Tuesday, September 23, 2008

နန်းထားခဲ့တဲ့ ရင်ကွဲဆောင်း


လယ်ကွင်းထဲက အိမ်ကလေးရယ်
ခြေတံရှည်ဗျိုင်းဖြူဖြူလေးတွေနဲ့ နေညိုချိန်လေးရယ်
နောက် စပါးပင်နွဲ့နွဲ့ကိုင်းကိုင်းလေးတွေရယ်
ငါ့ပုခုံးပေါ်မှီနွဲ့ ပြုံးရွှင်ရယ်မောနေတတ်သူလေးရယ်

နန်းရေ
ဒါက ခဏလေးဆိုရင်တောင်…
သိပ်ကို ရိုမန်တစ်ဆန်လွန်းတဲ့ ခဏလေးဖြစ်မှာပဲ
ကောင်လေးရဲ့ညစာကို မီးသွေးဖိုလေးနဲ့
ခက်ခက်ခဲခဲ ပြင်ဆင်နေတဲ့ကောင်မလေးရယ်
ကောင်မလေးချိုးဖို့ရေကို ကိုယ်တိုင်ငင်နေတဲ့ကောင်လေးရယ်
ဟိုးအဝေးက ရထားဥသြသံလေးတွေကတော့
တို့နှစ်ယောက်ရဲ့နောက်ခံဂီတပေါ့။

ငဲ့ညှာညွှတ်ကိုင်းရလွန်းတော့လည်း ဘ၀ဟာ ထိုင်းမှိုင်းလွန်းလို့
တို့နှစ်ယောက် ခဏလေးနှစ်ကိုယ်ကောင်းဆန်လိုက်မိတာ

တစ်ဘ၀လုံးအတူတူနေခွင့်မရှိတဲ လူနှစ်ယောက်အတွက်
လက်ကျန်ဘ၀နေ့ရက်တွေမှာ
အစိမ်းသေကျန်ရစ်တော့မယ့်လူတစ်ယောက်အတွက်
ဒီခဏလေးက တရားမျှတပါတယ်

ဘာပဲခြစ်ခြစ်…
ဘာပဲရေးရေးပါ…
ဒီခဏလေးဟာ
ကိုယ့်အနာဂတ်ကို သိမ်းယူထားတဲ့ နန်းရဲ့ဝိညာဉ်ဆေးရေးပန်းချီ
ကိုယ့်အတွက် နန်းပေးသနားတဲ့ဆုတော်လာဘ်တော်

နန်းရေ…မင်းပြန်သွားတဲ့နေ့က
အနီရောင်အညာစောင်လေးခင်းထားတဲ့ မင်းအိပ်ရာလေးမှာ မင်းကိုယ်ရနံ့တွေ ရှာနေမိတယ်
မင်းချက်ပြုတ်ခဲ့တဲ့ မီးသွေးဖိုလေးမှာ ငါ့မနက်စာနွေးနွေးလေးကိုရှာနေမိတယ်

နန်းရေ…မင်းပြန်သွားတဲ့နေ့က
ဟော..ဟိုကတန်းလေးပေါ်မှာ မင်း တမင်ချန်ထားခဲ့တဲ့ မွှေးပွသဘက်ကလေး
မင်းသုံးသွားတဲ့ကျောက်ပြင်လေးမှာ သနပ်ခါးနံ့လေးတွေကျန်နေတုန်း

နန်းရေ
မင်းသမီးလေးပြည်တော်ပြန်တော့ စောင်းသမားလေးကျန်ခဲ့တယ်
ဒါ ဘာဆန်းလဲ…

နေပျော်ကျေနပ်ခဲ့ပါတယ်
နေပျော်ကျေနပ်ခဲ့ရပါတယ် နန်း ။

နန်းရေ
အခုတော့လည်း အရာရာဟာ စနစ်တကျပြောင်းလဲ
မပြောင်းလဲနိုင်သေးတာဆိုလို့
ဆုံးရှုံးခြင်းအပေါ် အမှတ်သညာ နည်းလွန်းတဲ့ လူတစ်ယောက်သာ…
ကျောက်ပြင်လေးတစ်ချပ်…စောင်အနီလေးတစ်ထည်…
နောက်
မီးသွေးဖိုလေးတစ်ဖိုနဲ့…ဆောင်းအေးအေးမှာ…
သူ့နှလုံးသား သူနွှေးနေလေရဲ့

လင်းဒီပ
၎.၀၉.၀၈
Photo Source: (picture by missmxchic)
(media.photobucket.com)

6 comments:

ဗီလိန် said...

နန်းဆိုတာဒူတုန်း ကျနော့ တယ်ချင်းတော့ဟုတ်ပါဘူးနော်။ ;)
အရမ်းကောင်းတယ်ဗျာ။ ကဗျာတိုင်းကခံစားချက်ထိတယ်

khaung said...

အရမ်းကောင်းတာပဲ အစ်ကို ရယ်.. ရင်ထဲ နှလုံးသားထဲ ကိုတည့်တည့်ထိအောင် ရေးနိုင်တယ်

မိုးမြင့်တိမ် said...

ကိုလင်းဒီပ မှာလည်း နောက်ကြောင်းခံ ပုံဝတ္ထုလေးတွေ
ရှိပုံရတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကဗျာလေးကတော့ အရမ်းကို ကြေကွဲစရာကောင်းပါတယ်ဗျာ။ တကယ့်ခံစားချက်တွေပါတယ်နဲ့တူတယ်။ ကျွန်တော် ရင်ဘတ်နဲ့ ဖတ်သွားတယ်။

လင်းဒီပ said...

ဗီလိန်ရေ...ကိုယ့်နန်းက သတ်သတ်ပါနော်...
ခေါင်ခေါင်ရေ...(ခေါင်ရည်မဟုတ်ပါ)..ကျေးဇူးပါ..
ကိုမိုးမြင့်တိမ်ရေ..ပါဝင်ကြေကွဲပေးတာ ကျေးဇူးပါ...

တင့်ထူးရွှေ said...

ကဗျာလေးဖတ်၇တာ ဇတ်လမ်းလေး နားထောင်ရသလိုပါပဲ
တကယ်ကောင်းတယ်ဗျာ ၊ အဆင်ပြေပါစေခင်ဗျာ ..။

ရွှေပြည်သူ said...

ကဗျာက... သိမ်သိမ်မွေ့မွေ့နဲ့လှပါတယ်။ “သူ့နှလုံးသား သူနွှေးနေလေရဲ့” တဲ့။ ဖတ်တဲ့သူကို မျောသွားစေတဲ့ ကဗျာပါ...