Tuesday, December 16, 2008

ငြီးငွေ့ရခြင်းများ


ဘဝဆိုတာမြစ်တစ်စင်းဆိုရင်
ကျွန်တော့်ရေစီးက သေ လွန်းရဲ့..

နှစ်ထောင့်ရှစ်ကလည်း
ပြီးခဲ့တဲ့နှစ်တွေအတိုင်း
ရောက်လာ ပြီးတော့ ပြန်သွား..
ဘာမှမထူးခြားခဲ့..

အထူးတလည် ဝင့်ကြွားစရာတွေ မရခဲ့သလို
သိမ်ငယ် ညှိုးနွမ်းစရာလည်း မရှိခဲ့
အကြီးအကျယ် ပေါက်ကွဲလိုက်စရာ မရှိသလို
အလောတကြီး စိတ်အားငယ်စရာလည်း မတွေခဲ့…

ကျွန်တော့် ရှင်သန်ခြင်းကြီးက
ဖြစ်သလို ကျင်လယ်ကြီးပြင်းတတ်တဲ့
လမ်းဘေးက အလေ့ကျပန်းတွေထက်တောင်
အဓိပ္ပာယ်တွေ ခြောက်ကပ်နေခဲ့တာ ကြာပေါ့
သံလမ်းပေါ် ဦးနှောက်မပါပဲ
လျှောက်ပြေးနေရတဲ့ ရထားတစ်စင်းလို..

အားလုံးအတွက် အသစ်ဆိုတာတွေက
ကျွန်တော့်အတွက်တော့ ထပ်ရောက်ရောက်လာတဲ့
ပျင်းစရာ အသစ်စက်စက်တွေပါပဲ

ဘာလိုချင်နေတာလဲ
အချစ် အရက် လိင်ကိစ္စ
မနက်ဖြန်မှာ ရောက်လာမယ့် စစ်ပွဲတွေ
ညတုန်းက ဘောလုံးပွဲ
မောင်သိန်းဇော်ရဲ့ ကဗျာဟောင်းလေးတစ်ပုဒ်
ငါတို့ထန်းတောထဲမှာ ကဗျာရွတ်ကြရအောင်
ကျွန်တော်တို့ အနေအထိုင်မတတ်လို့ ပူနွေးလာတဲ့ကမ္ဘာကြီးအကြောင်း
ကျုပ်လိုချင်တာရှာလို့မတွေ့ခဲ့ဘူး နှစ်ထောင့်ရှစ်ရယ်

ဒီဇင်ဘာ
ခရစ္စမတ်
နှင်းအတုတွေကြားမှာ
ကိုယ့်ကိုကိုယ်ပျော်အောင်မထားတတ်တဲ့ ကောင်ကတော့
ကြယ်ကလေးတွေငေးရင်း စကားနည်းနေရတာပေါ့..
လင်းဒီပ
၁၆.၁၂.၀၈
Photo Source: photobucket.com

14 comments:

khin oo may said...

ATN ကညွန်းထားတဲ့ကဗျာဆရာဆိုတော့ တော်အိရော်အိဖတ်သွားချေ လို့ မဖြစ်ချေသေးဘူး။ :P

khin oo may said...

2 ခေါက်ဖတ်သွားတယ်။ ကောင်း၏။ ကျန်တာ ကဗျာဆရာများဝေဖန်ကြပါ။

thihanyein said...

ဟုတ်တယ်အကိုဒီပ
နှင်းအတုတွေကြား ကိုယ့်ကိုယ်ကိုပျော်အောင်
မထားတတ်တော့ ကြယ်ကလေးတွေငေးရင်း
စကားနည်းနေရတာပေါ့ဗျာ
ကောင်းလိုက်တာ ဗျာ

မောင်မျိုး said...

ကောင်းတာထက် ပိုကောင်းတယ်လို့ပြောလို့ ရတဲ့ ကဗျာပဲ ရင်ဘတ်ကြီးနဲ့ ကိုခံစားသွားတယ် ပြီးတော့လည်း ပြီးသွားတာပါပဲကြယ်ကလေးတွေငေးရင်း စကားနည်းမနေပဲ ဒီနေရာလေးမှာ ဖြေချလိုက်ပါလား ဒါဆို ဒီထက်ကောင်းတဲ့ ကဗျာတွေထွက်လာမှား)

ဝါ၀ါခိုင်မင်း said...

ကဗျာလေးခံစားသွားပါတယ် လင်းဒီပရေ.
ရင်ထဲကနေလာတဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါ။
အစ်မလဲ တခါတလ လောကကြီးကို ငြီးငွေ့နေတတ်ပါ
တယ်။ကိုယ့်ကိုကိုယ်ပျော်အောင်မနေတတ်တာက တူနေတယ်. တော်ရာမှာ မပျော်တတ်တော့ လောကကြီးကို ငြီးငွေ့မိတာပေါ့ မောင်လေးရေ.
ခံစားသွားပါတယ်.
ပျော်ရွှင်နိုင်ပါစေ။

MANORHARY said...

နှင်းတွေကြားမှာကိုယ့်ကိုယ်ကိုပျော်အောင်မထားနိုင်တာ
ကြာခဲ့ပေါ့...၂၀၀၈...
၂၀၀၉ ကရော..ဘာတွေသယ်လာဦးမှာတဲ့လဲ
မွဲပြာရောင်ပုဆိုးအသစ်ကို လျှော်ဖွပ်ပြီးပြန်ဆင်နေဦးမှာ
ပဲလားမသိ....
ကိုယ့်ကိုယ်ကိုတော့လောကကိုလှလှပပလေးကြည့်မြင်
ပေးတတ်ဖို့ (၂၀၀၉ အတွက် resolution အဖြစ်
ကြိုးစားကြည့်ဖို့) ဆုံးမထားကြောင်း...

အိုင်လွယ်ပန် said...

ဒီလိုပါပဲ ကိုဒီပရာ.. :P

နှင်းပွင့်ဖြူလေး said...

နောက်ဆုံး အပိုဒ်လေး ဖွဲ့ထားတာ မိုက်တယ် ကိုလင်းဒီပရေ

တင့်ထူးရွှေ said...

အဲဒီလိုအရေးအသားလေးတွေကြောင့်ပဲ ကိုဒီပ ကဗျာတွေကို ကြိုက်နေတာဗျ :) ၊ အဆင်ပြေပါစေ အစ်ကိုကြီးရေ ။ ။

ခေါင်ခေါင် said...

ခပ်ညစ်ညစ်နဲ့ ကိုဒီပ ကဗျာလာဖတ်သွားတယ်...
အတူတူပဲ.. ခံစားရတာ အကုန် .. အဲဒိအတိုင်းပဲ..
ကိုယ့်ကိုယ်ကို ပျော်အောင်မထားတတ်သေးဘူး .. အစ်ကိုရယ်

HAPPYCLOUD said...

အေးဗျာ ကျနော်လည်း အတူတူပဲ... ပျော်အောင်မထားတတ်သေးဘူး..
ဖိုးမောင်

ကိုဂစ်တာ said...

အရင်ကဗျာတွေလောက်တော့ မကြိုက်ဘူး
ဒါပေမယ့် ကိုလင်းဒီပက ကျွန်တော် ကြိုက်တဲ့ ကဗျာရေးသူပါပဲ။ ကဗျာလေးရဲ့ မက်ဆေ့ခ်ျ့ကတော့ ကျွန်တော်နဲ့လည်းထပ်တူ ဖြစ်တယ်။ ကောင်းပါတယ်။

ရွှေပြည်သူ said...

“နှစ်ထောင့်ရှစ်ကလည်း
ပြီးခဲ့တဲ့နှစ်တွေအတိုင်း
ရောက်လာ ပြီးတော့ ပြန်သွား..
ဘာမှမထူးခြားခဲ့..”

စာကြောင်းတိုင်းကို သေချာခံစားသွားပါတယ် လင်းဒီပရေ... အရမ်းကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ...

ငယ်လေး said...

အင်းး တစ်နှစ်ကုန်ပြန်ပြီးပေါ့