Sunday, October 5, 2008

ငယ်ငယ်ကအိမ်လေး


သား ပစ္စည်းတွေ သေချာ သိမ်းပြီးပြီလားလို့ မေမေက မေးတော့မှ ထရံပေါ်မှာ ခြောက်တန်း ကျောင်းသားဘဝက ကပ်ထားသော စာရွက်လေးကို လှမ်းကြည့်မိသည်။ ဒီစာရွက်လေးပါ ခွာသွားရင်ကောင်းမလားလို့တွေးလိုက်မိသေးသည်။ကုတင်လေးပေါ် ပြန်လှဲချတော့ အကြည့်က ခေါင်မိုးဆီ ရောက်သွားသည်။ ခေါင်မိုးမှာတော့ ဟိုဒီ စွဲနေသည့် ပင့်ကူအိမ်လေးတွေ.. သူတို့ကိုကော ခေါ်ခဲ့ရမလား။

အိမ်ရှေ့ခန်းမှာ.. ဖွားဖွား ဘုရားရှိခိုးသံကို ကြားနေရသည်။ ထုံးစံအတိုင်း အိမ်မြောင်လေးတွေ တချက်တချက်စုတ်ထိုးသံကြားရသည်။ မနက်ဖြန် ဆို မင်းတို့လည်းကျန်ခဲ့တော့မှာလေ။ဖွားဖွားဘုရားရှိခိုးတဲ့ အသံကိုမင်းတို့လည်းကြားတော့မှာမဟုတ်လို့စိတ်ထဲက ပြောမိသည်။ကျွန်တော့် ကုတင်ခေါင်းရင်းဘက်က တရုတ်ကက်ဆက်အဟောင်းလေး(ငါးတန်းနှစ် တတိယဆုရတုန်းကဖေဖေ ဝယ်ပေးထားတာ)ကိုလှမ်းပြီး .ထည့်ထား လက်စ ထူးအိမ်သင် အောင်ရင် (အကြင်နာအိပ်မက်)ခွေလေးကိုဖွင့်လိုက်မိသည် ။ မနှစ် သီတင်းကျွတ်တုန်းက ပျော်သလိုနေပါကွယ် သီချင်းလေးကို ရပ်ကွက်ကလေးရဲ့မီးထွန်းပွဲမှာ မင်းမင်းနှင့် သူနှစ်ယောက်တွဲဆိုခဲ့ဖူးသည်။ ဒီနှစ်တော့ သူရှိမှာမဟုတ်တော့။ ပြတင်းပေါက်ကလှမ်းကြည့်တော့ ခေါင်းရင်အိမ်ဘက်က ကိုမြင့်ကျော်တို့လင်မယားရန်ဖြစ် သံကိုကြားရသည်။ထုံးစံအတိုင်း ဒီလူကြီးမူးလာပြီး သူ့မိန်းမကို ရန် လုပ်နေပြီ..မနက်ဖြန်ဆို သူတို့လင်မယားရန်ဖြစ်တာ ကြားနိုင်မည်မဟုတ်တော့ပေ။

ခဏနေ မင်းမင်း လာခေါ်တော့ထိုင်နေကျလက်ဖက်ရည်ဆိုင်လေးဆီထွက်လာခဲ့သည်။ မင်းမင်းလည်းအသံတိတ်နေသည်။ ဆိုင်ထဲ ရောက်တော့ ဆိုင်ရှင်ကိုတိုးကြီးက မင်းတို့မိသားစုကတော့ ကံကောင်းတယ်ကွာ..အေးလေ ထောင့်ကွက်ဆိုတော့ သူတို့တွေက ဘယ် လက် လွတ်ချင်မလဲ..။ကိုတိုးကြီင်္းပြောတာလည်းဟုတ်သည်..အိမ်လာဝယ်သည့် ရှမ်းတရုတ်တွေက ကျွန်တော်တို့အိမ်လေးကို သေချာ တောင်ဝင် မကြည့်…ပွဲစားဖြတ်ပေးသည့်ဈေးကိုလည်း ငါးပြားတောင် မဆစ် ။ဘယ်နေ့စရံပေးမည်..ဘယ်တော့ပြောင်းပေး မလဲ..ဘယ် တော့အကြေချေမည်ဆိုတာလောက်ပဲပြောပြီး..ပြန်သွားသည်။

ဒီအိမ်လေးကိုလာဝယ်တဲလူတွေက ဖျက်ပစ်ကြမှာ…ကျွန်တော့်အဖေရသည့်ဆုကြေးလေးနှင့်မနှစ်ကမှမိုးထားသည့်သွပ်မိုး အသစ်လေး ကို လည်းသူတို့စိတ်မဝင်စား ။ဆရာမမေမေ ကျူရှင်ပြလိုရသည့်ငွေပိုလေးနှင့် တူးထားသည့် အဝီစိတွင်းလေး လည်းမလိုအပ်။ဒါလေးတွေက သူတို့မိသားစုနေ့စဉ်ဘဝလေးအဆင်ပြေဖို့ ဖြည်းဖြည်းခြင်းလုပ်ထားရတာတွေလေ ။

ဒီအိမ်လေးကို မနက်ဖြန်ကျရင်သူတို့မိသားစုထားခဲ့ရတော့မည်။သူ့ပညာရေးငွေကြေးလိုအပ်ချက်တွေအတွက် .။နောက်မကြာခဏ မီးလောင်တတ်သော ဒီဆင်းရဲသားရပ်ကွက်လေးမှာ..လေဖြတ်ထားသောဖွားဖွားက အရေးအကြောင်းဆိုမပြေးနိုင်။ နောက်ဖွားဖွားအတွက်ဆေးဖိုးဝါးခလိုအပ်မှုတွေ။ ဒါတွေအားလုံးအတွက် ဒီအိမ်လေးနှင့်လဲလိုက်ရပါသည်.၊အိမ်လေးရေခွင့်လွှတ်ပါ..

မင်းမင်းနဲ့လမ်းခွဲ လက်ဖက်ရည်ဆိုင်လေးကပြန်လာပြီး လမ်းထဲဝင်တော့ လမ်းမီးတိုင်ကျဲကျဲလေးတွေအောက်မှာ ဘာမှမဟုတ်ပါဘဲ
လမ်းလေးသည် လွမ်းစရာကောင်းနေပြန်ပါသည်။ ခြံတံခါးအဝင်ဝမှာ သူစိုက်ထားသည့်စက္ကူပန်းရုံလေးကိုကြည့်မိသည်..သူတို့လည်းတိတ်နေကြသည်။အမှောင်ထဲကအိမ်ရှေ့ကွပ်ပျစ်လေး မှာ ဖေဖေနှင့်မေမေ ကော်ဖီခွက်လေးကိုယ်စီဖြင့်တိတ်ဆိတ်နေကြ သည်။ မေမေက သားညဥ့်နက်ပြီအိပ်တော့လေဟုလှမ်းပြောသည်။ မေမေတို့ ဘာကြောင့်မအိပ်သေးတာလဲလို့တော့ မေမေ့ကိုပြန်မမေး မိ။

ဒီညလေးမှာ သူကောင်းကောင်းအိပ်ပျော်မည်တော့ မထင်…

လင်းဒီပ
၅.၁၀.၀၈
Photo Source:(picture by kri8)
(www.media.photobucket.com)

9 comments:

sait phay yar said...

တိုက်ဆိုင်လို့..
အရမ်းကောင်းတဲ့စာလေးပါ
လေ့လာသွာပါတယ်

BLACK DREAM said...

အက်ဆေးကောင်းတစ်ပုဒ်ပဲ...။ သံယောဇဉ် ဆိုတဲ့အရာတစ်ခုကို ထင်ထင်ရှားရှားတွေ့လိုက် ရတယ်...။

မသက်ဇင် said...

လင်းဒီပ ရဲ့ စာလေးတွေကို ဖတ်ရတာ လွမ်း
သလိုခံစားရတယ်---ရသ အရေးကောင်းတယ်
အမျိုးအမည်မသိ သော ခံစားမှု လွမ်းဆွေး
မှုလေးရလိုက်ပါတယ်----

မောင်မျိုး said...

ကိုဒီပ စာတွေဖတ်ရတာ ခံစားရတယ် အဖြစ်ချင်း ထပ်တူမဟုတ်ပေမယ့် ပို့ စ်တွေထဲက ဇတ်ကောင်လိုမျိုးခပ်ဆင်ဆင်ပေါ့...အဆင်ပြေပါစေ
အစ်ကိုရေ့...........။

ဟန်သစ်ငြိမ် said...

မိုက်တယ်ဗျာ... ဆွေးဆွေးလေး...။ ပြီးတော့ ပုံတွေကို Source Link ပါပေးတာလည်း ကောင်းတယ်ဗျို့...။ လုပ်သင့်တယ်လို့ထင်တယ်။

ဗီလိန် said...

အစ်ကိုရယ်။ ကျနော်လည်း အိမ်ပြောင်းတုန်းက အဲဒီလိုပဲ လေးလေးနက်နက်ကြီးကို ခံစားခံရတယ်ဗျာ။ ပိုဆိုးတာက ကျနော်မွေးတုန်းက ချက်ကြိုးကို အိမ်နောက်က ခြံထဲမှာပဲ မြှုပ်ခဲ့တာဗျ။ နံရံတွေအက်နေတဲ့ ခပ်မှောင်မှောင် အိမ်အိုကြီးကို အခုထိသတိရနေတုန်းပဲဗျာ။

မိုးမြင့်တိမ် said...

ဖတ်ပြီး စိတ်ထဲလွမ်းလွမ်းဆွေးဆွေးလေး ခံစားလိုက်ရတယ်။ ကိုယ်ချင်းစာပါတယ်ဗျာ။ တစ်ချိန်တုန်းက ဒီလိုခံစားချက်လေးမျိုးကို ခံစားခဲ့ရဘူးတယ်။ ကြာခဲ့ပါပြီလေ.........တစ်ချိန်တုန်းကပေါ့

တင့်ထူးရွှေ said...

အဲဒီလိုအဖြစ်မျိုးကြုံခဲ့ဖူးတယ်ဗျ၊ အက်ဆေးတစ်ပုဒ်အနေနဲ့ ဖော်ကျူးထားတာလေး သဘောကျတယ်ဗျ၊ အဆင်ပြေပါစေခင်ဗျာ ။

lotuslynn said...

တိုက်တိုက်ဆိုင်ဆိုင်
မနော်ဟရီဘလောဂ်ကနေ
ဒီဘက်ကိုရောက်လာပြီးဖတ်မိတာ
တိုက်တိုက်ဆိုင်ဆိုင်ဒီဟာကိုလာဖတ်မိရတယ်လို့
လွန်ခဲ့တဲ့ ၃ လလောက်ကဖြစ်ခဲ့တဲ့ခံစားချက်
အဲဒီအတိုင်း.......... လုံးဝမလွဲဘူး ၊ ကိုယ့်အကြောင်းရေးထားသလား အောက်မေ့ရတယ်
ထောင့်စွန်းကွက် ၊ ရေတွင်းလေး ၊ သွပ်မိုးကလေး
ကျန်းမာရေးအတွက် ၊ လိုအပ်ချက်တွေအတွက်
တဖြည်းဖြည်းတည်ဆောက်ခဲ့ရတဲ့အိမ်ကလေး
ပြီးတော့ရှမ်းတရုတ်လက်ထဲကို ဂွက်ကနဲရောက်သွားတယ်
ရေးထားတဲ့အတိုင်း စစ်တောင်မစစ် ကြည့်တောင်မကြည့်

တိုက်ဆိုင်သွားလို့ဝင်ရေးမိပါတယ်၊ အနှောက်အယှက်ဖြစ်ရင်ခွင့်လွှတ်ပါ