Sunday, October 19, 2008

ကျွန်တော်နှင့်ယိုးဒယား(၃)



အစားအသောက်ကတော့ နေ့လည်စာတော့ ကျွေးပါတယ် ။နောက်ကျရင် မကျန်တော့ဘူး ။ရောက်ခါစ သိပ်လည်းမသိသေးတော့ အဲဒီအလွန်စိတ်ပျက်စရာကောင်းတဲ့ ဘာတွေ ချက်ထားမှန်းမသိတဲ့ နေလည်စာတွေဘဲစားဖြစ်တယ်။(မောင်မျိုး လေနဲ့ပြောရရင် ထိုင်း၊မြန်မာ၊ကရင် သုံးမျိုးပေါင်း စပယ်ရှယ်ချက်ထားတော့ ဟင်းက စားလို့ ကိုမရတော့ဘူး) ။ဒီစက်ရုံမှာတော့ ထိုင်းတစ်မျိုးတည်း ချက်တာကို စားမရတာ။ ညစာကတော့ စက်ရုံနားကဆိုင်မှာ ပဲသွားစားလိုက်တယ်။ ဘတ် အစိတ်ဆို ဝပြီလေ။ စားနေကျဆိုတော့ ဆိုင်ရှင်အဖွားကြီးနဲ့လည်းခင်လာတယ်။သူ့ဆိုင်မှာ ရတာကတော့ ထမင်းကြော်ကို ကြက်တစ်လှည့် ဝက်တစ်လှည့် seafood တစ်လှည့်ပေါ့ဗျာ။ခေါက်ဆွဲကြော်တို့ ကြာဇံကြော်တို့လည်းရတာပေါ့ ။ရင်းနှီးလာတော့ အဖွားကြီးကလည်း စကားပြောချင်တယ်။ ကျွန်တော်တို့ကလည်းပြောချင်တယ် ။ အဖွားကြီးကလည်း ဘိုလိုမတတ် ။ကျွန်တော်တို့ကလည်း ယိုးဒယားလိုမတတ် ။လက်ဟန်ခြေဟန် အမျိုးမျိုးနဲ့ ပြောနေကြတာ…ဘာလို့ နောက်ကျတာလဲတို့.နောက်တစ်ယောက် မပါဘူးလားတို့လေ။ ကျွန်တော်ကလည်း အလုပ်မပြီးလို့တို့ဘာတို့ပြန်ပြော…ဟုတ်နေတာပဲ။

နောက်စက်ရုံဘေးမှာဘဲ ကုန်စုံဆိုင်လေးရှိသေးတယ်။ သူတို့ဆိုင်မှာကောင်မလေးက နှစ်ယောက် ရှိတယ်။အဖေ အမေနဲ့ ပေါင်းရင်လေး ယောက်ပေါ့၊သူတို့ဆိုင် ကျွန်တော်တို့လာရင်လည်း သူတို့က သဘောပေါက်တယ်။ကြိုက်တာယူ ပြီးမှCalculator နဲ့ ကျသင့်ငွေကို ပြတယ်။ တခါ ကျွန်တော်က ကြက်ဥလောက်ကြော်စားတာ။ဖြစ်ချင်တော့ ဆားက လိုရော။ ကျွန်တော်တစ်ဆိုင်လုံးပတ်ကြည့်တာ။ ဆားက မတွေ့ဘူး။ဆားက ယိုးဒယားလိုပြောရင် ကလျာနဲ့ ကလွေ ကြားက အသံ ။အခုထိ အသံမထွက်တတ်ဘူး။ အဖွားကြီးကိုကျွန်တော်က ယိုးဒယားလိုပြောတယ်။နားမလည်ဘူး။ဒါနဲ့ကြက်ဥကိုလက်ညှိုးထိုး ဆီပုလင်းကိုလက်ညှိုးထိုးပြီး ကြော်တဲ့ပုံစံလုပ်ပြတယ် ။မရဘူး။ ကံကောင်းတော့ သူ့သမီးထွက်လာမှ…salt salt ဆိုပြီး အဆင်ပြေသွားတယ်။နောက်ပိုင်းဆိုရင်တော့ ကျွန်တော်တို့လာရင် သူ့သမီးတွေနဲ့ပဲလွှတ်ပေးတော့တယ်။( အမေက အဲလို သဘောကောင်းတာလေ..ဟီး)

Sunday လိုပိတ်ရက်ဆိုရင်တော့ ကျွန်တော်နှင့် ကိုဗင်းဆင့် လိုတတို့ Big C တို့သွား ဈေးဝယ်ထွက်နေကျ လေ။ ထိုအခါမျိုးတွင် ကျွန်တော်တို့ဈေးဝယ်လှည်းလေးတွင် ဘာမှ ဟုတ်တိပတ်တိ မပါ။များသောအားဖြင့် အသီးအရွက်တွေ ထည့်ပြီး လျှောက်တွန်းနေကျ။ ပိုက်ဆံကလည်း သိပ်မရှိ ။ရေခဲသေတ္တာလည်းမရှိဆိုတော့ ကျွန်တော်တို့ တစ်ပတ်စာ ဈေးဝယ်ထွက်တာ ဘာရည်ရွယ်ချက်မှန်းကို မသိတော့။ဒါပေမယ့် food court မှာ အေးအေးဆေးဆေးထိုင် နေ့လည်စာစား ဈေးဝယ်ထွက်လာတဲ့ ယိုးဒယားမလေးတွေ ငေးရတာတော့ ပျော်စရာပေါ့ ။

နောက်ပိုင်း Sunday ဆို ကျွန်တော် သွားစရာ နေရာတစ်ခု တွေ့သွားတယ်။ ကျပ်ထူးချပ်(Chatuchak) Sunday Marketလို့ခေါ်တဲ့ Weekend Market နှင့် ကပ်လျှက်ရှိတဲ့..ကျပ်ထူးချပ်ပန်းခြံ..ကျွန်တော်နေတဲ့ ပါကဲကနေ ဘတ်စ်ကား နံပါတ်(၅၁) ဒါမှမဟုတ် (၁၀၄) စီးလျှင် ရောက်တယ်ဗျ။ဆန်းဒေးဆို အရမ်းစည်တဲ့ ဈေးကြီး။နိုင်ငံသားမျိုးးစုံတွေ့ရတတ်တဲ့နေရာ ။လူတွေက ကြိတ်ကြိတ်တိုး…ရောင်းချတဲ့ ပစ္စည်းတွေက အစုံ အိမ်မွေးတိရစ္ဆာန်မျိုးစုံ ၊ အပင်တွေကလည်းအစုံ..အဝတ်အထည်တွေကလည်းစုံပ၊နောက်လက်မှုပစ္စည်းတွေ ..ရှေးဟောင်းပစ္စည်းတွေ.. ယွန်းထည်လေးတွေ တွေ့တော့ ကျွန်တော်တို့ဆီကများ ယူရောင်းတာလားလို့ တွေးလိုက်မိသေးတယ် ။ ဈေးသည်တွေကလည်း ဘိုလိုကို မွတ်နေအောင် တတ်တာဗျ ။ အစားအသောက် ကလည်း အစုံရတယ်။ စားချင်တာစား ဈေးလည်းမကြီး စားလို့လည်းကောင်း ။ကျွန်တော်ဈေးပတ်လို့ ညောင်းပြီဆိုရင် ကပ်ရက်က ကျပ်ထူးချပ် ပန်းခြံထဲ ဝင်နားပေါ့ဗျာ။

နောက်ပိုင်း နည်းနည်းပိုလည်လာတော့ အနုစာဝါရီ(Victory Monument)လောက်သွားတတ်လာတယ်။ အဲဒီက ဆက်သွားရင် မြို့လည်ခေါင်ကို သွားလို့ရပြီလေ။ကျွန်တော့် စီနီယာတွေကလည်း မှာထားတယ် ။လျှောက်သွားလို့ မျက်စိလည်ရင် အနုစာဝါရီ တော့ရောက်အောင် ပြန်လာခဲ့တဲ့ ။ အဆင်ပြေပါတယ် စကားကောင်းကောင်းမတတ်ပဲ တစ်ယောက်တည်းလျှောက်လျှောက်သွားတဲ့ ကျွန်တော့်အတွက်တော့။
လင်းဒီပ
၁၉.၁၀.၀၈

Photo Source: wikipedia.org

3 comments:

တင့်ထူးရွှေ said...

မရောက်ဘူးတဲ့နေရာမို့ မျက်လုံးထဲမှန်းပုံဖော်ပြီး ဖတ်သွားတယ်အကိုရေ၊ အတွေ့အကြုံတွေကို စိတ်ဝင်စားစွာ စောင့်ဖတ်နေပါတယ်၊ အဆင်ပြေပါစေ အကိုဒီပ ။

Moe Myint Tane said...

ကိုလင်းဒီပရေ တစ်ယောက်ထဲသွားရတာ ပျင်းစရာကြီး။ ကုန်စုံဆိုင်က ကောင်မလေးကို ခေါ်သွားလေ။ အဖော်ပါတော့ ပိုကောင်းတာပေါ့။ မဟုတ်ဘူးလား။ ဟဲ ဟဲ နောက်တာနော်။ ကိုယ်မရောက်ဘူးသေးတဲ့ နေရာအကြောင်းဖတ်ရတာ ဗဟုသုတ ရတယ်ဗျ။ မျှဝေပေးတာ ကျေးဇူးပါ။

မဆုမွန် said...

လင်းဒီပရေ
သွားတဲ့နေရာ တူနေပြီနော်..
အစ်မလည်း ကျပ်သူကျပ်ကို အမြဲ ရောက်တယ် Sunday တွေဆိုရင်လေ..
ပို့ စ်လေး တစ်ခု တင်ထားသေးတယ် အဲ့နေရာလေးကိုလေ။။ ခိုညည်းသံနဲ့ ကျီးကန်းတောင်းမှောက်ဆိုပြီးလေ..
ဖတ်ဖြစ်လား
http://masumon.blogspot.com/2008/09/blog-post_7099.html လမ်းမှာတွေ့ ရင် နုတ်ဆက်တာပေါ့ ဟဟဟ