Monday, September 15, 2008

အနှစ်သုံးဆယ်


ဘ၀ကို ပိုးတွေသေသွားအောင်
နေပြင်းပြင်းမှာ ထုတ်လှန်းလို့ရရင်ဘယ်လောက်ကောင်းမလဲ
အနှစ်သုံးဆယ်လုံးလုံး ရေမချိုးဖြစ်တဲ့စိတ်ကိုလေ..

ရေတွက်ကြည့်လိုက်ရင် စွဲမိစွဲရာတွေ အတော်များတယ်
သေသေချာချာ စေ့စေ့ပေါက်ပေါက် ချတွေးတော့
ကွမ်းသမားတစ်ယောက်လိုပဲ
အရေလည်းမရ အဖတ်လည်းမရခဲ့တဲ့ အနှစ်သုံးဆယ်။

နေညိုချိန်လမ်းခွဲတွေမှာ
တစ်ဘ၀လုံးစာ သိပ်အရေးပါတာတွေ ဆုံးရှုံးသွားခဲ့သလို
အသုံးမကျစွာလည်းရူးနှမ်းခဲ့ဖူးတယ်။
တကယ်ရှက်ဖို့ကောင်းခဲ့တာပ
ဘ၀ကို ပိုးစားအောင်နေပြီးမှ အချိုကို စွန့်လွတ်ခဲ့တာ
ဘ၀ကို ဆလွန်းကားတစ်စီးလို့လည်းထင်ခဲ့
ဘ၀ကို ဈေးကြီးပြီး လျှာနဲ့အဆင်မပြေတဲ့ကော်ဖီတစ်ခွက်လို့လည်းထင်ခဲ့
ဘ၀ကို အနုပညာဆန်စေချင်လွန်းလို့ ခေတ်သစ်ပန်းချီကားတွေဘေးလည်း ခဏရပ်ငေးခဲ့
ဘ၀ကို ရုပ်ရှင်ရုံထဲက ပြောင်းဖူးပေါက်ပေါက်တွေနဲ့လဲခဲ့
ဘ၀ကို ပိတောက်တွေပေးပန်ခဲ့
ဘ၀ကို ဟိုင်းဝေးလမ်းတွေပေါ်ပစ်ချခဲ့
ဘ၀ကို ရှင်ပြန်ထမြောက်အောင်ဆိုပြီးကျေးလက်လေးတစ်ခုမှာလည်း ပစ်ချထားခဲ့ဖူးတယ်
တစ်ပိုင်းစီ တစ်စစီပြန်ပေါင်းကြည့်တော့ အနှစ်သုံးဆယ်က စာရင်းထဲမှာ အတိအကျ ။
အပဲ့ အပွန်း လုံးဝမရှိ
အလို အပို လုံးဝ မရှိခဲ့
တကယ့်ကို ထိတ်လန့်စရာပါ
အနှစ်သုံးဆယ်လုံးမှာ
ကိုယ်ဟာ လောကအတွက် သီးပင်စားပင်ကောင်းတစ်ပင် မဖြစ်ခဲ့ဘူး
အမေ့အတွက် တိမ်တဆုပ်တောင် ခုန်အုပ်မပေးနိုင်ခဲ့ဘူး
ငယ်က ဓူဝံကြယ်ထိ စိတ်ကူးယဉ်ခဲ့သူ
အခု မှန်အိမ်ငယ်တစ်လုံးစာတောင် အနာတရတွေအပေါ် အလင်းမဖြာနိုင်သေးဘူး။

မပြန်ခင်ပေါ့ကွယ်
တစ်တောလုံးစာ မစိမ်းနိုင်ရင်တောင်
တစ်ပွင့်စာ တစ်ချပ်စာ
တစ်မိုးစာ တစ်ညစာတော့
ငါလာခြင်းကောင်းခဲ့ချင်ပါသေးတယ်။

လင်းဒီပ
၁၃.၀၉.၀၈
(Photo Source: photobucket.com)

3 comments:

ezyspace said...

nice piece

တင့်ထူးရွှေ said...

တကယ့်ကိုကဗျာကောင်းတွေပါပဲခင်ဗျာ၊ အဆင်ပြေပါစေ အကိုရေ ။

lotuslynn said...

ကိုယ်တော့တစ်မိုးစာတစ်ညစာတောင်ရသေးဘူး
လာခြင်းကောင်းမယ်ထင်လို့လာခဲ့ပြီးမှ
လာခြင်းကောင်းအောင်လို့ ကိုယ့်အတ္တတွေကိုမျိုချနေရတယ်