Saturday, October 25, 2008

ကျွန်တော်နှင့်ယိုးဒယား(၄)


ကျွန်တော်လည်း စက်ရုံထဲမှာ…မော်တာပတ်ရင် ဝင်ပတ်လိုက် .အဲကွန်းမကောင်းရင် ပြင်ပေးလိုက်…Dye Machine တွေ မကောင်းရင် သွားပြင်ပေးလိုက်နဲ့…အမြဲတမ်း စက်ဆီတွေနဲ့ မဲမဲသဲသဲ…။ စက်ရုံထဲမှာ လည်း ကိုဗင်းဆင့်က တဖက် .ကိုဂျိမ်းကတဖက်…ကျွန်တော်ကတော့ နှစ်ဘက်လုံးကို အဆင်ပြေအောင်ပေါင်း ။ ဘောစ့်ကလည်း ကျွန်တော့်ကို ကိုဂျိမ်းနဲ့စကားပြောတာတောင် မကြိုက်ဘူး ။ဘောစ့် က ကိုဂျိမ်းကိုလက်လည်း မလွှတ်နိုင်ဘူး ။ကြည့်လို့လည်း မရဘူး ။အကြောမာလို့။ သူ့အကြံကတော့ ကျွန်တော်နှင့် ကိုဗင်းဆင့်ကို ကိုဂျိမ်း တစ်ယောက်တည်း နေရာမှာ အစားထိုးဖို့လေ။ ကျွန်တော်နဲ့က အခုမှတွေ့ဖူးတာ ဆိုပေမယ့် ကိုဗင်းဆင်နဲ့က ရန်ကုန်မှာတည်းက တွဲဖူးတော့ သူက ဖြစ်မယ် ထင်ထားတာ။ကိုဗင်းဆင့်က ထင်သလောက် ဖြစ်မလာဘူး ။ကျွန်တော်ကတော့ စက်ရုံဆိုတာ ဘာမှန်း အခုမှ သိတာ..လာခဲ့တာက Construction Field က။ အဲသလို ကိုဂျိမ်းနဲ့ပေါင်းတာ မကြိုက်ပါဘူး ဆိုတဲ့ကြားထဲက ကျွန်တော်က ဂျိမ်းတို့မိသားစုနဲ့ ကားပြပွဲသွားတာတို့ ထမင်းသွားစားတာတို့ကြားတော့ သူက ပိုတင်းရော..ကျွန်တော်က လည်းမပေါင်းနဲ့ဆိုလေ ပိုပေါင်းချင်လေ။ ကိုဂျိမ်းကလည်း ခင်ဖို့ ကောင်းပါတယ် ။နောက်ပိုင်း တစ်ယောက်အကြောင်း တစ်ယောက် သိသွားတော့ အတော် ခင်သွားကြတယ်။ ကျွန်တော်မသိတဲ့ Technical ပိုင်းတွေလည်း ကြုံရင်ကြုံသလို ရှင်းပြသွားတယ် ။ကျွန်တော် ပျော်သွားတယ်။ဘောစ့်ကတော့ ကျွန်တော့်ကို ကိုဂျိမ်းနဲ့ တတွဲတွဲနေတာ ကြည့်မရဘူး ။ကိုဗင်းဆင့်က တဆင့် ထိန်းခိုင်းတယ်။သူကိုတိုင် ခေါ်ပြောတယ် စိတ်ထား မကောင်းတဲ့ လူတွေနဲ့မပေါင်းဖို့ ဆိုတာမျိုးတွေ ။ ကျွန်တော် အတော် ရယ်ချင်သွားတယ်။ စိတ်ထား ကောင်းတယ် မကောင်းဘူး သူဘယ်လို တိုင်းတာတယ် မသိ။သူကိုယ်တိုင်ကတော့ စိတ်ရင်း ကောင်းသူလို့ သူ့ကိုယ်သူ ပြောတယ်။ ကိုယ့်ဂုဏ် ကိုယ်ဖော်ပေါ့ဗျာ။

နောက်ပိုင်း ကျွန်တော့်ကို Maintaince ကနေ Laboratory ထဲပြောင်းလိုက်တယ်။ အရင်လို ဆီဂျေး(ဂျီး)တွေနဲ့ ညစ်ပတ်နေဖို့ မလိုတော့ဘူး ။ အထည်တွေကို ဆိုးမယ့် ဆေးကာလာတွေကို စထုတ်ပေးတဲ့ Section ပေါ့ ။ ကျွန်တော့်ကိုလည်း အရောင်တွေ စလေ့လာခိုင်းတယ်။ ဘာဆေးမှ မဆိုးရသေးတဲ့ ပိတ်စ သေးသေးလေးတွေကို ကျွန်တော်ကိုတိုင် စပ်ထားတဲ့ဆေးနဲ့ Dye Machine ထဲထည့်ပြီး ဆိုးခိုင်းတယ်။ ဆိုးဆေး(Dyestuff)ရယ် Acid ရယ်..နောက်ရေရဲ့ pH ကို လိုချင်တဲ့ point မှာထိန်းထားဖို့ ထည့်ရတဲ့ Buffer တစ်ခုခု ။နောက် ကိုယ်ဆိုးတဲ့ အစပေါ်မှာ အရောင်ပျံ့နှံ့တာ မှန်အောင်ထည့်ရတဲ့ Leveling Agent ကိုအချိုးအစား မှန်အောင်စပ်ရတယ်။

အဲဒီ Section ရောက်တော့ ကျွန်တော့်ကိုသင်ပေးဖို့ ကျု့(Ju) ဆိုတဲ့ ရွယ်တူလောက်ရှိတဲ့ ယိုးဒယားမလေးနှင့် တွဲပေးထားတယ်။ ဘိုလိုကလည်း သူပဲပြောတတ်တာ။ Lab ဆိုတော့ ထုံးစံအတိုင်း မိန်းမတွေ များတယ်။ ကျွန်တော်က ယိုးဒယားလို မတတ် ။အဲဒီ အမျိုးသမီးတွေ နဲ့ကျွန်တော်နဲ့ လက်ဟန် ခြေဟန်နဲ့ စကားပြော ။ဟုတ်နေတာပဲ။ အားလုံးက ကောင်းကြပါတယ်။ ကျု့ကတော့ တစ်ခုခု ကျွန်တော် ပေါက်ကရ လုပ်ပြီးသွားရင်.. ပါးစပ်အဟောင်းသား မျက်လုံးပြူးလေးနဲ့ စတီဗင်လို့ ထထ အော်ရော ။ သူအော်တာလေးက ချစ်စရာလေးဗျ။ တခါတလေဆို ပျင်းရင် သူအော်တာလေး ကြားချင်လို့ တမင်ကို တလွဲလုပ်လိုက်တယ်။ မှတ်ကရော။ ကျွန်တော့်ကို စိတ်တိုင်းကျ စမ်းလို့ရအောင် ဆိုပြီး Germany Made ဘီကာလေးတွေ ပြွန်လေးတွေ အစုံလိုက် ကျု့က ထုတ်ပေးထားတယ်။ ကိုယ့်ဘာသာ သိမ်းထားပါတဲ့ ။ ကျွန်တော်လည်း ဂရုတစိုက်တော့ သုံးပါတယ်။ဒါပေမယ့် တစ်ပတ်လောက်နေတော့ သူရဲ့ Germany Made ဘီကာလေးတွေထဲက တစ်လုံးကျကွဲရော။ ထုံးစံအတိုင်းမျက်လုံးပြူးလေးနဲ့ လှမ်းအော်တယ် ။ဘယ်တတ်နိုင်မလဲဗျာ ။ကွဲတတ်တဲ့ ပစ္စည်းကတော့ ကွဲတာပေါ့။

အရောင်တွေ စပ်ရတာ စိတ်ဝင်စားဖို့တော့ ကောင်းသား။အခြေခံ အရောင်သုံးရောင်ဖြစ်တဲ့ အနီ အစိမ်း၊ နဲ့အပြာကို ရောစပ်တဲ့ အချိုး ပေါ်တည်ပြီး အရောင်က အမျိုးမျိုး ကွဲသွားတာ။ ကျွန်တော် အတော်ပျော်သွားတယ်။ အရောင်လေးတွေ စပ်လိုက် ၊စက်နဲ့ ဆိုးကြည့်လိုက်… အရောင်လေးတွေ အမျိုးမျိုး ထွက်လာတာကို ကြည့်လိုက်ပေါ့ဗျာ။ ကျွန်တော် အရောင်တွေရဲ့သဘောကို ကျကျနန ခံစားဖြစ်တဲ့ အချိန်လေးတွေပေါ့။ အဲဒီရက်တွေက ဘန်ကောက်မြို့စွန်က Textiles စက်ရုံတစ်ရုံမှာ ကျွန်တော် တစ်ယောက်တည်း အရောင်တွေနဲ့ ညနက်နေတတ်တယ်။
လင်းဒီပ
၂၅.၁၀.၀၈
Photo Source: en.wikipedia.org

3 comments:

ဟန်လင်းထွန်း said...

ဒီလိုပဲ ပဲပေါ့ဗျာ အဆင်ပြေအောင် ပေါင်းရတာပေါ့။ ခင်ဗျား လုပ်တဲ့ စက်ရုံကို ဘန်ကောက်ေ၇ာက်ဖြစ်ရင်တော့် လာလည်ချင်တယ်ဗျာ။

Anonymous said...

ဒီပိုစ့်လေးတွေကို ဖတ်မိတဲ့အခါ လူတစ်ယောက်ရဲ့ ဘ၀အမောလေးတွေနဲ့ ဘ၀အစိတ်အပိုင်းတစ်ခုကို လှစ်ဟပ်ပြသလို ခံစားလိုက်ရပါတယ်။
သူလိုကိုယ်လို သန်ရာသန်ရာနယ်ပယ်လေးတွေမှာ ကိုယ်စီကိုယ်ငှ လျှောက်လှမ်းနေကြရပေမယ့် နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘ၀လမ်းတွေ၊ ဘ၀အမောတွေကတော့ သဘောတရားအရ ထပ်တူကျနေပါပဲ ကိုလင်းဒီပရေ။
အကို့ရဲ့ ဘ၀မှတ်စုများကို နောက်ဆက်တွဲ အခန်းတွေကို စိတ်ဝင်တစား စောင့်စားဖတ်ရှုနေပါမယ်အကို။

ခင်မင်လေးစားစွာဖြင့်

jr said...

စိတ်ဝင်စားစရာပဲ။ ဘ၀ကို အဲလိုနေချင်တာ။ တယောက်ထဲ လုပ်ချင်တာတွေလုပ်ပေါ့။ ခုတော့ အကျင့်ပျက်နေဘီ။ အမြန်ပြင်နေရတယ် ကိုလင်းဒီပရေ။း)