Friday, October 17, 2008

ငှက်တစ်ကောင်ကျန်ခဲ့တဲ့မြို့လေး


(က)
နယ်မြို့လေး၏ ဘူတာရုံအိုအိုလေးသည် အမှောင်အောက်မှာ မှုန်တိမှုန်ဝါးနှင့် ။ ဘူတာနှင့်ကပ်လျက် လက်ဖက်ရည်ဆိုင်ထဲတွင် ဘောလုံးပွဲပြနေပြီး အားပေးနေသူလည်း အတော်များသည် ။ နောက် မလှမ်းမကမ်း ကာရာအိုကေဆိုင်ထဲမှာ ကိုစိုးမိုး၏ ..ကဲ အခုတော့ ဘာပြောမလဲ ဖွင့်ပြောရဲတဲ့ တစ်ယောက်နဲ့တွဲပြီ..ဆိုတဲ့ မူးမူးနှင့်ဆိုနေတဲ့ အသံကြီးက အိပ်ငိုက်နေတဲ့ ဆိုက်ကားသမားတွေ ဆဲလောက်အောင် ကောင်းနေသည် ။ အင်းလေ ခင်ဗျားက မူးမူးနေမှတော့ ဟိုတစ်ယောက်က ထားခဲ့မှာပေါ့ဗျ လို့ တစ်ယောက်တည်း ပြောလိုက်မိသည် ။ ဘူတာလေးထဲမှာ ကောင်ညင်းပေါင်းရောင်းနေသည့် အဒေါ်ကြီးကို အဏ္ဏဝါနဲ့စိုးကြီး သွားရစ်နေသည်။ ဒီကောင်တွေက မူးလာရင် ဒီလိုပဲ ပေါက်တတ်ကရ လုပ်ဖို့ အမြဲ့အသင့် ။သူ့ခါးမှာ walkie talkieကြီး ချိတ်ထားတော့ ကောင်ညင်းပေါင်းသည်ကြီးကလည်း ဘာမှန်းမသိတော့ ကြောက်နေသည်။ တကယ်ကတော့ ဘာကောင်တွေမှမဟုတ် ။ site ထဲကယူလာတဲ့ ကားအကောင်းစားကြီး လမ်းမှာပျက်ရင် site နဲ့ဆက်သွယ်လို့ရအောင် ယူလာရတာ ။ ရထားကခုထိဝင်မလာသေး ။ တစ်နာရီလောက်တောင် နောက်ကျနေပြီလေ ။ ဆေးလိပ်တစ်လိပ် ထပ်ထုတ်ဖွာရင်း စုလှိုင်အကြောင်းတွေးမိတော့ တစ်ယောက်တည်းပြုံးမိသည် ။ တစ်ရက်ထက်တစ်ရက် မြင့်မြင့်တက်လာတဲ့ သံဃောဇဉ်တွေကို ဘယ်လို ရှင်ခန်းဖြတ်ရပါ့လေ ။
ရထားဝင်လာတော့ စီနီယာအင်ဂျင်နီယာ အစ်ကိုကြီးကို ရထားပေါ် အထုတ်တွေ ကူတင်ပေးပြီး ရထားထွက်တော့ အဏ္ဏဝါနဲ့စိုးကြီးကို မနည်းရှာယူသည်။ ကောင်ညင်းပေါင်းသည်ကြီးနှင့် ဘယ်လိုလေကြောတည့်နေသည်မသိ ။ပြန်ဖို့ကို မနည်းခေါ်ယူရသည်။ ကိုစိုးမိုးကတော့ ခုချိန်ထိ ကာရာအိုကေဆိုင်ထံမှာ ဖွင့်ပြောရဲတဲ့ တစ်ယောက်နှင့်တွဲနေတုန်း ။ သူလည်းမြန်မြန်ခေါ်ဦးမှ ။ ဒါတောင် သူက တစ်ညလုံး ဆိုမှာ လုပ်နေတုန်း။
ဘူတာဘက်ကပြန်ထွက်လာပြီး ကားက စုလှိုင်တို့အိမ်ရှေ့ကဖြတ်တော့ တချက်ငေးမိသေးသည်။ စုလှိုင်တို့ဖေဖေဆေးခန်းလေးက လမ်းမီးဝါဝါတွေအောက်မှာတိတ်လို့။စုလှိုင်လည်း အိပ်နေလောက်ရောပေါ့ ။ဒါမှမဟုတ် ”ကို့ အဲဒီကားတွေက အရမ်းရယ်ရတာပဲ”လို့ ပြောလေ့ရှိသည့် ဟာသရုပ်ရှင်ကားတွေ ကြည့်နေတာလည်း ဖြစ်လောက်သည်။ ငြိမ်းချမ်းပါစေ ညီမလေးရယ်။
(ခ)
စုလှိုင်ရေ..ဟောဒီလောကကြီးကညီမလေးသိတာထက်အများကြီး ကျယ်ပြောပါရဲ့..ရှုပ်ထွေးပါရဲ့..ညီမလေးသိတာက ဒေါ်ခင်ဝင်းအသုပ် ဆိုင်ရယ်..ဒီဇိုင်းအသစ်တွေရောက်ရင် အမြဲသတင်းပေးတဲ့ အန်တီနွယ်တို့အထည်ဆိုင်.. နောက်ညီမလေးတို့ လမ်းထိပ်က Beauty Solon .. ညီမလေး သိတဲ့ဘဝက ဟောဒီလမ်းကလေးရယ် ရေမုန့်ကောင်းကောင်းတွေရတဲ့ဘူတာရုံနားက ဆိုင်လေးရယ်..နောက် ကိုယ်တို့မနက်စောစောထိုင်နေကျ ပဲပလာတာနဲ့ လက်ဖက်ရည်ကောင်းကောင်းရတဲ “့ရွှေကဖေး”….
ညီမလေးတို့မြို့အဝင်က လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီးအလွန်မှာ ညီမလေး မတွေးမိသေးတာတွေ အများကြီး ရှိသေးတယ်လေ။ ကျယ်လွန်း ကြမ်းလွန်း လေ့လာစရာတွေ များလွန်းတဲ့ အတောင်ပံတွေ ထပ်ဖြန့်ရဦးမယ့် လောက လွင်ပြင်ကျယ်ကြီးပေါ့ စုလှိုင်ရေ။ ကိုယ်က ဗိသုကာပညာကို ဟိုးငယ်ငယ် ဗိသုကာဘာသာရပ်မှန်း မသိခင်တည်းက စိတ်ဝင်စားခဲ့တာ ။ဒါဆို စုလှိုင်ကို စိတ်ဝင်စားတာထက် အများကြီး စောတယ်ပေါ့ လို့စကားနာထိုးရင်လည်း ခံရမှာဘဲ။ ဒီမြို့ ဒီစီမံကိန်းကို ရောက်လာတာလည်း ကိုယ့်လေ့လာထားတဲ့ ပညာတွေကို အသုံးချဖို့ပဲလေ။အဲဒီမှာ စုလှိုင်ဆိုတဲ့ အရိုင်းစံပယ်လေးနဲ့ တွေ့တာ။အမြဲတမ်း အဆောက်အဦးဒီဇိုင်းတွေ အလင်းအမှောင်တွေ..function တွေ ..form တွေနှင့်ပဲ လုံးလည်လိုက်နေ…Drawing တွေနဲ့ပဲနေထွက်နေဝင်တတ်တဲ့ လူတစ်ယောက်အတွက် စုလှိုင်က ဘုရားပေးတဲ့လရောင်ပါပဲကွယ် ။
ကိုယ်တို့နှစ်ယောက် ချစ်သူဖြစ်ပြီးတဲ့နောက်မှာ စုလှိုင် အမေက အေးအေးဆေးဆေး ခေါ်တွေ့တယ် ။သူတို့ရဲ့ တစ်ဦးတည်းသော သမီးလေးနှင့်လက်ဆက်ပြီး ဒီမြို့လေးမှာပဲနေဖို့…စုလှိုင်တို့ မိသားစုပိုင်လုပ်ငန်းတွေကိုပဲ ဦးစီးလုပ်ကိုင်ဖို့။စုလှိုင်ဖေဖေဆိုလည်း ဒီမြို့လေးရဲ့ဆေးရုံမှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်ပိုင် ဆေးခန်းလေးနဲ့ မိသားစုဘဝလေးကို ငြိမ်းချမ်းစွာ ဖြတ်သန်းနေတာ။အန်တီ ပြောပြတာတွေက ဟုတ်တော့ ဟုတ်ပါတယ်။ဒါပေမယ့် မပြီးဆုံးသေးတဲ့ ကိုယ့်အိပ်မက်တွေ အတွက် ကိုယ်ခရီးဆက်ရဦးမှာ။ ကိုယ့်အိပ်မက်တွေကို နယ်မြို့လေးတစ်မြို့မှာ ဘယ်လိုသတ္တိမျိုးနဲ့ကို အဆုံးသတ်ရမလဲ။ ကိုယ် စုလှိုင်ကို မုန်းလို့မှ မဟုတ်တာ။ ကိုယ်လျှောက်ထားတဲ့ နိုင်ငံခြား တက္ကသိုလ်တစ်ခုမှာ ဗိသုကာနဲ့ ပတ်သက်တဲ့ Master တစ်ခုယူမယ်။ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ အချိန်တစ်ခုထိနေမယ် ။ပြီးရင်ပြန်လာမယ်။ မြန်မာပြည်မှာ ပြန် အခြေချမယ် ။ ကိုယ်ဆက်မယ့်ခရီးမှာ မုန်တိုင်းတွေလည်း ရှိရင်ရှိနေမှာပေါ့ စုလှိုင် ။ဒါပေမယ့် ကိုယ်သွားရလိမ့်မယ်။ သူတို့ရဲ့တစ်ဦးတည်းသော သမီးလေးကို ကိုယ်နဲ့ထည့်လိုက်ဖို့ လူကြီးတွေ စိတ်မချတာလည်း သဘာဝကျပါတယ်။မိဘမေတ္တာကို ကိုယ်နားလည်တယ်။ ကိုယ်ကလည်း ဒီခရီးကိုဆက်မှ ဖြစ်မှာလေ။
ကိုယ်ပြန်လာမှာတော့ သေချာတယ် ။ဒါပေမယ့် ကိုယ့်ကို ဆက်ဆက်စောင့်နေပါလို့တော့ ကိုယ်မပြောဘူး စုလှိုင် ။ ကတိစကားတစ်ခုနဲ့ စုလှိုင်ကို ချုပ်နှောင်မထားခဲ့ချင်ဘူး ။အဆင်ပြေမယ့် တစ်ယောက်ယောက် တွေ့ခဲ့ရင် ရွေးချယ်လိုက်ပါ ညီမလေး ။ဘဝခရီးက အရှည်ကြီးလေ ။ ရှေ့ဘာတွေဖြစ်လာမယ် ဆိုတာဘယ်သူက သေချာပြောနိုင်မှာလဲ ။
သေချာတာက စုလှိုင်ကို ကိုယ်ချစ်တယ်။ဒီမြို့လေးကို ကိုချစ်တယ်။ ကိုယ်ပြန်ရောက်လာတဲ့အချိန် အနားမှာ ဘယ်သူမှ မရှိသေးရင် ကိုယ့်ကို ပြန်လည်နားခိုခွင့်ပြုပါ ။ တစ်ယောက်ယောက် ရှိနေခဲ့ရင်တော့ ကိုယ့်ကိုသူနဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ပြုပါ။ ငြိမ်းချမ်းပါစေ ညီမလေးရယ်။
လင်းဒီပ
၁၇.၁၀.၀၈

12 comments:

ဗီလိန် said...

ကိုလင်းလင်းတို့ ချစ်လိုက်ပုံများ။ လန်းပါ့။

ခေါင်ခေါင် said...

ကိုဒီပ..
သူ့ကိုလဲ ချစ်တယ် မြို့လေးကိုလဲ ချစ်တယ်မဟုတ်လား
စောင့်နေမှာပါ....

မောင်ဖားကြီး said...

အရေးအသားလေးက မိုက်တယ်ဗျာ တစ်ပုဒ်လုံး ဖတ်ချင်အောင် စွဲဆောင်သွားတယ်

ဖိုးဂျယ် said...

အရမ်းကောင်းတယ် ကိုလင်းဒီပရေ အစ်ကို စိတ်ဓာတ်ကို လေးစားတယ်။ လက်ဆွဲနှုတ်ဆက်ခွင့်ပြုပါတဲ့။

Anonymous said...

true story?

တင့်ထူးရွှေ said...

ဖြစ်သင့်တာကို အရင်လုပ်ကြရတာပါပဲ အစ်ကို၊ ညီမလေး စောင့်နေမယ်ဆိုရင်တော့ ဇတ်သိမ်းခန်းလေး လှပလာမှာပါ၊
ဇတ်သိမ်းလေး လှပါစေလို့ ဆုတောင်းပါတယ် ။

ဟန်လင်းထွန်း said...

ဗျို့ ကိုလင်း

မိုက်တယ်နော်။ ပေါင်းရပါစေလို့ ဆုတောင်ပေးပါတယ်။

ဖြိုးငယ် said...

ကိုလင်းဒီပရေ ... ကိုယ်ချင်းစာပါတယ်ဗျာ ...
တစ်ခုလိုချင်ရင်တော့ တစ်ခုကို စွန့်လွတ်ရမှာပဲပေါ့ဗျာ ..
ခဏတာ ခွဲခွာပြီး တစ်ဘ၀စာပေါင်းသင်းရပါစေဗျာ

မသက်ဇင် said...

လင်းဒီပရေ---
အချစ်ဆိုတာ---စွန့်လွှတ်ခြင်းဆိုတဲ့
အယူအဆကို လက်ခံလို့ မရဘူး---

အဓိက ယောင်္ကျားလေးတွေမှာ အဲလိုအယူအဆ
ရှိတာကို မကြိုက်ဘူး---
ကိုယ့်ချစ်သူကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရမှာက
ယောင်္ကျားကောင်းတို့တာဝန်လေ--------။

pandora said...

ချစ်သူတွေ ပြန်လည်ဆုံတွေ့ကြပါစေ

Anonymous said...

ငှက်တစ်ကောင်ကျန်ခဲ့တဲ့မြို့လေး ..ဒီပို့ စ်လေးကဖြစ်ရပ်မှန်ဆိုရင် စေ့စပ်ထားဖို့ တိုက်တွန်းပါတယ်

မင်းအိမ်ဖြူ Minn Eain Phyu said...

မသက်ဇင် တကယ် ကိုယ်ကတစ်ဖက်သပ်အချစ်ဆို ရင်တော. ၊ ကောင်မလေးကဘယ်လိုမှ လက်မခံဘူး ဆိုရင်တော. ၊ မကြိုးစားတာကောင်းပါတယ်........
တဖက်သပ်အချစ်ခံရတဲ.ဒုတ်ခလည်း တော်တော်ကြီး ပါတယ် အမရယ်............