောက်တော့ သူ့အဖော်တွေကိုပြောတယ်..မင်းတို့ကားသမားတွေအိပ်ပျော်နေတုန်းဖရဲသီးတွေသွားခိုးကြ..ငါဒီကစောင့်နေမယ်..တဲ့။သူအဖွဲ့တွေသွားပြီး သူ့အဖွဲ့တွေလက်ထဲ ဖရဲသီးတွေရောက်သွားတယ်ဆိုရင် ပဲ..သူက သူခိုးသူခိုး လို့ လှမ်းအော်တော့တာ…သူအဖွဲ့တွေလည်း ဖရဲသီးတွေ ပစ်ချပြီးသုတ်ခြေတင်ပြေးရတော့တာပေါ့…သူတို့က မြို့ခံတွေဆိုတော့ ကားသမားတွေ လက်ကတော့လွတ်အောင်ပြေးနိုင်တာပေါ့နော်..ဒါနဲ့သူနဲ့လည်းပြန်တွေ့ကော..ဟိုလူတွေက ဒေါသတကြီးနဲ့ဘာလို့ဒီလိုလုပ်တာလဲပေါ့..ဒီတော့သူကအေးအေးဆေးဆေးပဲပြန်ပြောတယ်..မင်းတို့သယ်နိုင်နည်းနည်းပေါ့ကွာ.ဟောဟိုမှာ..ငါ ခိုးထားတာကြည့်တဲ့။ ဟုတ်ပဗျာ ကားသမားတွေ သူခိုးလိုက်တုန်းမှာ သူခိုးထားတဲ့ ဖရဲသီးတွေလေ..နည်းနည်းနောနောမဟုတ်ဘူး ။

လင်းဒီပ
၁.၁၀.၀၈
Photo Source:picture by SUNKiiSSEDBABEx9
(http://www.media.photobucket.com/)

ဆယ်တန်းတုန်းကလေ..





ကျွန်တော်ဆယ်တန်းတက်တော့ ပထမဆုံးအိမ်နဲ့စခွဲဖူးတာ..တစ်ဦးတည်းသောသားဆိုတော့ အမြဲအိမ်မှာတစ်ယောက်တည်းနေဖြစ်ခဲ့သည်….ဆယ်တန်းမှာအစ်ကိုဝမ်းကွဲနဲ့အတူတူနေပြီး..စာအတူလုပ်ကြ..စာမေးပွဲအတူတူဖြေကြဆိုပြီး..အဒေါ်နှင့်မေမေက စီစဉ်သည်.ဒီလိုနှင့်အဒေါ်အိမ်မှာ ကျွန်တော်သွားနေ ဖြစ် သည် ..အစ်ကို ဆိုပေမယ့်လပိုင်းသာခြားတော့..အတန်းက အတူတူ..မှတ်မိနေသေးသည်…ကျွန်တော် တို့ညီ အစ်ကိုနှစ်ယောက် ..အိမ်ထပ်ခိုးမှာတက်နေကြသည်…နှစ်ယောက်အိပ်ဖျာကြီးက ဆယ့်နှစ်ရာသီခင်းထားသည်. .ဘေးမှာ ထမင်း စား ပွဲဝိုင်းပုပုလေး..စားပွဲပေါ်မှာတော့ စုံသည်..ကံကော်ရွှေပြည်ရယ်..ရွှေကံကော်ရယ်..S.Sခင်မောင်အေး..နောက်biology သီချင်းခွေတွေလည်း ပါသည်..အတူတူနေဖြစ်တော့ စာအတူတူလုပ်ဖြစ် မဖြစ် မသေချာသော်လည်း..သိပ်မကြာခင်မှာပဲ..လက်ဖက်ရည်တစ်ခွက်နှင့် ဆိုင်တွင် ဇိမ်ဆွဲထိုင်တတ်သော ကျွန်တော့်အကျင့်ကို သူကစွဲသွားပြီး….သူသောက်နေကျ Lucky Strikeစီးကရက် ကို ကျွန်တော် စသောက်တတ်သွားသည် (အဲဒီတုန်းကLucky Strike တစ်လိပ်ကိုငါးကျပ်…Landon ပေါ်ကာစ)..ကွမ်းယာကို 92(ကွမ်းစားဆေးတစ်မျိုး) ထည့်ပြီး...ရော့မင်း တစ်ယာ..ငါတစ်ယာ စားတတ်သွားသည် …အသက်က ဆယ့်ခြောက်ကျော်ကျော် …ပျော်စရာသိပ်ကောင်းတဲ့ အချိန်လေး တွေ…ညကျ အားအားရှိရင် ကျွန်တော်က အိမ်ကသယ်လာသည့် ဂစ်တာကြီး..တဒေါင်ဒေါင်နှင့် ထတီးသည်…အစ်ကိုကအစောပိုင်းမှာ စာကျက်ချင်ယောင်ဆောင်ပြီး ..လူကြီးတွေအောက်ထပ်က အိပ်သွားသည့် အသံကြားရင်…သူပါလိုက် အိပ်သည်လေ..ကျွန်တော်ကလည်း လူခြေတိတ်လို့ သိပ် စိတ်ကူးယဉ်လို့ကောင်းတဲ့ညတွေဆို..စာအုပ်ချပြီး ကဗျာတွေ ထထ ရေးတော့တာပါပဲ
ကျွန်တော့်တို့ညီအစ်ကို တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်လဲဆိုတာပြောပြချင်သေးသည်…ကျွန်တော်တို့ Day Special မှာ ကောင်မလေး တစ် ယောက်ရှိသည်..ကျူရှင်ခန်းတစ်ခန်းလုံးကို လွှမ်းသွား အောင် ပေါက်တတ်ကရမျိုးစုံလုပ်တတ်သောကောင်မလေးပေါ့ဗျာ…ဖြစ်ချင်တော့ ညီအစ်ကိုနှစ်ယောက်လုံးက သဘောကျသည်..ကောင်မလေးကလည်း တကယ့်ဆူးလှည်း ..တစ်လမ်း လုံးငြိအောင်ကိုမောင်းသည်…ဒ်ီတော့ညီအစ်ကိုနှစ်ယောက်လုံး ငြိပါသွားရုံတင်မကဘူး..အချင်းချင်းပါပြန်ငြိကုန်ရော…အခုပြန်တွေးကြည့်တော့ အတော်ရယ်စရာ ကောင်းသည်…အခုတော့ အဲဒီဆူးလှည်းလေးလည်း ကလေး နှစ် ယောက် လောက်ရနေလောက်ရောပေါ့..ပြီးခဲ့တဲ့ရက်က အစ်ကိုနှင့် onlineမှာ ဒီအကြောင်းတွေစကား စပ်မိ တော့  နှစ်ကောင်သားရယ်ဖြစ်ကြသေးသည်…ဆူးလှည်းလေးကိုကျွေးဖို့ နှစ်ကောင်သားမာလကာသီးတွေ
တက်ခူးတာ …ကျုရှင်မသွားခင် ရေခဲသေတ္တာထဲမှာ..အေးစိမ့်နေအောင်ထည့်ထားတာတွေ….
လူ့ဘဝသည် အတော်လေးတော့ ရယ်စရာကောင်းသည်…တချိန်ကရေးကြီးခွင့်ကျယ်ကိစ္စများသည်..နောင်တချိန်တွင်ရယ်စရာကောင်းသွားသည်…အခု အရေးတကြီးကိစ္စများသည်လည်း နောင်တစ်နေ့ကျ ရယ်စရာဖြစ်လာဦးမည်လေ….


လင်းဒီပ
၃၀.၉.၀၈
Photo Source:(picture by ernstfamily1)

Sunday, September 28, 2008

ကျွန်တော့် နှိုးစက်ကလေးများ




အဖြုရောင်နှိုးစက်ကလေး
ကျွန်တော်တို့ အထက်တန်း ကျောင်းလေးသို့ သွားရသော လမ်းလေးသည် ကုန်းတက်ကလေး ရှိပါသည်။ ကျွန်တော်တို့ ရပ်ကွက်ထဲက ကျောင်းသား အများစုမှာလည်း အများအားဖြင့် စက်ဘီးဖြင့်သာ ကျောင်းတက်လေ့ရှိသောကြောင့် အဆိုပါ ကုန်းတက်ကလေးရောက်တိုင်း စက်ဘီးလေးကို အား စိုက်နင်းကြရပါသည်။ ထိုကုန်းတက်လေးကို ကျွန်တော်အားစိုက် နင်းနေသောစက်ဘီး ပေါ်အငြိမ့်သား ထိုင်လိုက် ချင်သောကြောင့်သာ မိုးမလင်းသေး.. မိတာသည် အသံပြဲကြီးနှင့် လာနှိုးပြီ.... မိတာအိမ်မှ စက်ဘီးလေး နှင့်ထွက် လာရင် ကျွန်တော်တို့အိမ် မရောက်ခင် လမ်းမှာ ကောင်ညင်းပေါင်းဆိုင်လေးရှိသည် ။ ဒီတော့ ကျွန်တော့်ကို ဝင် ခေါ်တိုင်း ဖွားဖွားအတွက် သူ ကောင်ညင်းပေါင်းလေး ဝယ်လာနေကျ.... အိမ်ရှေ့ရောက်တိုင်း စက်ဘီး ဘဲလ်သံလေးပေးပြီး နှိုးမည်… ဒါပေမယ့် ကျွန်တော်ကတော့ဖြင့် ဘယ်တော့မှ မနိုး။ အခန်းဝထိ သူလာ အော်နှိုးနေကျ… အိမ်သာဝင်လို့ ကြာနေရင်လည်း ဒီနှိုးစက်လေးက တချိန်လုံး အော်နေ ပေတော့သည်.. နောက် သူဝယ်လာသည့် ကောင်ညင်းပေါင်းထုပ်လေးကို ဖွားဖွားဆီမှ နည်းနည်းယူ ပါးစပ်ထဲ ပလို့ပလောင်းထည့် သူ့ စက်ဘီး လေးကို ကျွန်တော်က နင်း …နောက်က သူထိုင်ပြီး အဆိုပါ ကုန်းတက်လေးကို ဖြတ်သန်းကြ…ကျွန်တော်တို့ရဲ့ မနက်ခင်းလေး တွေ..ကျောင်းဝတ်စုံအဖြူ အစိမ်းလေးနှင့် မိတာသည် မနက်ခင်း နေရောင်ခြည်အောက်က စံပယ်ဖူးလေးနှယ်…

အညိုရောင်နှိုးစက်ကလေး
ကျွန်တော် အင်ဂျင်နီယာပေါက်စလေး အနေနှင့် စပြီး အလုပ်ဝင်တော့ နယ်မြို့လေးတစ်မြို့မှာ… အမြဲတမ်း ရန်ကုန်ရဲ့ မွန်းကျပ်မှုတွေကြား ရှင်သန်လာခဲ့ရတော့ နယ်မြို့လေးသည် ကျွန်တော့်ကို လန်းဆန်းစေသည်။ ကျွန်တော့် အဆောင်အရှေ့မှ လှမ်းငေး လျှင် ရှမ်းရိုးမကြီးကို လှမ်းမြင်နေရတာ… နေရောင်က မနက်စောစော ဖြေးဖြေးခြင်း တက်လာတာက အစ သဘာဝ ပန်းချီလေးတစ်ချပ်ပါပဲ..
ကျွန်တော်တွေနေကျ မြင်ကွင်းမျိုးတွေမဟုတ်… ကျွန်တော့် အညိုရောင် နှိုးစက်ကလေးက ဒီမြို့သူ…. ဝီရိယကောင်းသော နှိုးစက်ကလေးသည် မနက် ခုနစ်နာရီခွဲလောက်ဆို site ကိုရောက်နေပြီ… ကျွန်တော်တို့ နေသောအဆောင်နှင့်ထမင်းစားဆောင်က မျက်နှာခြင်းဆိုင်.. သူ မနက်စာစားရန် ထမင်းစားဆောင်ဘက် ဦးတည်လာသည့် ဆိုင်ကယ်သံကြားရင် ထပြီး မျက်နှာသစ်မှ.. မဟုတ်လို့ကတော့ ပထမအဆင့် ဟွန်းတီးပြီး နှိုးမည် …မရလျှင် ဒုတိယအဆင့် ကျွန်တော့် အခန်းပြတင်းပေါက်ကို ခဲသေးသေးလေးတွေ နှင့် လှမ်းပေါက် တတ်သေးသည်လေ.. တခါလည်း သူက ခဲနှင့် လှမ်းအပေါက်… ကျွန်တော့် အခန်းဖော်က တံခါးကို အဖွင့် နှင့်… အခန်းဖော်ခေါင်းကို ခဲမှန်ဖူးသည်…ပျော်စရာတော့ ကောင်းသည်.. လပြည့်နေ့လို site ပိတ်သည့် ရက်မျိုးတွင် siteထဲထိ စိတ်ရှည်ရှည် လာခေါ်ပြီး… သူ့ ဆိုင်ကယ်လေးနှင့် မြို့ဦးစေတီတို့ ကန်တော်မင်္ဂလာတို့ ဘက်သွားရတာ… မနက်စောစော.. နွားနို့ပျစ်ပျစ်လေး သောက်ရတဲ့အရသာ.. မုန့်ဟင်းခါးနှင့် လက်ဖက်ရည် .. နိုးခါစ မြို့လေးသည် ချစ်စရာကောင်းလိုက်တာ…

အပြာရောင်နှိုးစက်ကလေး
Overseasမှာ အလုပ်လုပ်နေသည့် သူငယ်ချင်းတွေ လှမ်းခေါ်တော့ ကျွန်တော့်လည်း စက်ရုပ်ဆန်သည့် ဘဝလေးတစ်ခုဆီ တိုးဝင်ဖြစ်ခဲ့သည် ။ နယ်မြို့လေးမှာလို မအေးချမ်းတော့… ရုပ်ဝတ္တု တွေကတော့ လိုချင်တာ အကုန်ရသည် ။ အကုန်ရတော့ လိုချင်သည် .. လိုချင်တော့ အလုပ်တွေ ကုန်းရုန်းလုပ်ရသည်… မနက်တိုင်း အလုပ် နောက်မကျအောင် ကျွန်တော့် လက်ကိုင်ဖုန်းလေးကို နှိုးစက် သီချင်း သံကောင်း ကောင်းလေး ပေး ထားလိုက်သည်.. အရင်က သိပ်ကြိုက်သော သီချင်းလေး ဖြစ်ပေမယ့် အခု ဒီသီချင်းသံ ကြားရင် မထချင် …စက်ဘီးဘဲလ်သံလေး ကို လွမ်းပါ သည်… ဆိုင်ကယ်ဟွန်းသံလေး ကိုလွမ်းပါသည်..
ရန်ကုန်တုန်းက မစားဘူးးတာတွေလည်း စားရပါသည်.. မကိုင်ဘူးတာတွေလည်း ကိုင်ရပါသည်… မရောက်ဘူးသည့် နေရာတွေ. မတွေ့ဘူးတာ တွေလည်း တွေ့ရပါသည်… ဒါပေမယ့် မိတာဝယ်လာသော ကောင်ညင်းပေါင်းလေးလောက် .. နွားနို့ ပျစ်ပျစ် တစ် ခွက်လောက်တော့ စိတ်ကို ခွန်အားဖြစ်စေတယ်လို့ မထင်… မြို့ဦးစေတီဘက် ကန်တော်မင်္ဂလာဘက် သွားခဲ့ရတာလေးတွေ လွမ်း ပါရဲ့……မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ ပြဌာန်းထားသလို ဘဝကို ဖြတ်သန်းရမှာပင် …. ငယ်ရွယ်တုန်း ခွန်အား ရှိတုန်း မှာ … လေကို ဆန်တက် နေမှသာ… တချိန် ခြေကျချိန်မှာ လေဟုန်စီးနိုင်ပေမည်မဟုတ်လား...




လင်းဒီပ
၂၉.၉.၀၈

Friday, September 26, 2008

“ပန်း”ပန်းချီ



ပန်းတွေကြွေနေတဲ့ လမ်းလေးကိုကြည့်ရတာ
လမ်းဆက်လျှောက်ဖို့ မကောင်းဘူး
တစ်ပွင့်ချင်းကောက်စီပြီး “ပန်း”ပန်းချီလေးရေးဖို့ပဲကောင်းတယ်

ပွင့်ခြင်းနဲ့ကြွေခြင်းမှာ
ဘယ်အရာက အဓိပ္ပာယ် ပိုပြင်းလဲ

တရုတ်စကားပင်တွေအောက်
ငါတစ်ယောက်တည်း
ရပ်
ငေး
စဉ်းစားဆဲ….

လင်းဒီပ
၂၆.၉.၀၈
Photo Source: www.flickr/photos/deniscollette
(PS:ကျွန်တော်တို့တွေ အားလုံးဟာ အမြဲဝေဖို့ပဲ တွေးနေကြတာပါ။)

Tuesday, September 23, 2008

နန်းထားခဲ့တဲ့ ရင်ကွဲဆောင်း


လယ်ကွင်းထဲက အိမ်ကလေးရယ်
ခြေတံရှည်ဗျိုင်းဖြူဖြူလေးတွေနဲ့ နေညိုချိန်လေးရယ်
နောက် စပါးပင်နွဲ့နွဲ့ကိုင်းကိုင်းလေးတွေရယ်
ငါ့ပုခုံးပေါ်မှီနွဲ့ ပြုံးရွှင်ရယ်မောနေတတ်သူလေးရယ်

နန်းရေ
ဒါက ခဏလေးဆိုရင်တောင်…
သိပ်ကို ရိုမန်တစ်ဆန်လွန်းတဲ့ ခဏလေးဖြစ်မှာပဲ
ကောင်လေးရဲ့ညစာကို မီးသွေးဖိုလေးနဲ့
ခက်ခက်ခဲခဲ ပြင်ဆင်နေတဲ့ကောင်မလေးရယ်
ကောင်မလေးချိုးဖို့ရေကို ကိုယ်တိုင်ငင်နေတဲ့ကောင်လေးရယ်
ဟိုးအဝေးက ရထားဥသြသံလေးတွေကတော့
တို့နှစ်ယောက်ရဲ့နောက်ခံဂီတပေါ့။

ငဲ့ညှာညွှတ်ကိုင်းရလွန်းတော့လည်း ဘ၀ဟာ ထိုင်းမှိုင်းလွန်းလို့
တို့နှစ်ယောက် ခဏလေးနှစ်ကိုယ်ကောင်းဆန်လိုက်မိတာ

တစ်ဘ၀လုံးအတူတူနေခွင့်မရှိတဲ လူနှစ်ယောက်အတွက်
လက်ကျန်ဘ၀နေ့ရက်တွေမှာ
အစိမ်းသေကျန်ရစ်တော့မယ့်လူတစ်ယောက်အတွက်
ဒီခဏလေးက တရားမျှတပါတယ်

ဘာပဲခြစ်ခြစ်…
ဘာပဲရေးရေးပါ…
ဒီခဏလေးဟာ
ကိုယ့်အနာဂတ်ကို သိမ်းယူထားတဲ့ နန်းရဲ့ဝိညာဉ်ဆေးရေးပန်းချီ
ကိုယ့်အတွက် နန်းပေးသနားတဲ့ဆုတော်လာဘ်တော်

နန်းရေ…မင်းပြန်သွားတဲ့နေ့က
အနီရောင်အညာစောင်လေးခင်းထားတဲ့ မင်းအိပ်ရာလေးမှာ မင်းကိုယ်ရနံ့တွေ ရှာနေမိတယ်
မင်းချက်ပြုတ်ခဲ့တဲ့ မီးသွေးဖိုလေးမှာ ငါ့မနက်စာနွေးနွေးလေးကိုရှာနေမိတယ်

နန်းရေ…မင်းပြန်သွားတဲ့နေ့က
ဟော..ဟိုကတန်းလေးပေါ်မှာ မင်း တမင်ချန်ထားခဲ့တဲ့ မွှေးပွသဘက်ကလေး
မင်းသုံးသွားတဲ့ကျောက်ပြင်လေးမှာ သနပ်ခါးနံ့လေးတွေကျန်နေတုန်း

နန်းရေ
မင်းသမီးလေးပြည်တော်ပြန်တော့ စောင်းသမားလေးကျန်ခဲ့တယ်
ဒါ ဘာဆန်းလဲ…

နေပျော်ကျေနပ်ခဲ့ပါတယ်
နေပျော်ကျေနပ်ခဲ့ရပါတယ် နန်း ။

နန်းရေ
အခုတော့လည်း အရာရာဟာ စနစ်တကျပြောင်းလဲ
မပြောင်းလဲနိုင်သေးတာဆိုလို့
ဆုံးရှုံးခြင်းအပေါ် အမှတ်သညာ နည်းလွန်းတဲ့ လူတစ်ယောက်သာ…
ကျောက်ပြင်လေးတစ်ချပ်…စောင်အနီလေးတစ်ထည်…
နောက်
မီးသွေးဖိုလေးတစ်ဖိုနဲ့…ဆောင်းအေးအေးမှာ…
သူ့နှလုံးသား သူနွှေးနေလေရဲ့

လင်းဒီပ
၎.၀၉.၀၈
Photo Source: (picture by missmxchic)
(media.photobucket.com)

Sunday, September 21, 2008

ကြယ်ကလေးထက်မြင့်တဲ့တောင်တန်း(ဖေဖေသို့)


ကျွန်တော်က အနောက်မှာရပ်နေတဲ့ဖေဖေကို ဘယ်တော့မှမမြင်ဘူး။ဟိုကောင်ဆိုတဲ့ခေါ်သံ
နောက်က မေတ္တာတရားရဲ့ သိပ်သည်းဆကို ဟိုးအဝေးရောက်မှတွက်ဆတတ်ခဲ့တဲ့ကောင်ပေါ့
ကျွန်တော်စိတ်ထဲမှာအဖေက ရှေးဟောင်းပစ္စည်း...သူစိတ်ထဲမှာတော့ ကျွန်တော်ဟာ သူ့အနာဂတ်ရဲ့ကြယ်ပြာလေး…(အဲဒီကြယ်လေးကတော့ သူကိုတွေ့ရင် အမြဲမီးမှိတ်လို့)
သားသိသွားတယ်ဖေဖေ..သားမတွေ့အောင်ဖွက်ထားတဲ့ အပေါ်ယံအမာရောင်သုတ်ထားတဲ့
ဖခင်တစ်ယောက်ရဲ့မေတ္တာတွေလေ။ သားအဝေးကြီးကနေ တချက် ပြန်လှည့်အကြည့်မှာ တွေ့လိုက်တာ.. သားစီးနေတဲ့မြင်းကတော့ ကဆုန်ဆိုင်းလို့ပေါ့ ။ ဖေဖေက သိပ်ရှေးရိုးဆန်တဲ့လူ..သူ့သားကို သူ့စိုက်ခင်းလေးမှာပဲ ထားချင်တယ်။
ကျွန်တော်ရင်ထဲက တိမ်မီးတောက်တွေကြောင့်ပါဖေဖေ ။ ဖေဖေစိုက်ခင်းကို ကျွန်တော်မရိတ်သိမ်းနိုင်ခဲ့တာ ။ ကျွန်တော်လေဟုန်ဆန်ရဦးမယ်ဖေဖေ…ယုန်မလေးရဲ့အိပ်မက်ကွက်လပ်တွေကို
ဖြည့်စွက်ပေးဖို့ပါ။လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကမေမေရဲ့အမေအိမ်ကိုဖေဖေသွားခဲ့သလိုမျိုးပါပဲ…သား
လည်းမုန်လာဥနီတွေ တပွေ့တပိုက်နဲ့ယုန်မလေးရဲ့မေမေ ကိုတွေ့ရဦးမယ် ။သားတို့ခေတ်က အဖေတို့ခေတ်ထက်ပြိုင်ဆိုင်မှုတွေ လိုအပ်ချက်တွေကလည်းများရဲ့ ။ ကိုယ့်လက်ကိုယုံယုံကြည်ကြည် ဆုတ်ကိုင်လာမယ့်ပန်းတစ်ပွင့်အတွက်ကျွန်တော်လည်း ကောင်းကင်ငယ်လေးတော့ဖြစ်ချင်တယ်လေ။
သားကိုစိတ်မပူပါနဲ့ဖေဖေ..သားက ဖေဖေအိမ်မှာနေတုန်းသာလူဆိုး …အခုတော့ လောကစီးချက်တွေမှာ ဟန်ချက် ညီအောင်လမ်းလျှောက်တတ်နေပါပြီ…ဒဏ်ရာဒဏ်ချက်တွေကတော့ ဖေဖေဖြတ်သန်းတုန်းကလောက်ပဲ နေမှာပါ..ထူးပြီးစာဖွဲ့နေရင် ဖေဖေရယ်နေဦးမယ်..
သားစိတ်ထဲမှာလည်းဖေဖေနဲ့တူတာ အတော်များများရှိပါရဲ့ မေမေကိုချစ်တာ..စိုက်ခင်းလေးကိုမြတ်နိုးတာ..လရောင်အောက်အိမ်ရှေ့ကွပ်ပျစ်လေးမှာထိုင်ပြီး မေမေဖျော်တဲ့ ကော်ဖီကိုသောက်ချင်တာမျိုးပေါ့..
နောက်..ဆည်းလည်းသံလွင်လွင် ဘုရားရင်ပြင်တော်ပေါ်မှာအေးအေးဆေးဆေး ထိုင်ချင်တာမျိုးလေ..
သိပ်မကြာစေရပါဘူးဖေဖေ…သားပြန်လာခဲ့မှာ..ဖေဖေဆီ..မေမေဆီ...
စိုက်ခင်းလေးဆီ..နောက်သားရဲ့ယုန်မလေးဆီ

လင်းဒီပ
၂၁.၀၉.၀၈
Photo Source: (Pictured by Becca_farns)
(media.photobucket.com)

Saturday, September 20, 2008

ကျောင်းတုန်းက သီချင်း


စံပယ်လေးတစ်ဖူးဆိုပေမယ့်
အတော်လေးရူးခဲ့ရဖူးတယ် ။

ခင်စရာကောင်းဟန်….ဆောင်တတ်လို့လည်း
ခင်ဖူးတယ်
ချစ်စရာကောင်းဟန်….ဆောင်တတ်လို့လည်း
ချစ်ဖူးတယ်
ဒီလိုပါပဲလေ
လွမ်းစရာကောင်းဟန်……ဆောင်ခဲ့တော့လည်း
လွမ်းဖူးတာပေါ့

ငယ်ငယ်တုန်းကလို
ပြန်ကစားကြည့်ချင်သေးတယ်
ငါကလူဆိုးကြီးလုပ်
နင့်ကမင်းသမီးလေးလုပ် ဆိုတာမျိုး

ခက်တာက
ငါကလည်း လူကြမ်းရုပ်နဲ့ မျက်ရည်လွယ်တယ်။
နင့်ကလည်း နတ်သမီးရုပ်ကလေးနဲ့
သွားတက်ကလေးကျ ချွန်တယ်။

တကယ်လက်တွေ့မှာက
ငါကလည်း ဗိုလ်အောင်ဒင်မဟုတ်
နင်ကလည်း မမြ၀င်းမဟုတ်
ဟိုတစ်ယောက်ကလည်း ကိုကိုချစ် မဟုတ်။

ပြီးခဲ့ပြီလေ
အညတရလေး ရဲ့ ညလမ်းမှာ
စံပယ်တွေလည်း နွမ်းပေါ့ ။

ပြီးခဲ့ပါပြီလေ
ငယ်တုန်းက ဖွားဖွားဆုပေးသလိုပါပဲ
ပိန်းကြာရွက်ပေါ်ရေမတင်သလို
အပူအပင်တွေကင်းစင်ပါစေသား ချစ်သူ ။

လင်းဒီပ
၃၁.၀၈.၀၈
(Photo Source: photobucket.com)

ဗျိုင်းပုံပြင်

တခါတုန်းကအလွန်ဆင်းရဲလွန်းတဲသားအဖကခရီးအတူတူထွက်လာကြတယ်။အဖေလုပ်တဲ့သူကတော့
ဘာမဆို ချင့်ချင့်ချိန်ချိန်လုပ်တတ်ပြီး သားလုပ်သူကတော့ အဖေနဲ့ ဆန့်ကျင့်ဘက် ..ထင်ရာတွေလျှောက်လုပ်တတ်သူတစ်ယောက်လည်းဖြစ်တယ်။
ဖြစ်ချင်တော့ မြို့တစ်မြို့ရဲ့အ၀င်ကို သူတို့သားအဖရောက်တဲ့ အချိန်မှာပဲ နေပြည်တော်မှာ ရှင်ဘုရင်ကြီး ရုတ်တရက်ဆုံးပါးသွားတဲ့အတွက် မှူးကြီးမတ်ကြီးတွေက ရှင်ဘုရင်အရိုက်အရာအတွက် သင့်တော်မယ့်သူကို အသည်းအသန် ရှာဖွေနေတဲ့ အချိန် ။ သူတို့ရွေးချယ်တဲ့နည်းက ဗျိုင်းတစ်ကောင်ပါတယ် ။ အဲဒီဗျိုင်းခေါင်းပေါ်နားတဲ့လူက ရှင်ဘုရင်ဖြစ်ပြီပေါ့ ။ဒီလိုနဲ့မင်းလောင်းရှာလိုက်တာ သစ်ပင်အောက်မှာအိပ်နေတဲ့ သားလုပ်သူရဲ့ခေါင်းပေါ်ကိုဗျိုင်းကလည်းဆိုက်ဆိုက်မြိုက်မြိုက်သွားနားပါလေရော..ဒါနဲ့သားလုပ်သူလည်းရှင်ဘုရင်ဖြစ်လာရော ။
ရှင်ဘုရင်ဖြစ်လာပြီဆိုတော့လည်း တိုင်းခန်းလှည့်လည်တာပေါ့လေ ။ဒီမှာတင် ဗျိုင်းနားဘုရင်လေးက သူ့အစွမ်းပြတော့တာပဲ။တံခါးမှူးတွေ့တော့မေးတယ်..မင်းတံခါးမှူးလုပ်တာ..ဘယ်လောက်ကြာပြီလဲပေါ့…တံခါးမှူးကလည်း..နှစ်နှစ်ဆယ်ရှိပါပြီပေါ့…ဒါနဲ့ဘေးမှာပါလာတဲ့အမတ်ကြီးကိုမေးတယ်…အမတ်ကြီးလုပ်တာဘယ်လောက်ကြာပြီလဲပေါ့..အမတ်ကြီးကလည်း…အနှစ်နှစ်ဆယ်ရှိပါပြီဆိုတော့…ကဲဒါဆိုအမတ်ကြီးက တံခါးမှူးတလှည့်လုပ်ပြီး တံခါးမှူးက အမတ်ကြီးတလှည့် လုပ်..
ဒီလိုနဲ့ဆက်ပြီးလှည့်လည်လာလိုက်တာ..သူကြွယ်ကြီးတစ်ယောက်အိမ်ရောက်လာပါတယ်..သူကြွယ်
ကြီးရဲ့အိမ်မှာပဲသူဆင်းရဲတစ်ယောက်ကသူကြွယ်ကြီးဆီမှာအလုပ်လုပ်နေတာတွေ့တော့ဘုရင်လေးကမေးပြန်ရော…ထုံးစံအတိုင်းပေါ့…ကျွန်တော်မျိုးဆင်းရဲနေတာဆယ်နှစ်ရှိပါပြီပေါ့…သူကြွယ်ကြီးကိုမေးတော့…သူကြွယ်ကြီးက သူချမ်းသာနေတာ ဆယ်နှစ်ရှိပါပြီတဲ့..ကဲဒါဆို မင်းက သူကြွယ်လုပ်ပြီး…သူကြွယ်ကြီးက သူဆင်းရဲ တလှည့်လုပ်ဦးလို့အမိန့်တော်ပေးပါတယ်.. နောက်နန်းတွင်းထဲမှာလည်းမိဘုရားကြီးကိုမောင်းမမိတ်သံနေရာရွေ့..မောင်းမမိတ်သံကိုမိဘုရားကြီးနေရာပေးနဲ့၊နန်းတွင်းသမားတော်ကြီးကိုအာဏာပါးကွက်သားနေရာရွေ့..အာဏာပါးကွက်သားကိုနန်းတွင်းသမားတော်အရာပေး ..စစ်သူကြီးကို ဥယျာဉ်မှူးနေရာရွေ့…ဥယျာဉ်မှူးကို စစ်သူကြီးအရာပေးပေါ့လေ..
ဒါနဲ့ အဖေလုပ်တဲ့လူကပြောတယ်…မင်းကြီး ..အခုလုပ်တာတွေက တိုင်းပြည်ထဲမှာ အတော်လေးကို ကမောက်ကမတွေဖြစ်နေတယ်..တိုင်းသူပြည်သားတွေလည်း စိတ်နှလုံးမရွှင်မလန်းဖြစ်နေကြပါတယ်ပေါ့…ဒါနဲ့ရှင်ဘုရင်လေးကပြန်ပြောတယ်..အဘရာ..တိုင်းသူပြည်သားတွေကံကောင်းရင် ဗျိုင်းက အဘခေါင်းပေါ်နားမှာပေါ့..အခု သူတို့ကံဆိုးလို့သာ..ကျုပ်ခေါင်းပေါ်နားတာပေါ့..တဲ့ ။

(နာဖူးသောတရားတစ်ပုဒ်အားပြန်လည်မျှဝေပါသည်။)

လင်းဒီပ
၂၀.၀၉.၀၈

Tuesday, September 16, 2008

ညီမလေးနှင့်ကျွန်တော်


ယုန်ကလေးမလာခင်တည်းက
ချုံကလေးက ရှိနှင့်ပြီးသား

ချုံကလေးလည်းတွေ့ရော
ယုန်ကလေးက ပြေးဝင်လာရော

ညီမလေးရဲ့မေမေ
ဒေါသတွေ မိုးလိုရွာချတဲ့နေ့က
ယုန်ကလေးမိုးမိမှာစိုးလို့
ချုံကလေးရဲ့ရင်ထဲ
ဖွက်ထားလိုက်ရတယ် ။

လင်းဒီပ
၃၀.၀၈.၀၈
(Photo Source: frickr.com)

ပန်းတွေ…အစိမ်းခြွေ


မိစ္ဆာရောင်ပြာနှမ်းနေတဲ့ ကောင်းကင်အောက်
ပန်းတွေ
ကြွေသင့် မကြွေသင့် ဒွိဟဖြစ်နေတာက
ရင်နင့်စရာ
အပင်ဖျားမှာ နှင်းခါးတွေ သီလို့…
အပင်အောက်မှာက ပန်းခြောက်တွေကြွေ...

စိတ်ကို တီးခတ်လိုက်ရင် အကောင်းဆုံးသီချင်းဖြစ်လာမှာ
ဒါ..ပန်းတွေ မျက်ရည်နဲ့ရက်တဲ့သီချင်း ။

စိတ်ကို ဆက်မတီးဘူး
ပစ္စုပ္ပန်မှာ ပြန်ချထားလိုက်တယ်
နောက်
အိပ်မက်တံခါးကို အသာလေးပိတ်ပြီး
ကိုယ့်အိမ်ကိုယ်ပြန်အိပ်ခဲ့တယ် ။

လင်းဒီပ
၁၆.၀၉.၀၈
(Photo Source: s77.photobucket.com)

မှောက်ထားတဲ့ည


တံခါးတွေ အကုန်ပိတ်
မီးတွေအကုန်မှိတ်
အမှောင်ထဲမှာ တိတ်တိတ်လေးထိုင်နေတာ
ဘယ်သူမှ တံခါးလာမခေါက်ပါနဲ့။

ငါ့ကွန်ပျူတာလည်း ပိတ်ထားတယ်
ငါ့ဖုန်းလည်း ပိတ်ထားတယ်
အလင်းဆိုလို့ ပိုးစုန်းကြူးလေးတစ်ကောင်တောင်မတွေ့လိုဘူး
ဘယ်သူမှ တံခါးလာမခေါက်ပါနဲ့

ငါ့တံခါးအရှေ့တောင် လာမရပ်ကြပါနဲ့။

ငါ့ပါးစပ်ကြီးကိုလည်း ပိတ်လိုက်ဖွင့်လိုက်လုပ်ဖို့
ငါ့မှာ အင်အားမရှိသေးဘူး။
ငါရိုင်းသွားရင်လည်း ခွင့်မလွတ်ကြနဲ့
ငါ့ယဉ်ကျေးမှုတွေအားလုံး ဓာတ်ပြယ်သွားလို့
ငါ့နူးညံ့မှုတွေအားလုံးပြာကျသွားလို့
ငါကိုငါလည်း ငါမတွေ့ချင်သေးဘူး။

မင်းတို့သွားနေတာဆိုရင်လည်း ငါကိုထားခဲ့ကြဦး။

တစ်စစီဖြစ်နေတဲ့ ငါမနက်ဖြန်တွေကိုလည်း ပြန်မကောက်နိုင်သေးဘူး
ငါ့ဒိုင်ယာရီအဟောင်းတွေလည်းရှာမတွေ့သေးဘူး
ဘယ်သူမှ တံခါးလာမခေါက်ပါနဲ့။

လောလောဆယ်တော့
အမှောင်ထဲမှာ
ဖန်ကွဲစတွေ
ငါ့ကျောမှာ ဆွဲမနှုတ်ရသေးတဲ့ဓားတစ်လက်
ငါ့နဲ့စိတ်ခြင်းဆင်တဲ့ ကျွမ်းလောင်ခဲ့ပြီးသား ဖယောင်းတွေ
နောက်
ငါချစ်တဲ့ တိတ်ဆိတ်ခြင်း ။

လင်းဒီပ
၁၃.၀၉.၀၈
(Photo Source: s77.photobucket.com)

Monday, September 15, 2008

အနှစ်သုံးဆယ်


ဘ၀ကို ပိုးတွေသေသွားအောင်
နေပြင်းပြင်းမှာ ထုတ်လှန်းလို့ရရင်ဘယ်လောက်ကောင်းမလဲ
အနှစ်သုံးဆယ်လုံးလုံး ရေမချိုးဖြစ်တဲ့စိတ်ကိုလေ..

ရေတွက်ကြည့်လိုက်ရင် စွဲမိစွဲရာတွေ အတော်များတယ်
သေသေချာချာ စေ့စေ့ပေါက်ပေါက် ချတွေးတော့
ကွမ်းသမားတစ်ယောက်လိုပဲ
အရေလည်းမရ အဖတ်လည်းမရခဲ့တဲ့ အနှစ်သုံးဆယ်။

နေညိုချိန်လမ်းခွဲတွေမှာ
တစ်ဘ၀လုံးစာ သိပ်အရေးပါတာတွေ ဆုံးရှုံးသွားခဲ့သလို
အသုံးမကျစွာလည်းရူးနှမ်းခဲ့ဖူးတယ်။
တကယ်ရှက်ဖို့ကောင်းခဲ့တာပ
ဘ၀ကို ပိုးစားအောင်နေပြီးမှ အချိုကို စွန့်လွတ်ခဲ့တာ
ဘ၀ကို ဆလွန်းကားတစ်စီးလို့လည်းထင်ခဲ့
ဘ၀ကို ဈေးကြီးပြီး လျှာနဲ့အဆင်မပြေတဲ့ကော်ဖီတစ်ခွက်လို့လည်းထင်ခဲ့
ဘ၀ကို အနုပညာဆန်စေချင်လွန်းလို့ ခေတ်သစ်ပန်းချီကားတွေဘေးလည်း ခဏရပ်ငေးခဲ့
ဘ၀ကို ရုပ်ရှင်ရုံထဲက ပြောင်းဖူးပေါက်ပေါက်တွေနဲ့လဲခဲ့
ဘ၀ကို ပိတောက်တွေပေးပန်ခဲ့
ဘ၀ကို ဟိုင်းဝေးလမ်းတွေပေါ်ပစ်ချခဲ့
ဘ၀ကို ရှင်ပြန်ထမြောက်အောင်ဆိုပြီးကျေးလက်လေးတစ်ခုမှာလည်း ပစ်ချထားခဲ့ဖူးတယ်
တစ်ပိုင်းစီ တစ်စစီပြန်ပေါင်းကြည့်တော့ အနှစ်သုံးဆယ်က စာရင်းထဲမှာ အတိအကျ ။
အပဲ့ အပွန်း လုံးဝမရှိ
အလို အပို လုံးဝ မရှိခဲ့
တကယ့်ကို ထိတ်လန့်စရာပါ
အနှစ်သုံးဆယ်လုံးမှာ
ကိုယ်ဟာ လောကအတွက် သီးပင်စားပင်ကောင်းတစ်ပင် မဖြစ်ခဲ့ဘူး
အမေ့အတွက် တိမ်တဆုပ်တောင် ခုန်အုပ်မပေးနိုင်ခဲ့ဘူး
ငယ်က ဓူဝံကြယ်ထိ စိတ်ကူးယဉ်ခဲ့သူ
အခု မှန်အိမ်ငယ်တစ်လုံးစာတောင် အနာတရတွေအပေါ် အလင်းမဖြာနိုင်သေးဘူး။

မပြန်ခင်ပေါ့ကွယ်
တစ်တောလုံးစာ မစိမ်းနိုင်ရင်တောင်
တစ်ပွင့်စာ တစ်ချပ်စာ
တစ်မိုးစာ တစ်ညစာတော့
ငါလာခြင်းကောင်းခဲ့ချင်ပါသေးတယ်။

လင်းဒီပ
၁၃.၀၉.၀၈
(Photo Source: photobucket.com)

ရိုးရိုးသားသားလိမ်လည်ခြင်း


ဆည်တဲ့ကန်သင်းလည်းမရှိတော့
မေတ္တာစီးရေတွေက ဟိုရောက်ဒီရောက်နဲ့လေ..
အဖတ်တင်တယ်ကို မရှိဘူး

တကယ်ပြောတာညီမလေးရဲ့
ပွေတာရှုပ်တာမဟုတ်ဘူးနော်..
ဟိုသီချင်းစာသားလေးလို..
အချစ်ငတ်လို ရွာလည်နေခဲ့တာ

ပွင့်ဖို့စဉ်းစားတုန်း ကြွေပေးလိုက်ရတာမျိုး
မက်ဖို့ကြံရွယ်တုန်း မိုးလင်းသွားရတာမျိုးလေ..
ကိုယ်ကလည်း သဘောက ခပ်ကောင်းကောင်းဆိုတော့
သနားအောင်လာလုပ်ရင် လက်နက်ချလိုက်ကော..
ကဲ..မခက်ဘူးလား

ထားပါလေဖြစ်ပြီးခဲ့သမျှတွေ
သွားနေကျလမ်းတွေလည်း မလျှောက်တော့ဘူး
တွေ့နေကျလူတွေနဲ့လည်း မတွေ့တော့ဘူး
ပြောနေကျဖုန်းတွေလည်း မကိုင်တော့ဘူး
ကုန်ကုန်ပြောရရင်
….
….
….
….
ကဲ
ဒါဆို ရမလား ၊


လင်းဒီပ
၁၀.၀၉.၀၈
(Photo Source: photobucket.com)

လင်းခွင့်မရတဲ့လရောင်


ချစ်သူပါးမို့ဖွေးပေါ် ပြေးဆော့ကျီစယ်ခွင့် မရတော့လည်း
အသာငုံ့မိုး ကြည့်ငေးပေါ့ …ငါ

ချစ်သူလှမ်းငေးမယ့် ပြတင်းလေးမှာ..ငါ
ပြတင်းလေးဘေး စံပယ်ရုံလေးမှာ..ငါ
ချစ်သူငုံ့နမ်းမယ့် စံပယ်လေးတွေမှာ..ငါ
ချစ်သူသနပ်ခါးနံ့လေးပျံ့မွှေးမယ့် လေပြေလေးပေါ်..ငါ

ဖ၀ါးနုနင်း ဆူးလည်းကင်းစေ
အဲဒီမြေနီညလမ်းလေးပေါ်မှာလည်း..ငါ

အိုကွယ်
တကယ့်ကို တိတ်တိတ်ဆိတ်ဆိတ်
တွဲလက်ကလေးတွေပေါ်
ခိုးဝှက်ဖြာကျပေးနေတာလည်း…ငါပါပဲကွယ်။

လင်းဒီပ
၃၁.၀၈.၀၈
(Photo Source: picasaweb.google.com)