Thursday, March 5, 2009

ပန်းမဲ့လိပ်ပြာ

(၁)

“သောက်နေပြန်ပြီလား ဒီဆေးလိပ်တွေက”

အသံနဲ့လက်နဲ့က တချိန်တည်း။ အသံစူးစူးလေးကို ပန်းနုရောင် ဆောင်းဗောက်စ်လေးမှ ထွက်လာပြီး လက်သွယ်သွယ်လေးများက လတ်ကီးစတရိုက်(Lucky Strike) ဆေးလိပ်လေးကို ကျွန်တော့်ပါးစပ်က ဆွဲထုတ်လိုက်တယ်။ ကျွန်တော် မော့ကြည့်လိုက်တော့ ပန်းနုရောင်လမင်းလေးက နွေရာသီရဲ့ အိုက်စပ်စပ် လက်ဖက်ရည်ဆိုင်လေးထဲမှာ လင်းနေတယ်။ အဲလို အရေးယူမှု လှလှလေးအောက်မှာ ကျွန်တော် လက်နက်ချလိုက်တယ်။ခုအချိန်မှာ ကျူရှင်ဆင်းရင် ဘောလုံးကန်ဖို့ ချိန်းထားတာလည်း မေ့သွားပြီ။အိမ်ကို စာထည့်ဖို့လည်း မေ့သွားပြီ။

“ဘာလို့ကျူရှင်မတက်ဘဲ ဒီမှာ ဆေးလိပ်လာသောက်နေရတာလဲ”

“နင်က ငါကို အဖြေမပေးလို့”

“အောင်မယ်…အခုမှ ဆယ်တန်းတောင် မအောင်သေးဘူး..

ရည်းစားထားချင်ရတာနဲ့ ကျူရှင်လစ်ရတာနဲ့ ဆေးလိပ်သောက်ရတာနဲ့..အတော်ဟုတ်နေတယ်..”

“တစ်ယောက်တည်းထားချင်တာပါ”

ကျွန်တော်က ပြုံးစိစိနဲ့ပြောလိုက်တော့ ပန်းနုရောင်လမင်းလေးက ပြုံးလိုက်တယ်။ကျွန်တော် ချစ်နေလို့လားတော့မသိဘူး သက်ထား ခုနောက်ပိုင်း ပိုပြီး လှလာတယ်။

“နင် အရမ်းလှတာပဲ သိလား”

ဆိုင်က အပြင်ဘက်မြက်ခင်းပေါ်က ထောင့်ခုံလေးမှာ ရွေးထိုင်မိတော့ စကား လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။သက်ထားက ဘာမှ ပြန်မပြောဘူး။ အင်း..ဘာမှ မပြောပဲ စေ့ထားတဲ့နှုတ်ခမ်းလေးက ပိုလှနေသလားလို့။ဒါကြောင့် ပညာရှိတစ်ယောက်က မိန်းမတွေ စကားမပြောတဲ့အခါ ပိုလှတယ်လို့ ပြောတာဖြစ်မယ်။

“ငါ နင့်ကို သူငယ်ချင်းလိုပဲ ခင်လို့ ရတယ်ဟ”

“ဘာလို့”

“ပိန်လို့”

“မနောက်စမ်းနဲ့ သက်ထားရယ်”

“မနောက်ပါဘူး အောင်ဘုရယ်”

“အာ”

ကျွန်တော့်ကို အောင်ဘုလို့ခေါ်ရမှ သူက အားရတယ်လေ။နာမည်ရင်း သုခကျော် ဆိုတာတောင် သူနဲ့တွေ့ရင် မေ့နေတယ်။

“နင်က ဘယ်လို ပုံစံမျိုးမှ ရွေးချင်တာလဲ”

“အပေါင်ဆုံး”

“အာ..ချစ်သူကိုပြောနေတာ”

“အင်း…အာနိုးတို့ ဗန်ဒင်းတို့လိုမျိုး”

ပြီးတော့ သူ့စကားသူ သဘောကျပြီးရယ်နေတယ်။ပန်းကလေးတွေ ရယ်ရင် ဝန်းကျင်တစ်ခုလုံးမွှေးသွားတယ်။ရိုးတံလေးလှုပ်ရမ်းသွားအောင်ကို ရယ်လိုက်တာ။

(၂)

ဆယ်တန်းစာမေးပွဲဖြေပြီးတော့ ကျွန်တော်ကလည်း မွေးရပ် မြစ်ဝကျွန်းပေါ်မြို့လေးကို ပြန်လာတယ်။သက်ထားကတော့ ရန်ကုန်သူဆိုတော့ ရန်ကုန်မှာပဲ ကျန်ခဲ့တယ်။ သူငယ်ချင်းဘဝ မတင်မကျနဲ့ပဲ တနယ်စီဆိုတော့ အနေမနီးတော့ဘူး။ရန်ကုန်ပြန်လာ ကျောင်းတက်ရင်း အလုပ်လုပ်မယ်လို့ စိတ်ကူးပေမယ့် အိမ်ရဲ့စီးပွားရေးလုပ်ငန်းတွေကို အဖေလေဖြတ်ပြီး မဦးစီးနိုင်တော့တဲ့ နောက်ပိုင်း ကျွန်တော်ပဲ ဦးစီးလုပ်ကိုင်နေဖြစ်တယ်။တခါတလေဆို ဘာမှ မဆိုင် သင်္ဘောကိစ္စ..ကုန်ကိစ္စတွေလုပ်ရင်းလည်း သက်ထားအပြုံလေးတွေ သတိရနေတတ်တယ်။ ကိုယ့်ရည်းစားလည်းမဟုတ် အခုလောက်ဆိုရည်းစားတွေ ဘာတွေရနေရောပေါ့လို့ ဖြေပေမယ့်လွမ်းတာက လွမ်းတုန်းလေ။

တခါတရံတော့ ဖုန်းဆက်ဖြစ်ပါတယ်။စကားပြောရင်းနဲ့ တခါတလေလည်း နင် ဝလာပြီလား လို့နောက်တတ်သေးတယ်။ သက်ထားကတော့ ခပ်ပျော်ပျော်ပါပဲ။ ကျွန်တော့်ကိုလည်း ရင်းရင်းနှီးနှီးပဲ။ဒါပေမယ့် ချစ်စကား ဆိုရင်တော့ ဘယ်တော့မှ လက်မခံဘူး။ အပြောင်အပျက် လုပ်ပစ်တာချည်းပဲ။သူနဲ့နှစ်နှစ်လောက်ဝေးနေတဲ့ အချိန်မှာ ကျွန်တော်က အဝေးသင် တက်နေတယ်။ သက်ထားကတော့ ရန်ကုန်မှာ သင်တန်းပေါင်းစုံ တက်နေတယ်လို့တော့ကြားတယ်။ နိုင်ငံခြား တက္ကသိုလ်တစ်ခုလည်း လျှောက်ထား သေးတယ်တဲ့။ ကျွန်တော်ကတော့ အိမ်အလုပ်တွေနဲ့ချာလည်ရိုက်နေ ရန်ကုန်ကို ခဏတစ်ညနှစ်ညလိုရောက်တတ်ပေမယ့် သက်ထားနဲ့ တခါမှ မတွေ့ဖြစ်ဘူး။ တွေ့ချင်တော့လည်း ဆူးလေမှာသွားဆုံပါတယ်။ အဖေအတွက် ဆေးတွေဝယ်ပြီး သင်္ဘောမထွက်ခင် အချိန်စောတာနဲ့ စာအုပ်တန်းတွေ မွှေနေတုန်း နောက်ကနေလှမ်းအော်တာ။

“ဟဲ့..အောင်ဘု”

အရင်လိုပဲ ကဗျာမဆန်အောင် ခေါ်တတ်တုန်းလေ။ အခုတော့ ငြိမ်ငြိမ်လေး လှနေတယ်။

“တစ်ခုခု စားပါဦးလား..ငါ ကျွေးချင်လို့ပါ။”

“အေးပါ တော်သူဌေးလေးရယ်..ငါကလည်း စားချင်ပါတယ်”

နောက်တော့ ကျွန်တော်တို့ လမ်းလျှောက်ရင်း ဆူးလေးနားက ဆိုင်တစ်ဆိုင်မှာပဲ စကားပြောဖြစ်ပါတယ်။

“နင် ရည်းစားရနေပြီလား”

“ဟင်အင်း..နင့် အဖြေ မျှော်နေတုန်း”

“အောင်ဘုရယ် နင်ကလည်း ရူးလိုက်တာ ..နင်နဲ့ ငါနဲ့ မတွေ့တာ ဘယ်လောက်ကြာပြီလဲ..

ဒီပုံက ဒီပုံ..ဝလာအောင်တော့ မလုပ်ဘူး…ဝ မလာဘဲနဲ့များ ရည်းစားစကား ပြောရဲသေးတယ်။”

“နောက်မနေစမ်းပါနဲ့ သက်ထားရယ် … နင်ကော ရည်းစားတွေ ဘာတွေ ရှိနေပြီပေါ့”

“သုံးယောက်တော့ ထားပြီးသွားပြီဟ…တစ်ယောက်မှ ငါစိတ်တိုင်းမကျဘူး..

နင်ကို လည်း ငါစဉ်းစားတော့ စဉ်းစားကြည့်ဖူးတယ်..ဒါပေမယ့် စိတ်ထဲမှာ သူငယ်ချင်းထက် ပို ခံစားလို့ကို မရဘူး…

ဒီတော့ ရာထူးမတက်ချင်စမ်းပါနဲ့ဟာ..ဒီရာထူးနဲ့ နှစ်တိုးတွေ အများကြီးခံစားခွင့်ပေးမယ် ဟုတ်ပြီလား..

“ငါကတော့နင့်ကို ချစ်နေတုန်းပဲ..ဘယ်တော့မှ မပြောင်းလဲဘူး”

ကျွန်တော် အသေအချာလေးပြောလိုက်တော့ သက်ထား နည်းနည်း တွေသွားတယ်။

“အဲဒီ အချစ်ဆိုတာကြီးကို ငါမတွေ့သေးဘူးဟာ..ငါ လည်းတွေ့ဖူးချင်တယ်..

ဘာပဲဖြစ်ဖြစ် နင့်ကို ပြန် မချစ်နိုင်တာတော့ စိတ်မကောင်းပါဘူး…

“ငါလည်း ရှေ့လထဲတော့ ကျောင်းသေချာရင် ထွက်ဖြစ်လိမ့်မယ်ထင်တယ်”

“ကောင်းတာပေါ့…တကယ်လို့ ထပ်မတွေ့ဖြစ်တော့ရင်လည်း မှတ်ထားပေးပါဟာ။ မြန်မာပြည်မှာ နင့်ကို အရမ်းချစ်တဲ့ကောင်လေးတစ်ယောက် ရှိသေးတယ်လို့”

“ဟား..ဟား..အောင်ဘုရယ် ..နင်ဟာလေ ခုထိစိတ်ကူးယဉ်တုန်း...ကလေးစကားတွေ သိပ်ပြောတာပဲ”

နောက်တော့ ကျွန်တော်တို့နှစ်ယောက် ညနေစောင်းမှာလမ်းခွဲလိုက်ပါတယ်။

(၃)

သဘောင်္ပေါ်တက်တော့ ရန်ကုန်ညနေ လေညင်းရယ် ဝင်တော့မယ့်နေရောင်ရယ်လေ..

လူတစ်ယောက်က လူတစ်ယောက်ကို အရမ်းချစ်နေမိပြီး..နောက်တစ်ယောက်က တော့ ရင်ခုန်လို့မရတာ ဘယ်လိုနောက်ပြောင်မှုတွေပါလိမ့်။ ကျွန်တော့်လို ချစ်ရုံပဲ ချစ်တတ်ပြီး…အချစ်ခံရအောင် မနေတတ်တဲ့ ရင်ခုန်အောင်မလုပ်တတ်တဲ့ လူတစ်ယောက် ကတော့ မြစ်တစ်စင်းထဲမှာ ချစ်ခြင်းတွေနဲ့ လူးလာခေါက်ပြန်လို့ပေါ့။

လင်းဒီပ

၅.၃.၀၉

16 comments:

အောင်သာငယ် said...

မီးလောင်မြေမှာ ပစ္စည်းပျောက်ကို
လူးလာ ခေါက်ပြန် ရှာနေရသလို ဖြစ်နေတာပေါ့...

khin oo may said...

သမန် ခတ်နေသလိုပေါ့။ အဲဒီလိုလား။

khin oo may said...

လင်းဒီပ အသစ်ထွက်တယ်ဆိုလို့။ မအိပ်ဘဲနဲ့..

အိုင်လွယ်ပန် said...

ရေးတာကောင်းတယ် ...
လွမ်းရတာတော့ မဂွတ်ဘူး :P

MANORHARY said...

အော်..တရားနဲ့ဖြေ
ရေစက်ပါအောင် ရေများများလှူ
း)

တင့်ထူးရွှေ said...

တကယ်စိတ်မကောင်းဘူး ၊ အောင်ဘုနေရာကို ကိုယ်တိုင်ရောက်သွားတယ် :(

Phyo Maw said...

ဖြေပါ ဖြေပါ ဖြေပါ တရားနဲ့...
တို့များလည်း သူတို့လေးတွေ နိုင်ငံခြားထွက်သွားတုန်းက ဒီလိုပါပဲလေ...
(ဟုတ်သည်ရှိ မဟုတ်သည်ရှိ ကိုယ့်ကိုယ်ကိုစွဲပြော၏)

Welcome said...

ကောင်းတယ်ကိုအောင်ဘုရေ ..
မမက (၀)မှကြိုက်တယ်ဆိုရင်
(၀)အောင် ကြိုးစားလိုက် ပြီးတာပဲ၊
သမ္ပန်တောင်ခတ်နေစရာမလိုဘူး
တစ်ခါတည်း လှေကြီးစီးရမှာ .. ပျော်မှပျော် ..။
အော်
တစ်ခါတစ်လေလည်း
ကိုယ်ကချစ်ပေမယ့်လည်း ကိုယ့်ကိုဂရုစိုက်တာမရှိ
ကိုယ်ကမချစ်ပေမယ့် အတင်းတွယ်ကပ်နေတာကိုခွာမရ..
လိုတာမရ
ရတာမလိုတဲ့
ဒီလောကကြီးမှာ
ကိုယ်လည်း ဂေါဝိန်ဆိပ်မှာ
သမ္ပန်ခတ်နေလေရဲ့
(ဆင်ဆင်ပြေပါစေ)

မမသီရိ said...

ရင်ခုန်တယ် ဆို ကိုက လုပ်ယူလို့ ရတာမျိုး
မဟုတ်ဖူး. ကိုလင်းဒီပ ရဲ့..
ဝတ္ထုတို ဆိုတော့ ..ဆက်မပြောတော့ ပါဘူးလေ..း)
ဖတ်လို့ ကောင်းပါတယ်...

လွတ်ငြိမ်းလေပြေ said...

ကိုဒီပ ရေ
တစ်ဖက်သတ်ချစ်ရတာ အဆိုးဆုံးပဲ

mirror said...

အစ်ကိုရေ့..၀တ္ထုတိုလေးက ကဗျာရှည်လေးတစ်ပုဒ်ကို
ဖတ်ရသလိုပဲ...

မြစ်တစ်စင်းထဲမှာ ချစ်ခြင်းတွေနဲ့ လူးလာခေါက်ပြန်တဲ့လား....မြစ်က ပြောင်းပြီးစီးဆင်းလို့ မရသေးတဲ့မြစ်ထဲမှာပေါ့...ဟုတ်စး)

လေးစားခင်မင်စွာဖြင့်
mirror

မောင်မျိုး said...

ရင်ခုန်တယ်ဆိုတာ မခုန်ပဲ ခုန်နေတယ်ထင်တာကိုပြောတာပေါ့ မသိမသာနဲ့ နေရခက်တယ် ကြွက်ဝင်နေသလိုပဲ လှပ်၃ ဖြစ်နေတား)

နာမည်တွေသုံးထားတာကို ပြုံးသွားမိတယ်

သက်ထားက ကဗျာဆန်ပြီး အောင်ဘု ကျတော့ တောနာမည်ကြီး ဟိဟိ ပိန် လို့ မချစ်တာဆိုရင် အနော် ရည်းစားမရတော့ဘူးပေါ့ အစ်ကိုလည်းတကယ်ပိန်လား :P

မင်းအိမ်ဖြူ said...

အဟုတ်မိုက်တယ်.....
""ချစ်ရုံပဲ ချစ်တတ်ပြီး…အချစ်ခံရအောင် မနေတတ်တဲ့ ရင်ခုန်အောင်မလုပ်တတ်တဲ့ လူတစ်ယောက် ""
ဒီစာကြောင်းလေးတကယ်ထိတယ်............

ဆောင်းယွန်းလ said...

ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ် ကိုယ့်ညီ...
တရားနဲ့ဖြေရုံပေါ့

ကောင်းကင်ကို said...

သြော် တဘက်သတ်အချစ်

ရွှေပြည်သူ said...

ဒီစာကို ဖတ်ပြီး သူငယ်ချင်းတစ်ယောက်ကို ရုတ်တရက် သတိရမိတယ်။ လောကကြီးက လွဲချော်မှုတွေ တော်တော်များများနဲ့ လည်ပတ်နေတာပါပဲ ကိုလင်းဒီပရေ။ အရေးအသား သွက်သွက်နဲ့ ဖတ်လို့ သိပ်ကောင်းပါတယ်။