Saturday, October 4, 2008

တိမ်တွေရေးတဲ့ကဗျာ




မထားခဲ့ဖို့ ဆိုင်းညို့တောင်းပန်ရင်း အုန်းလက်နွားလို ကျန်ရစ်ခဲ့ရတဲ့ကောင်ပါ။
(တာရာမင်းဝေ)

အပြာရောင်ကြယ်လေးသည် အင်းစိန်ဂျီတီအိုင်ရှေ့လမ်းပေါ်တွင် ပန်းတွေကို တစ်ပွင့်ချင်းစီ ကြဲချသွားပါသည်။ အမြင်မတော်သော ကဗျာဆရာလေးက အတင်းပြေးလိုက်ပြီး ပန်းတွေကို ကဗျာကရာ လိုက်ကောက်ကာ ညနေခင်း အကြောင်း ရေးဖွဲ့ပါသည်။ အပြာရောင်ကြယ်လေးသည် စာသင်ခန်းထဲတွင် နွဲ့နွဲ့လေး လင်းလက်နေပါသည်။ ကြယ်ပြာလေးသည် ပါတိတ်ဝမ်း ဆက်လေးကို ဝတ်ထားပါသည်။ ဆံနွယ်များကို စုနှောင်မထား.. ကျောလည်လောက်ရှိသော ဆံနွယ်များကြောင့် ကြယ်ပြာလေး လှနေခြင်းမဟုတ်ပါ.. ကြယ်ပြာလေး စနစ်တကျ စိုက်ပျိုးထား၍သာ ဆံနွယ်များက လှနေခြင်းဖြစ်ပါသည်။ ရှုပ်ကုန်ပြီ ထင်ပါသည်။
ကိစ္စမရှိပါ.. သူကိုယ်တိုင်ကို တချို့ကိစ္စများကို မရှင်းလင်းပါ။ သူသည် ကြယ်လေးကို ငေးရင်း စာသင်ချိန်များကို ရင်ခုန်စွာ ဖြတ်ကျော်ခဲ့ပါသည် ..

တချို့ကောင်လေးများသည် နက်မှောင်ထူထဲနေသော ကြယ်ပြာလေး၏ ဆံနွယ်ရှည်ရှည်များကို စက္ကူမြားများဖြင့် နောက်ဖက်စာသင်ခုံများမှ ပစ်ပြီး ပျော်ရွှင်နေကြပါသည် ။ ဒီကိစ္စသည် သူ့အတွက် အီရတ်ကို အမေရိကန် ဝင်ပစ်သည် ထက်ပို အရေးကြီးပါသည်။ စက္ကူမြားဦးချွန်လေးများသည် ကြယ်ပြာလေးဦးရေပြားကို ထိပါလိမ့်မည်။ မတော်တဆများ ကြယ်ပြာလေးရဲ့မှတ်ဥာဏ်တွေ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ.. ဘယ်သူဒီကိစ္စ တာဝန်ယူမှာလဲ.. ဒီစက္ကူမြားပစ်အဖွဲ့ချုပ် တွင် အများကြီးတာဝန်ရှိပါသည် ။ တာဝန်ယူခိုင်းလို့လည်း.. သူ့ကိုယ်သူ စက္ကူမြားပစ်အဖွဲ့၏ ဥက္ကဋ္ဌလို့ ထင်နေသူ ဟိုတရုတ်လေးက သူတာဝန်ယူမယ်ဆို ဒုက္ခ ။ မတတ်နိုင် ကြယ်ပြာလေး မှတ်ဥာဏ်တွေမထိခိုက်ပါစေနဲ့လို့သာ သူဆုတောင်းနေရပါသည်။

သူသည် ကြယ်ပြာလေးကို အမြဲတမ်း ကန်တင်းလေးမှ ငေးကြည့်နေပါသည်.. တခါတော့ ကြယ်ပြာလေး ဖြတ်လျှောက် လာတာကိုတွေ့ပြီး ကမန်ကတန်း ပြေးထွက်လာရာ.. စားပွဲပေါ်က ထမင်းချိုင့်ကို မဆွဲဘဲ ရေနွေးအိုးကြီး ဆွဲထွက်လာသော ကြောင့် ကြယ်ပြာလေးက အိနြေ္ဒရစွာ လှောင်ပြုံးလေး ပြုံးသွားတာ ခံခဲ့ရဖူးပါသည်။ တခါတော့ မြက်ခင်းပေါ်ကလမ်း ကျဉ်းကျဉ်းလေးမှာ… လမ်းကိုပိတ်ပြီး စကားပြော.. ဟိုကရှောင်နှင့် တဖြေးဖြေး ကြယ်ပြာလေးက မြက်ခင်းပေါ် ရောက်သွား ပါသည်။ နောက်မှ..အော်…ငါ့ အပြုအမူက သူကြီးသား ထန်းတောထဲက မူးလာပြီး လိုက်နှောက်ယှက်သလို ဖြစ်နေပါလား ဆိုပြီး ပြန်ထိန်းရပါသည်.. တရက်တော့ ကြယ်ပြာလေးက စာသင်ခန်းထောင့်စွန်း အဝင်အထွက်နားက ခုံတန်းမှာထိုင်နေပါသည်။

ကျနေက သူ့မျက်နှာပေါ် ထိုးနေဟန်တူပါသည် ။ တံခါးလေးကို စေ့ထားပါသည် ။ သူက အခန်းထဲကိုဝင်မလို့တံခါးကိုဆွဲ အဖွင့်.. သူမမျက်နှာပေါ် နေရောင်ထိုးကျသောကြောင့် လှမ်းအကြည့်..အကြည်ခြင်းဆုံပြီး ပြိုင်တူရယ်လိုက်မိပါသည် ။ အသံမထွက်ပါဘဲ ရယ်သည်ဟု အဓိပ္ပာယ်သက်ရောက်မျှသာသော ထိုအပြုံးလေးသည် ကြယ်ပြာလေး ပေးခဲ့သော ရှားရှားပါးပါးလက်ဆောင်လေး တစ်ခုမျှသာ…

သူသေချာသိပါသည်.. သေချာသည်ထက်ကို သေချာသိပါသည်… ကြယ်ပြာလေးအတွက် လုံလောက်သော ကောင်းကင် သူ့မှာမရှိပါ ..ကောင်းကင်အတုလေးတစ်ခု စိတ်အလင်းနှင့် ဖန်ဆင်းကြည့်ပါသည်.. မုန်တိုင်းအစစ်တွေ ကကြိုကြိုတင်တင် စောင့်နေကြပါသည်။ ကြယ်ပြာလေးကလည်း အလွမ်းတွေကို သူကျောပေါ် လိမ္မာပါးနပ်စွာ ပုတ်ချသွား လိုက်ပါသည်… ထိုအလွမ်းများကို လွယ်ထားသော ကချင်လွယ်အိတ်လေးထဲ ထည့်ကာ သူပြန်လာခဲ့ပါသည်… သူတချက် ပြန်ငေးကြည့်တော့ ကြယ်ပြာလေးသည် ကောင်းကင်ဆီ ဖြေးဖြေးလေး ပျံတက်သွားပါသည်။

လင်းဒီပ
၃.၁၀.၀၈
Photo Source: (picture by toowex)

8 comments:

Anonymous said...

good fre,true story:-)

White said...

ကောင်းတယ်...အရေးအသားလေး...

မြူလွှာ said...

ကဗျာဆရာလေးရေ... ကြားဖူးထားတဲ့ ပုံပြင်လေးကို စာသားတွေအဖြစ်ဖတ်သွားပါတယ်...။
သိဖူးထားတဲ့ ဇာတ်လမ်းလေးတွေကိုလည်း စာသားတွေအဖြစ်မြင်ရဖို. စောင့်နေမယ်နော်...။ :)

အိုင်လွယ်ပန် said...

တကယ်ဖြစ်ခဲ့တယ်ထင်တယ်အစ်ကို...
ခံစားချက်တွေ အိုင်နေတယ်....
ကောင်းတယ်ဗျာ...ဟာတာတာနဲ့...

မသက်ဇင် said...

ဖတ်ရင်း လင်းဒီပ နဲ့ မိန်းကလေးနဲ့ ဘယ်တော့
ဆုံကြမှာလည်း လို့ ဖတ်နေတာ နောက်ဆုံးတော့
ကောင်းကင် ဆီ တက်သွားတာကိုး---
ရသ လေးကို ဆွဲဆောင်မှုရှိစွာရေးတတ်တယ်နော်---
အားပေးနေပါတယ်---
အဆက်ကိုမျှော်လျက်
ခင်မင်စွာ
မသက်ဇင်

မိုးမြင့်တိမ် said...

သြော် GTI က ဇာတ်လမ်းလေးတစ်ပုဒ်ပါလား။ ဇာတ်လမ်းလေးဖတ်ပြီး GTI ကျောင်းသားဘ၀ကို ပြန်လွမ်းမိတယ်ဗျာ။

တင့်ထူးရွှေ said...

ကောင်းလိုက်တဲ့ အက်ဆေးဗျာ၊ အဆင်ပြေပါစေ ကိုဒီပရေ။

jr said...

နူးနူးညံ့ညံ့လေး ကိုလင်းဒီပ။