တားရက်နဲ့ သွားခဲ့မိသူ အမှားတွင်းထဲ တမြေ့မြေ့နစ်ခါ…
ကျော့ကွင်းမှာ အထပ်ထပ် ရုပ်မပီ ခလုတ်ထိမှ တ ခဲ့မိတယ်…
အမေ့ရဲ့ သားမှာလေ အရွယ်လွန်လွင့်ပါး စုန်းစုန်းမြုပ်တော့မယ် အမေ…
(ထူးအိမ်သင်)
အမှန်သာ ဝန်ခံရလျှင် သူစိတ်လေနေတာပဲ ဖြစ်သည် ။ အရင်လို မေမေနဲ့သာ တစ်မိုးတည်းအောက် အတူနေရလျှင် မေမေ ဘယ်လောက်ဆူဆူ သားရယ် မင်းစိတ်ပျော့လိုက်တာလို့ ဘယ်လောက်ပြောပြော သူကျေကျေနပ်နပ် ခံယူပြီး စိတ်ထဲ မွန်းကျပ်နေသမျှ ဂွမ်းစလေးလို ပေါ့ပါးသွားတဲ့ အထိ စကားတွေ ပြောလိုက်မိမှာပဲ ဖြစ်သည် ။ မွေးချင်း မရှိသော သူ့ဘဝတွင် မေမေသည် ရင်းရင်းနှီးနှီးရင်ဖွင့်စရာ သူငယ်ချင်းပင် ဖြစ်သည် ။ မေမေသည် သူဘာဖြစ်ဖြစ် အကုန်ပြောပြနေကျ ဖြစ်သည် ။အလယ်တန်းကျောင်းသားဘဝ မေမေမသိအောင် ကျောင်းပြေးပြီး သူငယ်ချင်းတွေနဲ့ ပန်းခြံတစ်ခုထဲ ရောက်သွားဖူးသည် ။ တစ်ပတ်လောက်ရှိတော့ မနေနိုင် ။ သွားခဲ့တဲ့အကြောင်းကို မေမေကို ပြန်ပြောပြသည် ။ မေမေက မဆူ ။ နောက်ကို အားလပ်ရက် အိမ်ကို အသိပေးပြီးသွားဖို့ ပြောသည် ။ ဆယ်တန်းဖြေဖို့ အဒေါ့်အိမ်မှာ အစ်ကိုဝမ်းကွဲနှင့်အတူတူ နေပြီး ကျူရှင်တွေတက် ညဘက်ညဥ့်နက်ခံ စာတွေလုပ်တော့ မေမေက သိပ်ညဥ့်နက်အောင် အပင်ပန်းမခံဖို့ အချိန်တန်သူ့ဘာသာ အောင်သွားလိမ့်မည်ဟု မှာသည် ။ အတင်းစာတွေ လုပ်ခိုင်းနေသော အဒေါ်က ပါးစပ် အဟောင်းသားနှင့် ကျန်ခဲ့သည် ။ ပထမဆုံးအသဲကွဲဖူးတော့ မေမေရင်ထဲမှာ ခေါင်းထိုးပြီး ငိုတာ သူမှတ်မိသည် ။ မေမေကို သူ သိပ်လွမ်းနေသည် ။ မေမေသာ အနားမှာ ရှိလျှင် သိပ်ကောင်းမှာပဲ လို သူတွေးနေမိသည် ။
အသက်ကြီးပြီး မရင့်ကျက်ဘူးဟု တစ်ယောက်ယောက်က ဝေဖန်လျှင် မတတ်နိုင်ပေ ။ သူသည် ဒီအသက်အရွယ် ရောက်တဲ့အထိ ဘာဖြစ်ဖြစ် မေမေကို သတိရနေတတ်သည် ။ တချို့ပြဿနာတွေဆို မေမေ့ကို ဖွင့်ပြောလိုက်မှ စိတ်ထဲ ပေါ့ပါးသွားသလို ။ ငယ်လေးကို ပြောပြလိုက်လျှင် ငယ်လေးက ဖုန်းထဲကနေ ဖျောင်းဖျစကားတွေ ပြောမည် ။အဲဒိစကားတွေက သူပျင်းလို့ မဖတ်ဘဲထားတဲ့ စာအုပ်ထဲက စာလုံးတွေနှင့် တူနေတတ်သည် ။ ဒီတော့ ငယ်လေးကို သူဘာမှ မပြောတော့ ။ အဆင်ပြေလား မေးရင် ပြေပါတယ်နဲ့ပဲ ပြီးသွားတတ်သည် ။
အသက်ကြီးလာတဲ့အခါ ရွယ်တူတန်းတူ သူငယ်ချင်းတွေ က အနားမှာ တဖြည်းဖြည်းနည်းလာသည် ။ သူတို့ဘဝနဲ့ သူတို့ ကိုယ့်ဘဝနဲ့ကိုယ် ။ သူ့တို့အရေးနဲ့ သူတို့ ။ ကိုယ့်အရေးနဲ့ကိုယ် ။ တစ်ပတ်တခါပင် ဆုံနိုင်ဖို့ မလွယ်တော့ ။ ဂျီတီအိုင် တက်တုန်းက ခင်ခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်ကို မှတ်မိသည် ။ အဲဒီတုန်းက အဲဒီအစ်ကိုကြီးက အသက် ၂၇လောက် ။ သူ့ထက် ခုနစ်နှစ်လောက်ကြီးသည် ။ သူ့အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းရင်ဖွင့်ချင်လို့ ဘီယာဆိုင်ခေါ်သွားတာ မှတ်မိသည် ။ တစ်ခါတစ်လေ သိပ်မွန်းကျပ်နေတဲ့အခါ ယုံယုံကြည်ကြည် ရင်ဖွင့်စရာ မိတ်ဆွေလိုအပ်နေတတ်သည် ။ ဆရာတော်ဦးဇောတိက ဟောသလို လူတွေအများကြီးကြားထဲမှာ နေရင်း အထီးကျန်နေရပြန်သည် ။
တခါတလေ လိပ်စာကပ်မပေးလိုက်သည့် စာအိတ်တစ်လုံးလားလို့ သူ့ဘာသာ တွေးမိသည် ။ သူဘယ်ကို သွားနေပါလိမ့် ။ဆက်စဉ်းစားသည် ။ သူ ဘာကို လိုချင်နေပါလိမ့် ။ သူ့လိုချင်နေသည့်အရာများ ရပြီဆိုရင်ကော သူဘယ်လို ပျော်ရွှင်မှာပါလိမ့် ။ ဘဝက တိုတောင်းသလောက် မေးခွန်းတွေက အလျားရှည်လွန်းနေသည် ။ သုခမိန်လှိုင်ကဗျာလေးလိုပဲ လူဖြစ်ရခြင်းသတ္တိနဲ့ လှပအောင်နေဖို့ သူ ကြိုးစားကြည့်သည် ။ မင်းက သိပ်ပျော့တာကိုးကွ ဆိုသည့် မေမေ စိတ်တိုလျှင် ပြောနေကျ စကားလေးပဲ သူကြားနေသည် ။
မောတယ် မေမေ ။ သား ရေသိပ်ငတ်တယ် ။
လင်းဒီပ
၂၆.၁၀.၁၀
11 comments:
ရေမသောက်နဲ့ဗျ .. ပိုးတွေပါတတ်တယ်။ ဘီယာလောက်မသန့်ဘူး .....။
စေတနာရှေ့ထားသူတစ်ဦး
ဘိုင်သဝေး .. ခင်ဗျားသူငယ်ချင်း ရွာသား ... အိမ်အလည်လာတာကို မှတ်ပုံတင်ပြခိုင်းနေတယ်ဗျာ .....။
ဘာသဘောလည်းမေးလိုက်စမ်းပါ။
အားကြီး စိတ်ဆိုးနေတယ်ဆိုတာကိုပါ ပိုပိုသာသာလေးပြောလိုက်ပါ။
အမေ့ ကိုတတာ.. လွမ်းတာ.. ရင့်ကျက်တာနဲ့မဆိုင်ဘူးလေဝေ.
တခုတော့ တွေးမိတယ်ကွ.. ညီမလေးကိုချစ်ခြင်းနဲ့ ကြည်ျနူးနေခိုက်ရော.. မေမေ့ကို သတိရနေသလား ဆိုတာ...း)
အစ်မသီရိ
တကယ်လို့ ...
လိပ်စာကပ်မပေးလိုက်တဲ့ စာအိတ်တစ်အိတ်သာဖြစ်ခဲ့မယ်ဆိုရင် စာတိုက်ကို အချိန်တန် ပြန်ရောက်လာမှာပါ ဆရာ ...။ ဘယ်လောက်ပဲ အထီးကျန်ဆန်တယ် ခံစားရပါစေဦး ဆရာ့ blog လေး ရှိနေသရွေ့၊ စာတွေ ရေးနေသရွေ့ အထီးကျန်မှုဆိုတာရဲ့ အဓိပ္ပါယ်က အထ မမြောက်ပါဘူးလေ ... ။
ခင်မင်လေးစားစွာဖြင့်
ဘ၀ဆိုတာ ဘကုန်းနဲ့ဝနဲ့ နှစ်လုံးထဲ မို့လို့သာပဲ။ ဘာပဲဖြစ်ဖြစ်လေ အမေရှိသေးရင် အားရှိနေသေးတာပါပဲလေ။
အိမ်ဆိုတာ အောင်မြင်မှုနဲ့ ပြန်ပြန်
ရှုံးနိမ့်မှု နဲ့ ပြန်ပြန်
ကို့ ကိုကြိုဆိုနေမှာပဲလေ
အမေက ကို့ အတွက်တံခါးကို အမြဲဖွင့်ထားလိမ့်မယ်
တခဏ ဖြစ်ဖြစ် အချိန်ရ ရင် အိမ်ကိုပဲပြန်ဖို့
ကျိုးစားမိတယ်
လူတွေအများကြီးထဲ အထီးကျန် ..
အမှန်ပဲဗျာ ...
တစ်ထောင့်တစ်ည..ရဲ့..ပုံပြင်တွေကြားမှာ..
ကျနော်ဟာ..မိန်းမောပြီး..သာယာလို့နေတုန်း..
အချိန်တန်ခဲ့သည့်တိုင်..အိမ်ပြန်ခွင့်..မသာခဲ့..
....
....
.......
ဟူ ဟူ ဟူ ဟူး ဟူး ရေ ရီး ရေ ရီး ရေ့.....
း))
မေ့မေ့ကို ဖုန်းထဲမှာပဲ ရင်ဖွင့်ပေါ့.. နည်းနည်းတော့ သက်သာသွားမှာပဲ.. :)
ငယ်လေး ဆိုတာ ဘူကြီးတုန်း
တို့လဲဘလော့ပိတ်ဦးမှဘဲ။
Post a Comment