Sunday, March 8, 2009

အဖေ

ဆရာ စောဘွဲ့မှူးရေးထားတဲ့ “တွန်းလှည်း” ဆိုတဲ့သီချင်းလေးကို စောဘွဲ့မှူးအမှတ်တရ အခွေတစ်ခွေမှာ စနားထောင်ဖူးပါတယ်။ မူရင်း ဘယ်သူ ဆိုမှန်း မသိပေမယ့် အဲဒီအခွေထဲမှာတော့ ကဗျာဘွဲ့မှူးက ပြန်ဆိုထားပါတယ်။ သီချင်းလေးအဓိပ္ပာယ်က ရေခဲချောင်းသည်ကြီးက သူ့သားလေး ငယ်ငယ်တည်းက ရေခဲချောင်းလှည်းလေးနှင့် သူ့သားငယ်လေးကို ခေါင်းလောင်းလေး တီးပြီး ကျောင်း လိုက်လိုက်ပို့ပါတယ်။ ကလေးလေးက အရွယ်ရောက်လာတော့ တွန်းလှည်းလေးနှင့် ကျောင်းလိုက်ပို့တာ ရှက်လာတယ်။ ဒီတော့ အဖေက ကျောင်းနား မရောက်ခင် လောက်ထိပဲ လိုက်ပို့ပြီး ခေါင်းလောင်းလေးတီးပြီး တွန်းလှည်းလေး တွန်း ပြန်သွားတာလေးကို ဖွဲ့ထားတာပဲဖြစ်တယ်။ သီချင်းလေး နားထောင်တိုင်း အဲဒီထဲက ဖခင်တစ်ယောက်ရဲ့ပုံရိပ်ကို မြင်ပြီး ကျွန်တော် နင့်ကနဲ ဖြစ်ဖြစ်သွားပါတယ်။

တကယ်က ဖခင်ဆိုတာ ရထားတစ်စင်းလုံးရဲ့ခေါင်းတွဲဖြစ်တယ်ပါတယ်။တစ်မိသားစုလုံး စည်းမှန်ကမ်းမှန် လမ်းမှန်ဆီ ခေါ်သွားဖို့ ၊ဒီမိသားစုလေး အေးချမ်းပြီး သာယာနေဖို့ အရှေ့ ထွက်တာဝန်ယူထားရတာပါ။ ဒီနေရာမှာ ဖခင်မပီသသော ဖခင်များကို မဆိုလိုပါဘူး။ငယ်ငယ်က အဖေ့အကြောင်း သိပ်မတွေးမိ။ အခြားသားတွေလိုပဲ ကျွန်တော်လည်း အမေ့ကိုပဲ ပိုချစ်ခဲ့ပါတယ်။ အမေ့အခန်းကိုပဲ တွေးမိတာများပါတယ်။ ဖခင်တွေရဲ့သဘောအတိုင်း မိခင်တွေကို တီတီတာတာ မနေတတ်တာကြောင့်လည်း စိမ်းတာဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတော့ အဖေနေရာ ဝင်တွေးကြည့်မိတော့ သိပ်မလွယ်လှပါဘူး။ ပိုနားလည်လာပါတယ်။ အခုလည်း အဖေနဲ့ ပတ်သက်တဲ့ကဗျာလေးတစ်ပုဒ်ကို ကျွန်တော် အမှတ်တရ ချပြလိုပါတယ်။

အဖေ…ကျွန်တော့်ရဲ့အဖေ..သူငယ်ချင်းတို့ရဲ့အဖေ အားလုံးရဲ့ဖခင်တွေအတွက် ရည်ရွယ်ပါတယ်။ထုံးစံအတိုင်း ကျွန်တော့် မှတ်စုစာအုပ်ထဲကပဲ ဖြစ်ပါတယ်။ ရေးတဲ့သူကတော့ လင်းလက်ဇော်(ဥက္ကံ) ပါ။

ဖိနပ်မဲ့ခြေဖဝါးရဲ့ အတ္ထုပွှတ္တိ
နားထောင်စမ်းဟေ့
ခွမ်းကနဲ..ခွမ်းကနဲ ဓားထစ်သံတွေ
ထန်းကနဲ..ထန်းကနဲ ဆောက်ရိုက်သံတွေ
ရွမ်းကနဲ..ရွမ်းကနဲ လွှတိုက်သံတွေ
အဖေဟာ အဖော်စုံတသိုက်နဲ့
လွှတိုက်သစ်ခွဲ
ဗုန်း မဲဇာ တောင်သရက်
လက်ပံနဲ့ ဒီဒူး
မနက်ဖြန်မနက် ခရီးဦးအမီ “ပို့ကုန်”
တုန်မတတ်တိုက်တဲ့ လေထဲ
ခုံဖိနပ်ရိုက်နေဆဲ..။

ခုတ်တဲ့ဓား
အသွားက တစ်ဖက်သွား
အပြားက လက်တစ်ဝါး
အလျားက ယောက်ျားတစ်တောင်
ထွင်းတဲ့ဆောက်ပြား
အသွားက တစ်ဖက်သွား
အပြားက လက်တစ်ဝါး
အလျားက ယောက်ျားတစ်ဆုပ်
ဓားကို အားကုန်မြောက်
ဆောက်ကို အားကုန်ထစ်
တောသစ်ရိုင်းတွေ
(မကြာခင်)
ခုံဖိနပ်ဖြစ်စေရော့..။

ကြည့်လိုက်စမ်းဟေ့
တစ်ဝမ်းတစ်ခါးအတွက်
ကြက်ခြမ်း ရှားဖြူ
ဖန်ခါး ငှက်ပျောအူ
တောအထူထူမှာ တိုးရှာ
တစ်နပ်စာ တလေလောက်တော့
ပဒတ်စာ အရေသောက်နဲ့ပဲ
အာသာဖြောက်ခဲ့တဲ့ အဖေတို့တတွေ..။

နင်းလိုက်စမ်းဟေ့
ပင်ပန်းဆင်းရဲမှုတွေ တဖြစ်လဲ
မိသားစုအလွမ်းတွေ တဖြစ်လဲ
ချွေးစက်တွေ တဖြစ်လဲ
ဆိုင်ထဲရောက်တော့ “ရောင်းကုန်”
လူစုံ အထပ်ထပ်
မြူမှုန် မကပ်ဖို့
ခြေစုံရပ်က
ရွှေခုံဖိနပ်ပေါ်မှာ..။

အဲဒီ ခုံဖိနပ်တွေပေါ့
ကျွန်တော့်အတွက် ကျောင်းတက်စာအုပ်လည်းဖြစ်သွားရဲ့
ထမင်းဟင်းလည်း ဖြစ်သွားရဲ့
ဒီဇိုင်းစုံ အဝတ်အစားလည်း ဖြစ်သွားရဲ့
ကတ္တီပါခုံမြင့်ဖိနပ်လည်း ဖြစ်သွားရဲ့
(နောက်ဆုံး)
ရုပ်ရှင်ရုံ အမှောင်ထဲမှာ
ကျွန်တော့်ကောင်မလေး အပျင်းပြေဝါးတဲ့
နေကြာစေ့တောင် ဖြစ်သွားသေး။

အဖေလား
လက်ဖဝါး အသားမာတက်
ခြေဖဝါး အသားမာတက်
သစ်သားရှာဖို့ တောင်ပေါ်တက်
ငှက်ဖျား တုန်တုန်တက်
တက်…တက်…တက်
တက်ချင်သလောက်တက်စမ်း
တုန်တက်မတတ် ချစ်တဲ့မိသားစုအတွက်
အသားမာကို ဖိနပ်လုပ်စီး
မေတ္တာခရီးဆက်…။
လင်းလက်ဇော်(ဥက္ကံ)

ပိုစ့်လေးက နည်းနည်း ရှည်သွားပါတယ်။ ဆုံးအောင်ဖတ်ပေးတာ ကျေးဇူးပါ။အဖေကို နောက်ကျမှ ချစ်တတ်လာတဲ့ သားတစ်ယောက်ရဲ့ ရင်ထဲဖြစ်လာတဲ့ ပိုစ့်လေးပါ။
လင်းဒီပ
၈.၃.၀၉

16 comments:

အိုင်လွယ်ပန် said...

တိုက်တိုက်ဆိုင်ဆိုင် ကိုဒီပရာ ...

ဒီမနက်ပဲ အဖေနဲ့ ဖုန်းပြောဖြစ်တယ် ...

နင့်ကနဲပဲကိုဒီပရေ .....

ဆောင်းယွန်းလ said...

ကောင်းလိုက်တဲ့ အဖေဘွဲ့ကဗျာလေးပါလား...
မျှဝေပေးမှုအတွက် ကျေးဇူးအများကြီးတင်တယ်ညီလေးရာ...
ကဗျာဖတ်ရင်း ကြက်သီးတွေပါထတယ်...

အရူးလေး said...

ကျနော့် အတွက် အဖေက တော့ သူရဲကောင်းတစ်ယောက်ပါဘဲဗျာ
ကဗျာလေး ခံစားသွားပါတယ်
အဆင်ပြေပါစေဗျာ

ကိုအောင်(ပျူနိုင်ငံ) said...

ကောင်းတယ် ညီလေးရေ။ အဖေဘွဲ့ ကဗျာလေးအတွက်
ကျေးဇူးပါ။

တင့်ထူးရွှေ said...

ဘယ်လိုအဖေမျိုးကိုပဲဖြစ်ဖြစ် ချစ်ပါတယ်၊ အဖေနဲ့ပါတ်သတ်လာရင် အရမ်းကိုမွတ်သိပ်တတ်တဲ့ ရောဂါသည် မို့လို့ပါ ၊ အဆင်ပြေပါစေ အစ်ကိုဒီပရေ ။

MANORHARY said...

ကျေးဇူးတင်ပါတယ် လင်းဒီပ
ဒီကဗျာလေးအတွက်ပါ။။။

လုလင်ငယ်သွေး said...

ကဗျာလေးကို ခံစားသွားပါတယ်။ နားထောင်စမ်းဟေ့ ဆိုတာလေးကို ဖတ်ပြီး ဆွဲခေါ်သွားခံရတာ ခုံဖိနပ်ရိုက်နေတယ် ဆိုတဲ့အဆုံးလေးလည်းရောက်ရော ကဗျာဆရာရဲ့ အားထုတ်မှုကို သဘောကျသွားရပါတယ်။ တမင်တကာအားထုတ်ခဲ့ရတယ် ဆိုရင်တော့ ချီးကျူးရမှာပါ။ ဝေမျှပေးတဲ့အတွက် ကျေးဇူးပါ။

မမသီရိ said...

ပို့စ်ကောင်းလေး ဖတ်ရတာ အား ရစရာ..

မောင်မျိုး said...

အစ်ကိုက ကဗျာတွေ သိမ်းထားတတ်တာကိုးး ကောင်းတယ်ဗျ ။ မေ့နေကြတယ် အငယ်တုန်းက ပခုန်းပေါ်ထမ်းခဲ့တာတွေ ထမင်းကြမ်းခဲစားပြီး သားသမီးတွေအတွက် ကြက်ဥကြော်ကျွေးလိုက်ဆိုတဲ့ အဘ ရဲ့ကျေးဇူးတွေပြန်မြင်ယောင်မိတယ် ။

အိန္ဒြာ said...

လင်းဒီပရေ...

အဖေ..ဆိုတဲ့နာမ်စားကို..
ရင်ထဲက ဆွေးဆွေးမြည့်မြည့်ခေါ်ခေါ်ကြည့်ရတာ...
နှစ်အစိပ်....

ခု...ဒီကဗျာဖတ်ပြီး..အဖေလို့ခေါ်မိနေတဲ့အသံတွေ...
ကိုယ့်နားထဲမှာကိုယ်..ပဲ့တင်ရိုက်လို့ပေါ့...

ကျေးဇူးတင်တယ်...ဟာ.။

khin oo may said...

စိတ်မကောင်းဘူး။

Moe Myint Tane said...

ကိုဒီပ

ကဗျာလေး အရမ်းကောင်းတယ်ဗျာ။ အဖေ့ကို သတိရတယ်ဗျာ။ မျှဝေပေးတာ ကျေးဇူးပါ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကိုရင်နော်ခင်လေးငယ် said...

ပိုစ့်လေးရော.. ကဗျာလေးရော အရမ်းကောင်းတယ်..

စိုင်းခမ်းထွန်း said...

အဖေ ကဗျာလေးဖတ်သွားတယ် ...

စိုင်းခမ်းထွန်း said...

အဖေ ကဗျာလေးဖတ်သွားတယ် ...

ရွှေပြည်သူ said...

အဖေကိုအရမ်းချစ်တဲ့ သမီးပီပီ အစအဆုံး ကျေကျေနပ်နပ်ကြီး ဖတ်သွားပါတယ်... အသက်ကြီးလို့ နားလည်လာလေ အဖေ့ကို ပိုချစ်လေပါပဲ...ကျေးဇူးပါပဲ လင်းဒီပရေ...