Tuesday, October 7, 2008

ရထားထွက်ရန်ဆယ်ရက်အလို



လူတစ်ကိုယ်လုံး လုံးဝမလှုပ်နိုင်တော့။ အသက်ကို ဖြည်းဖြည်းလေး ရှုနေရသည်။ ရေကလည်း အရမ်းငတ်နေသည်။ ပါးစပ်က ကောင်းကောင်း ဟလို့မရချင်။ တစ်ယောက်ယောက်က ဂွမ်းစလေးဖြင့် ရေကို တစ်စက်ချင်း နှုတ်ခမ်းပေါ် ချပေးသည်။ အစ်မရွှေစင်ထင်သည်။ မေမေ့ရှိုက်သံလိုလို ကြားနေရသည်။ သူမသေသေးကြောင်းလည်း ပြောချင်သည်။ ဘာလို့ဝမ်းနည်းနေရတာလဲ မေမေရယ်..သားရောဂါကို သိနေကတည်းက သားကြာကြာမနေရတော့ဘုးဆိုတာ မေမေတို့ သိပြီးသားလေ။ နောက်ဆုံး အချိန်ရောက်နေသော လူတစ်ယောက်အတွက် (နောက်သူ့လိုဘာသာရေးနှင့် အလှမ်းဝေးသော လူတစ် ယောက်အတွက်)နားဝင်လွယ်မည့် တရားခွေတစ်ခွေကို ဖွင့်ပေးထားသည်။ နှာသီးဖျားကဝင်လေထွက်လေ လေးကို သာသာလေးမှတ်နေဖို့။ ဆရာတော်ကြီးအသံက အေးမြကြည်လင်လိုက်တာ။အရင်ကျန်းကျန်းမာမာ တုန်း ကဒီတရားတွေ ငါဘာလို့မနာခဲ့တာပါလိမ့်။မျက်စိကို အသာလေး မှိတ်ထားသည်။ အော်..မေမေ..သူ့နောက်ဆုံးမအချိန်ထိ သူ့ပေါ်တာဝန်ကျေလွန်းသည့်မေမေလေ.

ဖေဖေ အသံမကြားရ ။အင်းလေ သားတို့သားအဖက တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း ဘယ် တုန်းကပြလို့လဲ..အိမ်ရှေ့ခန်းမှာဖြစ်ဖြစ် ဖေဖေ အဝေးကို ငေးကောင်းငေးနေမည်။ နောင်သားလုပ်သမျှ မဖြစ်ညစ်ကျယ်ဆွဲထားသော ပန်းချီကားလေးတွေကို ကြည့်ကောင်း ကြည့်နေမည် ။ နောက်ဆို သားမရှိတော့ရင် သားပန်းချီကားတွေကို ဖေဖေ လွတ်လွတ်လပ်လပ်ကြည့်လို့ရပါပြီ ဖေဖေ ။ သားမသိအောင် ခိုးကြည့်စရာမလိုတော့ဘူးလေ ။ သားပန်းချီဆွဲတာ ..အနုပညာသမားတစ်ယောက် ဖြစ်လာမှာ လုံးဝမလိုလားတဲ့ ဖေဖေ။ ဘာကြောင့်သားကို အနုပညာသမားဖြစ်မှာ မလိုလားသလဲဆိုတာတော့ သားဘယ်တော့မှ မသိနိုင်တော့မယ် အဖြေလေ။

စိတ်ကိုလျော့ချထားသည် ။ရင်ဘတ်အောက်ပိုင်းက မာမာခေါက်ခေါက်ကြီး ဖြစ်နေသည်။ အင်းလေ ဝေဒနာအစိုင်အခဲတွေက ဒီမှာစုနေတာ ဖြစ်မည် ။အသက်သုံးဆယ်ဝန်းကျင် လူငယ်တစ်ယောက်ဆိုတော့ အရွယ်ကောင်းလေးဆိုပြီး အားလုံးက နှမျောကောင်း နှမျောနေနိုင်သည်။ ဘယ်တတ်နိုင်မလဲလေ.. သူလည်းနေချင်သေးတာပေါ့ ။(ခါးကို ကားဖြတ်ကျိတ်သွားလို့ ဒရွတ်ဆွဲနေတဲ့ ခွေးတစ်ကောင်တောင် သူ့ဘဝကို စွဲလန်းတဲ့ ဘဝတဏှာ ရှိသေးတာပဲ။)အရင်ဘဝတွေက သူဘာကံတွေ ပြုမူခဲ့ပါသလဲ ။ဘုရားရှင်သာ သိနိုင်ပါသည်။လူဘဝဆိုတာ ကိုယ်ပြုမူခဲ့တဲ့ အတိတ်ကံ ၊ပစ္စုပ္ပန်ကံပေါ်တည်တာလို့ သူစောစောပိုင်း သိပ်အခြေအနေမဆိုးခင် အချိန်တွေက နာလိုက်ရသော တရားတွေကိုမှတ်မိသည်။
ဘယ်ဘဝက လာခဲ့မှန်း မသိသလို ဘယ်ဘဝသို့ ရောက်ရဦးမယ် ဆိုတာလည်း သူမသိ ။ သံသရာသည်ရှည်လျားပေသည်။ ဒီဘဝတွင် တော်စပ်နေသော မိဘတွေ၏ ကျေးဇူးကို နိုင်သလောက်တော့ဆပ်ချင်သေးသည်။ သေချာတွေးကြည့်တော့ သူလုပ်ပေးနိုင်ခဲ့တာ ဘာမှ ဟုတ်တိပတ်တိ မရှိ ။ အဲဒီ့ သားလေးကို နောက်ဆုံးအချိန်ထိ ချစ်ခဲ့သော မိဘမေတ္တာသည် အံ့ဖွယ်ကောင်းလေစွ ။

နောက်ထပ် လက်ကျန်ရက်များသည် ဆယ်ရက်ထက် မပိုနိုင်တော့ပေ ။ တစ်ရက်ထက်တစ်ရက် ပိုဆိုးလာဖို့ သာရှိသည် ။ အတတ်နိုင်ဆုံးတော့သတိလေး မလွတ်အောင် စိတ်တွေမပျံ့လွင့်အောင် ဥာဏ်မျက်စိလေးနှင့် စောင့်ကြည့်နေရမည် ။ သူရောက်ရှိသွားမည့် နေရာသည် အဖြူရောင်လွင်ပြင်လေးလား..သို့မဟုတ် အနက်ရောင်နေရာဒေသ တစ်ခုလား …အခုထိ သူမသိသေးပေ။
လင်းဒီပ
၇.၁၀.၀၈

(မဆုမွန် ရေ ရေးပြီးပြီနော်။)
Photo Source:picture by CTLVocalist
(media.photobucket.com)

5 comments:

သံလွင် HeRo said...

ရေရေလည်လည်ခံစားသွားပါတယ်ဂျ...

Anonymous said...

တော်ပြီဟာ ရင်မောလိုက်တာ ၀မ်းနည်းတယ် နောက်ဒါမျိုးတွေ မတက်ခ်ကြေးနော် အစ်မ စိတ်မကောင်းဘူး...နောက်ဆို ငါတို့ တွေ ပျော်ပျော်ပါးပါးလေးတွေပဲ ပြောကြစို့ 

ဗီလိန် said...

ကောင်းပါ့ဗျာ။

မိုးမြင့်တိမ် said...

ကိုလင်းဒီပ ကအစောဆုံးရေးလိုက်တာကိုး။ ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ကို ရေးထားတာ တကယ်ဖတ်လို့ကောင်းတယ်ဗျာ။ ဇာတ်လမ်းလည်း ပြီးသွားရော စိတ်ထဲမကောင်းဖြစ်ပြီး ကျန်ခဲ့တယ်။ အားပေးလျက်ပါ ကိုလင်းဒီပ။

ဖြိုးငယ် said...

ရေးသားပုံလေးကောင်းတယ်ဗျာ