Sunday, September 28, 2008

ကျွန်တော့် နှိုးစက်ကလေးများ




အဖြုရောင်နှိုးစက်ကလေး
ကျွန်တော်တို့ အထက်တန်း ကျောင်းလေးသို့ သွားရသော လမ်းလေးသည် ကုန်းတက်ကလေး ရှိပါသည်။ ကျွန်တော်တို့ ရပ်ကွက်ထဲက ကျောင်းသား အများစုမှာလည်း အများအားဖြင့် စက်ဘီးဖြင့်သာ ကျောင်းတက်လေ့ရှိသောကြောင့် အဆိုပါ ကုန်းတက်ကလေးရောက်တိုင်း စက်ဘီးလေးကို အား စိုက်နင်းကြရပါသည်။ ထိုကုန်းတက်လေးကို ကျွန်တော်အားစိုက် နင်းနေသောစက်ဘီး ပေါ်အငြိမ့်သား ထိုင်လိုက် ချင်သောကြောင့်သာ မိုးမလင်းသေး.. မိတာသည် အသံပြဲကြီးနှင့် လာနှိုးပြီ.... မိတာအိမ်မှ စက်ဘီးလေး နှင့်ထွက် လာရင် ကျွန်တော်တို့အိမ် မရောက်ခင် လမ်းမှာ ကောင်ညင်းပေါင်းဆိုင်လေးရှိသည် ။ ဒီတော့ ကျွန်တော့်ကို ဝင် ခေါ်တိုင်း ဖွားဖွားအတွက် သူ ကောင်ညင်းပေါင်းလေး ဝယ်လာနေကျ.... အိမ်ရှေ့ရောက်တိုင်း စက်ဘီး ဘဲလ်သံလေးပေးပြီး နှိုးမည်… ဒါပေမယ့် ကျွန်တော်ကတော့ဖြင့် ဘယ်တော့မှ မနိုး။ အခန်းဝထိ သူလာ အော်နှိုးနေကျ… အိမ်သာဝင်လို့ ကြာနေရင်လည်း ဒီနှိုးစက်လေးက တချိန်လုံး အော်နေ ပေတော့သည်.. နောက် သူဝယ်လာသည့် ကောင်ညင်းပေါင်းထုပ်လေးကို ဖွားဖွားဆီမှ နည်းနည်းယူ ပါးစပ်ထဲ ပလို့ပလောင်းထည့် သူ့ စက်ဘီး လေးကို ကျွန်တော်က နင်း …နောက်က သူထိုင်ပြီး အဆိုပါ ကုန်းတက်လေးကို ဖြတ်သန်းကြ…ကျွန်တော်တို့ရဲ့ မနက်ခင်းလေး တွေ..ကျောင်းဝတ်စုံအဖြူ အစိမ်းလေးနှင့် မိတာသည် မနက်ခင်း နေရောင်ခြည်အောက်က စံပယ်ဖူးလေးနှယ်…

အညိုရောင်နှိုးစက်ကလေး
ကျွန်တော် အင်ဂျင်နီယာပေါက်စလေး အနေနှင့် စပြီး အလုပ်ဝင်တော့ နယ်မြို့လေးတစ်မြို့မှာ… အမြဲတမ်း ရန်ကုန်ရဲ့ မွန်းကျပ်မှုတွေကြား ရှင်သန်လာခဲ့ရတော့ နယ်မြို့လေးသည် ကျွန်တော့်ကို လန်းဆန်းစေသည်။ ကျွန်တော့် အဆောင်အရှေ့မှ လှမ်းငေး လျှင် ရှမ်းရိုးမကြီးကို လှမ်းမြင်နေရတာ… နေရောင်က မနက်စောစော ဖြေးဖြေးခြင်း တက်လာတာက အစ သဘာဝ ပန်းချီလေးတစ်ချပ်ပါပဲ..
ကျွန်တော်တွေနေကျ မြင်ကွင်းမျိုးတွေမဟုတ်… ကျွန်တော့် အညိုရောင် နှိုးစက်ကလေးက ဒီမြို့သူ…. ဝီရိယကောင်းသော နှိုးစက်ကလေးသည် မနက် ခုနစ်နာရီခွဲလောက်ဆို site ကိုရောက်နေပြီ… ကျွန်တော်တို့ နေသောအဆောင်နှင့်ထမင်းစားဆောင်က မျက်နှာခြင်းဆိုင်.. သူ မနက်စာစားရန် ထမင်းစားဆောင်ဘက် ဦးတည်လာသည့် ဆိုင်ကယ်သံကြားရင် ထပြီး မျက်နှာသစ်မှ.. မဟုတ်လို့ကတော့ ပထမအဆင့် ဟွန်းတီးပြီး နှိုးမည် …မရလျှင် ဒုတိယအဆင့် ကျွန်တော့် အခန်းပြတင်းပေါက်ကို ခဲသေးသေးလေးတွေ နှင့် လှမ်းပေါက် တတ်သေးသည်လေ.. တခါလည်း သူက ခဲနှင့် လှမ်းအပေါက်… ကျွန်တော့် အခန်းဖော်က တံခါးကို အဖွင့် နှင့်… အခန်းဖော်ခေါင်းကို ခဲမှန်ဖူးသည်…ပျော်စရာတော့ ကောင်းသည်.. လပြည့်နေ့လို site ပိတ်သည့် ရက်မျိုးတွင် siteထဲထိ စိတ်ရှည်ရှည် လာခေါ်ပြီး… သူ့ ဆိုင်ကယ်လေးနှင့် မြို့ဦးစေတီတို့ ကန်တော်မင်္ဂလာတို့ ဘက်သွားရတာ… မနက်စောစော.. နွားနို့ပျစ်ပျစ်လေး သောက်ရတဲ့အရသာ.. မုန့်ဟင်းခါးနှင့် လက်ဖက်ရည် .. နိုးခါစ မြို့လေးသည် ချစ်စရာကောင်းလိုက်တာ…

အပြာရောင်နှိုးစက်ကလေး
Overseasမှာ အလုပ်လုပ်နေသည့် သူငယ်ချင်းတွေ လှမ်းခေါ်တော့ ကျွန်တော့်လည်း စက်ရုပ်ဆန်သည့် ဘဝလေးတစ်ခုဆီ တိုးဝင်ဖြစ်ခဲ့သည် ။ နယ်မြို့လေးမှာလို မအေးချမ်းတော့… ရုပ်ဝတ္တု တွေကတော့ လိုချင်တာ အကုန်ရသည် ။ အကုန်ရတော့ လိုချင်သည် .. လိုချင်တော့ အလုပ်တွေ ကုန်းရုန်းလုပ်ရသည်… မနက်တိုင်း အလုပ် နောက်မကျအောင် ကျွန်တော့် လက်ကိုင်ဖုန်းလေးကို နှိုးစက် သီချင်း သံကောင်း ကောင်းလေး ပေး ထားလိုက်သည်.. အရင်က သိပ်ကြိုက်သော သီချင်းလေး ဖြစ်ပေမယ့် အခု ဒီသီချင်းသံ ကြားရင် မထချင် …စက်ဘီးဘဲလ်သံလေး ကို လွမ်းပါ သည်… ဆိုင်ကယ်ဟွန်းသံလေး ကိုလွမ်းပါသည်..
ရန်ကုန်တုန်းက မစားဘူးးတာတွေလည်း စားရပါသည်.. မကိုင်ဘူးတာတွေလည်း ကိုင်ရပါသည်… မရောက်ဘူးသည့် နေရာတွေ. မတွေ့ဘူးတာ တွေလည်း တွေ့ရပါသည်… ဒါပေမယ့် မိတာဝယ်လာသော ကောင်ညင်းပေါင်းလေးလောက် .. နွားနို့ ပျစ်ပျစ် တစ် ခွက်လောက်တော့ စိတ်ကို ခွန်အားဖြစ်စေတယ်လို့ မထင်… မြို့ဦးစေတီဘက် ကန်တော်မင်္ဂလာဘက် သွားခဲ့ရတာလေးတွေ လွမ်း ပါရဲ့……မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ ပြဌာန်းထားသလို ဘဝကို ဖြတ်သန်းရမှာပင် …. ငယ်ရွယ်တုန်း ခွန်အား ရှိတုန်း မှာ … လေကို ဆန်တက် နေမှသာ… တချိန် ခြေကျချိန်မှာ လေဟုန်စီးနိုင်ပေမည်မဟုတ်လား...




လင်းဒီပ
၂၉.၉.၀၈

5 comments:

khaung said...

အဖြူရောင် နှိုးစက်လေးနဲ့ အညိုရောင် နှိုးစက်လေးကို လွမ်းကူသွားပါတယ်...
ခေါင်ခေါင် ကတော့ အခုလောလောဆယ် အမည်းရောင် Motorolla နှိုးစက်လေး ရှိတယ်..

အားပေးနေတယ် အစ်ကိုရေ..

အိုင်လွယ်ပန် said...

ကျွန်တော်ကစက်ရုပ်ဆန်တဲ့လက်ရှိဘဝကိုမေ့ထား
နေတာဗျ...ကျွန်တော်လည်းအခုဘဝကနှိုးစက်တွေကို
မုန်းတယ်:p....အဆင်ပြေပါစေအစ်ကိုရေ.....

ရွာသားလေးဝိုင်တီယူ said...

အိပ်မက်ကတရေးနိုးပြီလား လင်းဒီပရယ်
ပြန်အိပ်မလား
ထပြီးလုပ်သင့်တာကိုလုပ်မလား

Cheers!!!!!!!!!!

ဗီလိန် said...

စာရေးမသွက်ဘူး မသွက်ဘူးနဲ့ ရေးတော့လည်း ဟတ်ကိုထိသွားတာပဲဗျာ။

December Cinderella said...

ဒီပရေ ..

ဟုတ်ပ .ဟုတ်ပ
အခုတော့ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေကို Alarm Song ပေးထားတာတောင်..မျက်လုံးတွေ မပွင့် ..
သိပ်မပွင့်သေးတဲ့ မျက်လုံးတွေနဲ့ပဲ
Ferry Pick Up point ကို အရောက်သွား ...
မျက်လုံးရှေ့က ရထားကြီးကိုကြည့်
ဒါ ..ရန်ကုန်လား ..စင်္ကာပူလား ..
သိပ်ရေရေရာရာ မခွဲခြားတတ်
သေချာတာတော့ တစ်ခုပဲရှိတယ် ..
စားဝတ်နေရေး (၃)ခုတည်းအတွက် ရုန်းကန်နေတာမဟုတ်တဲ့
SG က လူမှုဘဝ
ရုပ်ဝတ္ထုတွေရဲ့ ဆွဲဆောင်မှုအောက်မှာ
မသိမသာ ကျဆုံးဖို့
ဟန်ဆောင်မျက်နှာဖုံးနဲ့ ပြုံးတတ်လာပြီ ..