မြစ်ဆိုတာ
ပင်လယ်ဆီ ရောက်အောင်သွားရင်း
သက်တမ်းကုန်ဆုံးရတာ..။
ငယ်ဘဝ
ရစ်ခွေ စီးဆင်းခဲ့ဖူးတဲ့
အထက်အညာမြို့ကလေး
အခုတော့လည်း ဒဏ္ဍာရီ…။
လင်းဒီပ
၂၈.၁၀.၁၀
မြစ်ဆိုတာ
ပင်လယ်ဆီ ရောက်အောင်သွားရင်း
သက်တမ်းကုန်ဆုံးရတာ..။
ငယ်ဘဝ
ရစ်ခွေ စီးဆင်းခဲ့ဖူးတဲ့
အထက်အညာမြို့ကလေး
အခုတော့လည်း ဒဏ္ဍာရီ…။
လင်းဒီပ
၂၈.၁၀.၁၀
တားရက်နဲ့ သွားခဲ့မိသူ အမှားတွင်းထဲ တမြေ့မြေ့နစ်ခါ…
ကျော့ကွင်းမှာ အထပ်ထပ် ရုပ်မပီ ခလုတ်ထိမှ တ ခဲ့မိတယ်…
အမေ့ရဲ့ သားမှာလေ အရွယ်လွန်လွင့်ပါး စုန်းစုန်းမြုပ်တော့မယ် အမေ…
(ထူးအိမ်သင်)
အမှန်သာ ဝန်ခံရလျှင် သူစိတ်လေနေတာပဲ ဖြစ်သည် ။ အရင်လို မေမေနဲ့သာ တစ်မိုးတည်းအောက် အတူနေရလျှင် မေမေ ဘယ်လောက်ဆူဆူ သားရယ် မင်းစိတ်ပျော့လိုက်တာလို့ ဘယ်လောက်ပြောပြော သူကျေကျေနပ်နပ် ခံယူပြီး စိတ်ထဲ မွန်းကျပ်နေသမျှ ဂွမ်းစလေးလို ပေါ့ပါးသွားတဲ့ အထိ စကားတွေ ပြောလိုက်မိမှာပဲ ဖြစ်သည် ။ မွေးချင်း မရှိသော သူ့ဘဝတွင် မေမေသည် ရင်းရင်းနှီးနှီးရင်ဖွင့်စရာ သူငယ်ချင်းပင် ဖြစ်သည် ။ မေမေသည် သူဘာဖြစ်ဖြစ် အကုန်ပြောပြနေကျ ဖြစ်သည် ။အလယ်တန်းကျောင်းသားဘဝ မေမေမသိအောင် ကျောင်းပြေးပြီး သူငယ်ချင်းတွေနဲ့ ပန်းခြံတစ်ခုထဲ ရောက်သွားဖူးသည် ။ တစ်ပတ်လောက်ရှိတော့ မနေနိုင် ။ သွားခဲ့တဲ့အကြောင်းကို မေမေကို ပြန်ပြောပြသည် ။ မေမေက မဆူ ။ နောက်ကို အားလပ်ရက် အိမ်ကို အသိပေးပြီးသွားဖို့ ပြောသည် ။ ဆယ်တန်းဖြေဖို့ အဒေါ့်အိမ်မှာ အစ်ကိုဝမ်းကွဲနှင့်အတူတူ နေပြီး ကျူရှင်တွေတက် ညဘက်ညဥ့်နက်ခံ စာတွေလုပ်တော့ မေမေက သိပ်ညဥ့်နက်အောင် အပင်ပန်းမခံဖို့ အချိန်တန်သူ့ဘာသာ အောင်သွားလိမ့်မည်ဟု မှာသည် ။ အတင်းစာတွေ လုပ်ခိုင်းနေသော အဒေါ်က ပါးစပ် အဟောင်းသားနှင့် ကျန်ခဲ့သည် ။ ပထမဆုံးအသဲကွဲဖူးတော့ မေမေရင်ထဲမှာ ခေါင်းထိုးပြီး ငိုတာ သူမှတ်မိသည် ။ မေမေကို သူ သိပ်လွမ်းနေသည် ။ မေမေသာ အနားမှာ ရှိလျှင် သိပ်ကောင်းမှာပဲ လို သူတွေးနေမိသည် ။
အသက်ကြီးပြီး မရင့်ကျက်ဘူးဟု တစ်ယောက်ယောက်က ဝေဖန်လျှင် မတတ်နိုင်ပေ ။ သူသည် ဒီအသက်အရွယ် ရောက်တဲ့အထိ ဘာဖြစ်ဖြစ် မေမေကို သတိရနေတတ်သည် ။ တချို့ပြဿနာတွေဆို မေမေ့ကို ဖွင့်ပြောလိုက်မှ စိတ်ထဲ ပေါ့ပါးသွားသလို ။ ငယ်လေးကို ပြောပြလိုက်လျှင် ငယ်လေးက ဖုန်းထဲကနေ ဖျောင်းဖျစကားတွေ ပြောမည် ။အဲဒိစကားတွေက သူပျင်းလို့ မဖတ်ဘဲထားတဲ့ စာအုပ်ထဲက စာလုံးတွေနှင့် တူနေတတ်သည် ။ ဒီတော့ ငယ်လေးကို သူဘာမှ မပြောတော့ ။ အဆင်ပြေလား မေးရင် ပြေပါတယ်နဲ့ပဲ ပြီးသွားတတ်သည် ။
အသက်ကြီးလာတဲ့အခါ ရွယ်တူတန်းတူ သူငယ်ချင်းတွေ က အနားမှာ တဖြည်းဖြည်းနည်းလာသည် ။ သူတို့ဘဝနဲ့ သူတို့ ကိုယ့်ဘဝနဲ့ကိုယ် ။ သူ့တို့အရေးနဲ့ သူတို့ ။ ကိုယ့်အရေးနဲ့ကိုယ် ။ တစ်ပတ်တခါပင် ဆုံနိုင်ဖို့ မလွယ်တော့ ။ ဂျီတီအိုင် တက်တုန်းက ခင်ခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်ကို မှတ်မိသည် ။ အဲဒီတုန်းက အဲဒီအစ်ကိုကြီးက အသက် ၂၇လောက် ။ သူ့ထက် ခုနစ်နှစ်လောက်ကြီးသည် ။ သူ့အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်ချင်လို့ ဘီယာဆိုင်ခေါ်သွားတာ မှတ်မိသည် ။ တစ်ခါတစ်လေ သိပ်မွန်းကျပ်နေတဲ့အခါ ယုံယုံကြည်ကြည် ရင်ဖွင့်စရာ မိတ်ဆွေလိုအပ်နေတတ်သည် ။ ဆရာတော်ဦးဇောတိက ဟောသလို လူတွေအများကြီးကြားထဲမှာ နေရင်း အထီးကျန်နေရပြန်သည် ။
တခါတလေ လိပ်စာကပ်မပေးလိုက်သည့် စာအိတ်တစ်လုံးလားလို့ သူ့ဘာသာ တွေးမိသည် ။ သူဘယ်ကို သွားနေပါလိမ့် ။ဆက်စဉ်းစားသည် ။ သူ ဘာကို လိုချင်နေပါလိမ့် ။ သူ့လိုချင်နေသည့်အရာများ ရပြီဆိုရင်ကော သူဘယ်လို ပျော်ရွှင်မှာပါလိမ့် ။ ဘဝက တိုတောင်းသလောက် မေးခွန်းတွေက အလျားရှည်လွန်းနေသည် ။ သုခမိန်လှိုင်ကဗျာလေးလိုပဲ လူဖြစ်ရခြင်းသတ္တိနဲ့ လှပအောင်နေဖို့ သူ ကြိုးစားကြည့်သည် ။ မင်းက သိပ်ပျော့တာကိုးကွ ဆိုသည့် မေမေ စိတ်တိုလျှင် ပြောနေကျ စကားလေးပဲ သူကြားနေသည် ။
မောတယ် မေမေ ။ သား ရေသိပ်ငတ်တယ် ။
လင်းဒီပ
၂၆.၁၀.၁၀
ဒီရက်ထဲမှာ ဘာတွေ ရှုပ်နေမှန်းမသိ အလုပ်တွေများနေရင်း ဘလောဂ့်လေးလည်း ပစ်ထားလိုက်မိပါတယ် ။ လောလောဆယ်လည်း ဘာမှ မရေးဖြစ် ။ ရေးဖြစ်တဲ့စာတွေလည်း မကြိုက်နဲ့ ကြိုက်တဲ့ သီတင်းကျွတ်နဲ့ ပတ်သက်တဲ့ကဗျာလေးတွေပဲ စုစည်း ပြီး တင်လိုက်ပါတယ် ။ သီတင်းကျွတ်အတွက် တခါမှ စာမရေးဖြစ်လို့ ။ ဒီတခါတော့ သူများကဗျာလေးတွေ ကောင်းနိုးရာရာလိုက်စုပြီး တင်လိုက်ပါတယ် ။ ကဗျာချစ်သူများ ပျော်စေသော်ဝ် ။
တော်သလင်း
တော်သလင်းနေကြောင့်
ပုစွန်တွေလည်း သေခဲ့ပါပြီ ။
တော်သလင်းမိုးကြောင့်
ကန်သင်းရိုးလည်း ကျိုးခဲ့ပြီ ။
တော်သလင်းမှာ
အဖော်တသင်းနဲ့
အပျော်သီချင်းတွေ ဆိုချင်ပေမယ့်...
ရှိပလေ့စေတော့ တော်သလင်းရေ
အို...တော်သလင်းရေ
တော်သလင်းပြီးရင်
သီတင်းကျွတ်မှာပဲ
သီတင်းကျွတ်မှ
မီးပုံးပျံလွှတ်ရအောင် ။
ကြည်မောင်သန်း
(၂၀၀၉ သင်္ကြန်အတွက် ကိုအောင်သာငယ်စီစဉ်တဲ့ ပြိုင်တူလင်းတဲ့ ကောင်းကင် ebook ထဲက ကဗျာလေးပါ ။)
xxxxxxxxxxxxxxxxxxxxxxxxxx
သီတင်းကျွတ်
ရွှေလ ဘုရားအရိပ်ထဲ ဖိတ်ကျ
သူ့အရိပ် ကိုယ့်အရိပ်ထဲ ဖိတ်ကျ
ဆီမီးနဲ့ မီးရှုးတွေ ပြန်သွားပြီ
စက္ကူမီးပုံးကားလေး အမွှေးတိုင် ရနံ့တွေကြား စတီယာရင်ထိန်းရင်း
လူတွေကို ပို့ပြီး ပြန်လာပြီ
အနမ်းတွေ သိမ်းကြစို့
ညဥ့်နက်လှပြီ ပြန်ရအောင် ။
ပိုင်မင်းဆွေ
http://modernpoemroad.myanmarbloggers.org/2010/05/blog-post_203.html
xxxxxxxxxxxxxxxxxxxxxxxxxx
ပွဲတော်ည
လွမ်းတဲ့စိတ်ကို
မီးပုံးလေးလို ညီမလေးရဲ့အိမ်ရှေ့မှာ ချိတ်ဆွဲထားချင်တယ်
လေသင့်ရာ
တိမ်သားပြာပြာက ယိမ်းနွဲ့ လွင့်ပါလို့
ညမွှေးပန်းရနံ့လေးက လရောင်မှာ ငြိလို့ ။
ဖြစ်နိုင်ရင်
နှလုံးသားကို မီးလှေလေးလို
အဝေးကို မျှောလိုက်ချင်တယ် ။
ဖြစ်နိုင်ရင်
ချစ်ခြင်းမေတ္တာကို ဆီမီးလို ထွန်းညှိပူဇော်ချင်တယ် ။
ဖြစ်နိုင်ရင်
သစ္စာတရားရဲ့လက်ဖျံမှာ
မင်းနာမည်လေး ရေးထိုးထားချင်တယ် ။
ဖြစ်နိုင်ရင်…။
ဘုန်းနေသွန်း
သီတင်းကျွတ်လပြည့်ည
Credit to: http://maungphone.wordpress.com/2009/10/ပွဲတော်ည
xxxxxxxxxxxxxxxxxxxxxxxxxx
ဝါကျွတ်အိပ်မက်
မိုးယွန်းတော့မည်
သော့သော့ကလေး မြောက်လေအေးလည်း
ထွေးဆော့သာသာ နော့ပြီကို ။
လန်းလွန်းလှသည်
ထုံထုံကြည်အေး ကြာပန်းလေးလည်း
ဖွေးဖွေးကန်လုံး ပွင့်ပြီကို။
လင်းလက်တွဲသီ
ဆောင်းရည်ကြိုငေး နှင်းစက်အေးလည်း
မြက်ဖျားတွဲချိတ် ဆွဲပြီကို ။
ဖူးစာဖက်ညီ
စိတ်မှန်းရည်ခဲ့ မောင်မယ်ဖွဲ့လည်း
မက်ဆဲ အိပ်မက်
လက်ချိုးတွက်ရည် ရင်တွေဖို ။
မမသီရိ
Credit to: http://mamathiri.blogspot.com/2009/09/blog-post_24.html
xxxxxxxxxxxxxxxxxxxxxxxxxx
မီးပုံးပျံလွှတ်ကြရအောင်
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
မီးစာဖိုး တတ်နိုင်မယ့်တနေ့မှာ...။
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
မပြောတဲ့လူသန်တွေ သန်လာမယ့်တနေ့မှာ..။
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
ဆယ်လမွန်ငါးတို့ ပြန်လာနိုင်မယ့်တနေ့မှာ..။
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
လှောင်အိမ်ထဲက ငှက်ကလေးတွေလွတ်မြောက်မယ့်တနေ့မှာ...။
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
နွားနို့ထဲကို ရေတွေရောရောပစ်တတ်လေသော
ဒီခေတ်ကြီး ဆိတ်သုဉ်းမယ့်တနေ့မှာ....။
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
ဝါလကင်းလွတ်သီတင်းကျွတ်လေပြီ
မီးပုံးပျံလွှတ်ကြရအောင်...
Mirror
Credit to:www.mirror-4D.net/2009/blog-post.html
ဒီရက်ထဲ စာမရေးဖြစ်တာကို visitor counter မှာ လာလည်နေတဲ့သူတွေ တွေ့တော့ တခါက ညီမတစ်ယောက်ပြောဖူးတဲ့ ဘလောဂ့်လို ကျွန်တော့်ဘလောဂ့်လည်း site bar က link တွေ ကောင်းနေလို့များ လူတွေ လာလာနေတာများလားလို့ တွေးမိပါသေးတယ် ။ဒီဘလောဂ့်က site bar ကောင်းတယ် ဆိုတာမျိုးပေါ့ ။ ဒီလက်ဖက်ရည်ဆိုင်က ကော်ဖီမစ် ကောင်းကောင်းရတယ် ဆိုတာလို :P
ခင်မင်လေးစားစွာ
စိတ်ကူးလေးဖြင့် မီးပုံးပျံလွှတ်နေသူ
လင်းဒီပ
မင်းစိတ်ကို ငါမမြင်ဘူးလို့ အော်တယ်
ငါ့အတွေးတွေကော မင်း ငေးကြည့်ဖူးလား ။
ငှက်တစ်ကောင်ကို
သူ့အတောင်တွေ ချိုးရင်
သူဘယ်လို တုံ့ပြန်မလဲ ။
မင်းကို ယုယုယယ ပိုက်ထွေးထားဖို့ဆို
စာရွက်တွေကို လက်သည်းနဲ့ မကုတ်ခြစ်ဘူးလို့
မင်းဘက်ကလည်း တာဝန်ယူဖို့လိုတယ် ။
သိပ်တင်းလွန်းတဲ့ကြိုးတွေ တီးခတ်လိုက်တဲ့အခါ
ဂီတကောင်းကောင်းဖြစ်ဖို့ထက်
ကြိုးပြတ်ဖို့က ပိုသေချာတယ် ။
ဘဝဆိုတာ
အချစ်တစ်ရောင်တည်း ခြယ်လို့ မလှဘူး။
မတော်တဆဖြစ်ဖြစ် ငါ့မင်အိုးကို မှောက် မပစ်ပါနဲ့ ။
နှလုံးသားဆိုတာ
အချစ်တစ်ခုတည်းနဲ့ ဖြုန်းတီးပစ်ဖို့ မဟုတ်ဘူး ။
ယုံကြည်သလို ခုံမင်သီးပွင့်စရာတွေ ကျန်သေးတယ် ။
ငါ လမ်းတွေ ထပ်စိုက်နေပါတယ်
မင်းမလျှောက်ချင်နေပါ
လျှောက်ချင်တဲ့ လူတွေ လျှောက်ကြဖို့ပေါ့ ။
လင်းဒီပ
၀၄.၁၀.၁၀
Copyright (c) 2009 ကျွန်တော့်ပြတင်းပေါက်ကလေး . All rights reserved.
Blogger Templates created by Deluxe Templates.
Design by Free CSS Templates.