Tuesday, September 16, 2008

မှောက်ထားတဲ့ည


တံခါးတွေ အကုန်ပိတ်
မီးတွေအကုန်မှိတ်
အမှောင်ထဲမှာ တိတ်တိတ်လေးထိုင်နေတာ
ဘယ်သူမှ တံခါးလာမခေါက်ပါနဲ့။

ငါ့ကွန်ပျူတာလည်း ပိတ်ထားတယ်
ငါ့ဖုန်းလည်း ပိတ်ထားတယ်
အလင်းဆိုလို့ ပိုးစုန်းကြူးလေးတစ်ကောင်တောင်မတွေ့လိုဘူး
ဘယ်သူမှ တံခါးလာမခေါက်ပါနဲ့

ငါ့တံခါးအရှေ့တောင် လာမရပ်ကြပါနဲ့။

ငါ့ပါးစပ်ကြီးကိုလည်း ပိတ်လိုက်ဖွင့်လိုက်လုပ်ဖို့
ငါ့မှာ အင်အားမရှိသေးဘူး။
ငါရိုင်းသွားရင်လည်း ခွင့်မလွတ်ကြနဲ့
ငါ့ယဉ်ကျေးမှုတွေအားလုံး ဓာတ်ပြယ်သွားလို့
ငါ့နူးညံ့မှုတွေအားလုံးပြာကျသွားလို့
ငါကိုငါလည်း ငါမတွေ့ချင်သေးဘူး။

မင်းတို့သွားနေတာဆိုရင်လည်း ငါကိုထားခဲ့ကြဦး။

တစ်စစီဖြစ်နေတဲ့ ငါမနက်ဖြန်တွေကိုလည်း ပြန်မကောက်နိုင်သေးဘူး
ငါ့ဒိုင်ယာရီအဟောင်းတွေလည်းရှာမတွေ့သေးဘူး
ဘယ်သူမှ တံခါးလာမခေါက်ပါနဲ့။

လောလောဆယ်တော့
အမှောင်ထဲမှာ
ဖန်ကွဲစတွေ
ငါ့ကျောမှာ ဆွဲမနှုတ်ရသေးတဲ့ဓားတစ်လက်
ငါ့နဲ့စိတ်ခြင်းဆင်တဲ့ ကျွမ်းလောင်ခဲ့ပြီးသား ဖယောင်းတွေ
နောက်
ငါချစ်တဲ့ တိတ်ဆိတ်ခြင်း ။

လင်းဒီပ
၁၃.၀၉.၀၈
(Photo Source: s77.photobucket.com)

3 comments:

ရွှေပြည်သူ said...

ဖတ်ပြီးတော့ အရာရာက တိတ်သွားပါတယ်... တကယ်ကို ကဗျာရေးကောင်းပါတယ် ကိုလင်းဒီပရေ...

တင့်ထူးရွှေ said...

ကဗျာလေးတော်တော်ကြိုက်တယ်ဗျ၊ အားပေးနေပါတယ် ။

lotuslynn said...

ခဏခဏခံစားခဲ့ရလွန်းလို့ထုံနေတဲ့ခံစားမှုတစ်ခု
စာလုံးတွေနဲ့ပြန်မြင်လိုက်ရသလို