Wednesday, November 5, 2008

ဆိုင်ကယ်ရယ် မခိုင်ရယ်..


ကျွန်တော် ဒီမြို့လေးကို ရောက်ခါစက ဆိုင်ကယ်လုံးဝမစီးတတ်။site ထဲနေရတော့ ဆိုင်ကယ် မစီးတတ်ရင် ခြေထောက် ကျိုးနေသလို။နောက်ပြီးတော့ အားလုံးက ဆိုင်ကယ်တွေစီးနေ..နေကလည်းပူ..ကုန်းတက် ကုန်းဆင်းတွေ လည်းများတော့ စက်ဘီးနဲ့ကဘယ်လိုမှ အဆင်မပြေဘူး။ ရန်ကုန်မှာစက်ဘီးစီးတာ ဘာမှမဖြစ်ပေမယ့် site ထဲမှာဆိုင်ကယ်တွေ ရှိရက်နဲ့ စက်ဘီးပေါ် တက်ခွဖို့ကလည်း အလှောင်ခံရတယ်။ နောက်တော့ ကျွန်တော်လည်း ဆိုင်ကယ်စီးတတ်အောင် လုပ်ရပါတော့တယ်။ သင်ပေးတဲ့ ညီလေးတွေ ကလည်း အစ်ကိုဘာမှမကြောက်နဲ့ စက်ဘီးစီးတတ်ရင် ဆိုင်ကယ်စီးတတ်တယ် ။ အတူတူပဲ ရဲရဲသာစီးတဲ့။
စ စီးစီးချင်းမှာ speed က ဘယ်လိုမှမမှန် ရှည်ပြီး တစ်ယောက်တည်း residence site ဘက် စီးချသွားတာ..အို လေလေးက တဝှီးဝှီး ဟုတ်နေတာ။ ခဏလည်းနေရော..angle ကျဉ်းကျဉ်းကို အရှိန်မလျော့ဘဲ ကွေ့ချလိုက်တာ..ဘိုင်းကနဲကို ပစ်လဲ…ဆိုင်ကယ်တခြား လူတခြား ..ဘယ်သူမှ ထူမယ့်လူမရှိ။ တစ်ယောက်တည်း ထော့နဲ့ထော့နဲ့လေး လျှောက်လာ..ဆိုင်ကယ်ကို ဖြည်းဖြည်း ပြန်ထူပြီး ပြန်စီး လာရတယ်။ အဲလိုလေးနဲ့ဟိုနားဒီနား တောင်စီးမြောက်စီးပေါ့။

ကိုယ်ကသာမဟုတ်သေးတာ လူတော့ တင်စီးချင်တယ်။တစ်ညပေါ့ ..ကျွန်တော်တို့ Main Building Site ကနေ ဟိုဘက် Residence Site ကိုလိုက်ခဲ့ဆိုပြီး ကျွန်တော့်အထက်အင်ဂျင်နီယာက ကျွန်တော်နှင့် မခိုင်ကို လှမ်းခေါ်တယ်။ မခိုင်က ပျဉ်းမနားသူ..အင်ဂျင်နီယာ..ဆိုင်ကယ်ကို မွတ်နေအောင် စီးတတ်တာ။ဒါပေမယ့် ဒီတစ်ခါတော့ ကျွန်တော်ကလည်း သူများကို အလွန်တင်ချင်တယ်။ မခိုင် နင်နောက်က စီးဆိုတော့ သူက မယုံသလို..ဒီပ နင်ဖြစ်လို့လားတဲ့။ သူ မယုံလည်း မယုံချင်စရာ…သူက မဘုတ်ဆုံလေး(ကြားရင် ကျွန်တော့်ကိုသတ်မှာ..:P)..ကျွန်တော်က ပိန်ပိန်ရှည်ရှည်..သူ့ weight ကို ကျွန်တော် နိုင်မယ်လို့ သူလုံးဝမယုံကြည်။ လာပါဟာ နင်ကလည်း…ကျွန်တော် အတင်းခေါ်တော့ သူ့ကိုယ်သူ ဖြစ်ချင်ရာဖြစ်လို့ ပိုင်းဖြတ် လိုက်ပုံရတယ်..အေးအေး..သေချာတော့စီးနော်.တဲ့..သူ့ကိုယ့်ကြီး တက်လိုက်တော့ ဆိုင်ကယ်က အိကနဲပဲ..ကျွန်တော်ကလည်း ဂီယာထိုး..ထွက်ချလာ..ဆိုင်ကယ်ကတောင်ယိမ်းလိုက်..မြောက်ယိမ်းလိုက်နဲ့ ..ကျွန်တော့်ဆိုင်ကယ်ကြည့်ပြီး နှုတ်ဆက်မယ် လုပ်နေတဲ့ လုံခြုံရေးအဖိုးကြီးက နှုတ်မဆက်ရဲဘဲ လမ်းဘေးပြေးကပ်တယ်။ ဟုတ်တယ်လေ အသက်နဲ့ရင်းပြီးတော့ ဘယ်သူက နှုတ်ဆက်ရဲမှာလည်း..နောက်ကနေ မခိုင်ကလည်း အသံပေါင်းစုံနဲ့အားပေးလာတာ..ဟဲ့ဟဲ့ ရပ်လိုက် အို လဲတော့မှာပဲ.. အမလေး.. အဲလိုနဲ့ယိုင်ထိုးယိုင်ထိုးနဲ့ Residence တော့ရောက်သွားတယ်။ အပြန်ကျတော့ မခိုင်က အမိန့်ထုတ်တယ်။တော်ပြီ နင်နောက်ကပဲ လိုက်တော့တဲ့။ဒါနဲ့ကျွန်တော်လည်း ငြိမ်ငြိမ်လေးပဲ အေးဆိုပြီး နောက်က ထိုင်မယ်လုပ်တော့ သူကမိန်းကလေးလေ။ ခွထိုင်ဖို့က လည်းမသင့်တော်။ ကျွန်တော်မှာ နောက်က မိန်းမထိုင်လေးထိုင်ပြီး ပြန်လိုက်လာရတယ်။ ဒါကို ခုနက နှုတ်ဆက်ခွင့်မရလိုက်တဲ့ လုံခြုံရေး အဖိုးကြီးကထွက်လာပြီး ဘာမှမပြောပဲ ပြုံးပြုံးကြီးလုပ်လို့။
လင်းဒီပ
၅.၁၁.၀၈
Photo Source: picture by koji1270

13 comments:

ခေါင်ခေါင် said...

အခုရော တော်တော် စီးတတ်သွားပြီလား...
အမှတ်တရလေး တွေပေါ့.. ကိုဒီပရယ်....

khin oo may said...

ကျွန်မလဲ ပြုံးသွားတယ်ရှင့်။

khin oo may said...

အမှတ်တရ လေးတွေပေါ့။ ကိုဒီပရယ်။ အဲငှယ်။ အဲငှယ်။

အိုင်လွယ်ပန် said...

အင်း
ဆိုင်ကယ်ရယ်..မခိုင်ရယ်....ကိုဒီပရယ် :P

Anonymous said...

ကိုဒီပ က ဟယ်ရီပေါ်တာလို တံမြက်စည်းစီးတာ အရမ်းကျွမ်းကျင်ပါတယ်။ ဟုတ်တယ်ဟုတ်....

Anonymous said...

ကိုဒီပ က ဟယ်ရီပေါ်တာလို တံမြက်စည်းစီးတာ အရမ်းကျွမ်းကျင်ပါတယ်။ ဟုတ်တယ်ဟုတ်....

- said...

နှစ်ခြိုက်စွာ ရယ်မောသွားကြောင်းပါ..
http://winzaw-mdy.blogspot.com

ဟန်လင်းထွန်း said...

ဆိုင်ကယ်ကို အနောက်ကနေ မိန်းမထိုင်စီးတာ ဘယ်လို ယုံရပါ့ :)

ဝေလေး said...

ရီသွားရတယ် :)

Moe Myint Tane said...

ဟား ဟား ဟား ဟား ဖြစ်မှဖြစ်ရလေ ကိုဒီပရယ်။

Anonymous said...

ရီလိုက်ရတာ ကိုဒီပရယ်၊ တကယ်ပါပဲ။ ကိုဒီပနောက်က လိုက်စီးနေတဲ့ ပုံကို မြင်ယောင်ကြည့်မိလေ၊ တိုးပြီး ရီမိလေပဲဗျာ ... ဘ၀အမောပြေလို့ အထူးကျေးဇူးပါဗျာ။

ခင်မင်စွာဖြင့်

sin dan lar said...

ပြုံးသွားပါတယ်

jr said...

ြံ့ပုံးမိတယ်လို့ရေးမလို့။ ရှေ့ကလူတွေလဲ အကုန်လုံး ရီလို့ ပြုံးလို့ပါလား။