Sunday, November 16, 2008

စက္ကူပေါ်က လမင်းငယ်


စက္ကူလှေလေးတွေမျှောတဲ့ စမ်းချောင်းလေးကို လွမ်းသလို
စက္ကူလေယာဉ်ပျံလေးတွေလွှတ်ခဲ့တဲ့ ကွင်းပြင်လေးကိုလွမ်းခဲ့
စက္ကူစွန်လေးတွေ ဖြတ်ခဲ့တဲ့ အပြာရောင်ကောင်းကင်နုနုကို လွမ်းခဲ့
စက္ကူမြားလေးတွေ နင့်ဆံကြားလှမ်းပစ်ရင်း..
နားထောင်ဖူးတဲ့ ဆည်းလည်းသံ လွင်လွင်လေး လွမ်းခဲ့

ငယ်ငယ်က စာရွက်ပေါ်ချရေးတဲ့ဇာတ်ညွှန်း နဲ့
ရှေ့ကလမ်းက တသွေးစီ တရောင်စီ
နင်ဆွဲပြတဲ့ စာရွက်ပေါ်က အိမ်ပုံလေး
လောက တနံတလျား ငါ အခုထိရှာမတွေ့သေးတာ

အိပ်မပျော်တဲ့ ညတွေဆို စက္ကူလေယာဉ်ပျံလေးတွေ လုပ်ပြီး
နင်ရှိမယ့် အရပ်ဆီ ငါလှမ်းလှမ်းပစ်လွှတ်မိခဲ့
ခုတော့
နင်က ငါ့အတွက်
ဝါကျင့်ကျင့် စက္ကူတစ်ရွက်ပေါ် ကျကျန်ရစ်ခဲ့ရတဲ့
ဂန္တဝင်လမင်းငယ်။
လင်းဒီပ
၁၆.၁၁.၀၈
Photo Source: picture by mytche
photobucket.com

11 comments:

ရွာသားလေးဝိုင်တီယူ said...

ပထမနှစ်က ပစ်ခဲ့ဖူးတဲ့ စက္ကူမြှားတွေကို သတိရမိပြန်ရော။ ပစ်ကွင်းလွဲခဲ့တယ် ထင်ပါရဲ့ လင်းဒီပရယ်။ တခါတခါကျတော့လည်း....

thihanyein said...

ဒုတိယအပိုဒ်ကိုအကြိုက်ဆုံးပဲ ...အဲဒီထဲကမှ
နင်ဆွဲပြတဲ့ စာရွက်ပေါ်က အိမ်ပုံလေး
လောက တနံတလျား ငါ အခုထိရှာမတွေ့သေးတာ...
အဲဒီစာကြောင်းတွေကိုကြိုက်တယ်...မိုက်တယ်ဗျာ ..
အကို့ကဗျာတွေကောင်းတယ်ဗျာ...

သီဟညိမ်း

ခေါင်ခေါင် said...

အဆန်းပါပဲလား..
စက္ကူတစ်ရွက်ပေါ်က လမင်းရယ်....

loyallove said...

ကောင်းတယ်ဗျို့ အားပေးလျက်ပါ
ခေါင်းစဉ်လေးကို ပိုပြီးကြိုက်တယ်ဗျာ
ပျော်ရွှင်ပါစေ

ညိမ်းညို said...

ဂန္တ၀င်လမင်းငယ်...ဂန္တ၀င်လမင်းငယ်
ဂန္တ၀င်လမင်းငယ်ရဲ့ ဆံစလေးတွေကြား
စက္ကူမြားကလေးတွေနဲ့ ပစ်လွှတ်ချင်ရဲ့

အကို့ကဗျာတွေက သိမ်မွေ့တယ် နူးညံ့တယ်
စိတ်ကိုအေးသွားစေတယ်
တအားသဘောကျတယ်ဗျာ

ပျော်ရွှင်ပါစေအကိုရေ

- said...

တစ်နေရာဆီဝေးနေတဲ့ ချစ်သူတစ်ယောက် ရဲ့ ရင်တွင်း ခံစားချက်ကို ပိုနားလည်မိပါတယ်။ စာနာမိပါတယ်။ ကိုယ့်အဖြစ်နဲ့ တူလို့လေ။ ဗလာစာအုပ်က ဈေးကြီးတယ်ညီရေ၊ ကြည့်လုပ်

အားပေးလျက်ပါ
http://winzaw-mdy.blogspot.com

တင့်ထူးရွှေ said...

နူးနူးညံ့ညံ့လေးတွေကြီးပဲ :)

အိုင်လွယ်ပန် said...

ကောင်းတယ် ကိုဒီပ
ငြိမ့်ငြိမ့်လေး.......................

ငြိမ်သက် said...

ဒီပ...ချွန်တွန်း

ဒီမှာ စာမျက်နှာ ၄၈၀ ဗလာစာအုပ်က
၁၀ရွက်ပဲကျန်တော့တယ်
စမ်းချောင်းမနီးတော့ ရေချိုးခန်းထဲမှာ
ပျော့ဖတ်တွေလည်း ပြည့်နေပြီ
ပီကေကပ်ပြီး ပစ်ထားလို့
စက္ကူမြှားတွေလည်း
မျက်နှာကျက်မှာ ဖွေး၂ လှုပ်လို့
ဒီလ အိမ်ရှင်လာရင်တော့ကွိုင်ပဲ

အိမ်မက်ရှင် said...

လှလိုက်တဲ့ကဗျာ၊ သိမ်သိမ်မွေ့မွေ့နဲ့ကို လှနေပါလားဗျာ။ ဒီအပိုဒ်နေရာလေးက ပိုနုညံ့ညင်သာ တယ်။

“ငယ်ငယ်က စာရွက်ပေါ်ချရေးတဲ့ဇာတ်ညွှန်း နဲ့
ရှေ့ကလမ်းက တသွေးစီ တရောင်စီ
နင်ဆွဲပြတဲ့ စာရွက်ပေါ်က အိမ်ပုံလေး
လောက တနံတလျား ငါ အခုထိရှာမတွေ့သေးတာ”

ကိုဒီပတို့ကဗျာလေးတွေက အစဉ်အလာကို ထိန်းသိမ်းပန်းပန်လျှက် ချစ်စဖွယ်လှပနေဆဲပါဗျာ ...

ခင်မင်လေးစားစွာဖြင့်

Moe Myint Tane said...

အား ငြိမ့်ငြိမ့်လေးပါလား။ ကဗျာရေယဉ်ကြောထဲမှာ အသာလေးမျောလိုက်သွားလိုက်တာ ဘယ်လောက်တောင်ကြာသွားလဲမသိဘူး။ စကားလုံးလေးတွေက ငြိမ့်ငြိမ့်လေးနဲ့ ခေါ်သွားတယ်။ ကောင်း၏ ။

စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်