Thursday, March 3, 2011

ဖုန်းခေါ်သံလေးတစ်ခု

Just sing me this song….and you won’t be alone…

လူထူထပ်သောနေရာတစ်ခုမှာဖြစ်ဖြစ် ရထားတွဲတစ်ခုထဲမှာဖြစ်ဖြစ် ထိုသီချင်းစာသားနှင့် ringing tone သံကြားတိုင်း ကျွန်တော် ဖြတ်ကနဲ လှည့်ကြည့်မိတတ်သည် ။ တခါတရံ ကိုယ့်ဖုန်းအမှတ်နှင့်ပင် ဘောင်းဘီအိတ်ကပ်ကို ယောင်ယမ်း စမ်းမိတတ်သည် ။ ပြီးမှ တစ်ယောက်တည်း ပြုံးနေတတ်သည် ။ထို ringing tone လေးသည် Nokia 1200 လက်ကိုင်ဖုန်းကလေးမှ ဖြစ်ပါသည် ။

လွန်ခဲ့တဲ့လေးနှစ်လောက်က ကျွန်တော်ပထမဆုံး ပိုင်ဆိုင်ခဲ့ဖူးသော ထိုကာလက မြန်မာငွေ ငါးသောင်းလောက်သာ တန်သော ဖုန်းကလေးဖြစ်ပါသည် ။ PVC ဘော်ဒီလေးနှင့် ကင်မရာလည်းမပါ သီချင်းလည်းဖွင့်မရ ဘာဂိမ်းမှလည်း ထည့်မထားသော ရိုးစင်းလွန်းသည့် ဖုန်းကလေးဖြစ်ပါသည် ။ ကျွန်တော်ပထမဆုံး စတင်ထိတွေ့ဖူးသော မိုဘိုင်းဖုန်းလေးဖြစ်ပြီး ကျွန်တော့်ခက်ခဲသော နေ့များစွာ ညများစွာ ကို အတူတူ ဖြတ်သန်းခဲ့သော ဖုန်းကလေးဖြစ်သည် ။ ဖုန်းကလေးထိပ်တွင် LED မီးလုံးကလေးတပ်ထားသောကြောင့် ဓာတ်မီးအနေဖြင့်လည်း အသုံးပြုနိုင်လေသည် ။

ထိုဖုန်းကလေးနှင့် ငွေရှား ရေရှား ခက်ခဲသောနေ့များစွာကို လူမျိုးခြားတွေရှိရာ နေရာဒေသတစ်ခုမှာ မျှော်လင့်ချက် အင်္ကျီပါးပါးကလေး ဝတ်ကာ ကျင်လည်ဖြတ်သန်းနေခဲ့ဖူးသည် ။ ထိုဖုန်းကလေးသည် စိတ်မပျက်ပါနဲ့ ဘဝဆိုတာဒီလိုပါပဲ လို့ တိုးတိုး အားပေးတတ်သည် ။ ကျွန်တော် အလုပ်တစ်ခုရဖို့ ခြေတိုအောင်လျှောက်နေရချိန် တယ်လီဖုန်းခေါ်သံများကို မလွတ်အောင် စောင့်နေရချိန်တိုင်းမှာ အရိပ်တကြည့်ကြည့်နဲ့ ငေးကြည့်နေရသော ဖုန်းကလေးဖြစ်ပါသည် ။ ကျွန်တော့်မျှော်လင့်အားငယ်နေသော မျက်လုံးများကို ဖုန်းကလေးက လှောင်ရယ် မနေခဲ့ပါ ။ တစ်ယောက်ယောက်ဆီ ဖုန်းဆက်ချင်ရက်နဲ့ ဒုတိယနတ်ဘုရားရဲ့ ခြေဖဝါးကြမ်းကြီး ဖိနင်းမှုအောက်မှာ တိုးတိတ်နေရချိန်များ ….မေမေ နေကောင်းလား မေမေ…ဟု သီချင်းလေးဖွဖွ ညည်းနေမိသော ညများ ဖုန်းနံပါတ်တစ်ခုခုကို အခါခါနှိပ်လိုက် ပြန်ချထားလိုက် လုပ်နေရချိန်များတွင် ကျွန်တော့်အဖော်ကောင်းလေးဖြစ်ခဲ့သည် ။

အခုအခါ ကျွန်တော်လက်ထဲတွင် သူသူငါငါတွေနည်းတူ touch screen လက်ကိုင်ဖုန်းကလေးတစ်လုံးရှိနေပြီ ဖြစ်သောလည်း ထို ring သံလေးကြားတိုင်း စိတ်လှုပ်ရှားမြဲ ဖြစ်ပါသည် ။ အိပ်ခြေရာခြေအတည်တကျ မရှိသေးပေမယ့် အိမ်ပြန်ချိန် အတိအကျမရှိသေးပေမယ့် အရင်ထက်တော့ နေသာပါတယ်လို့ လူတွေကို ပြန်ပြောနိုင်ပြီ ဖြစ်ပါသည် ။သို့ပေမယ့် touch screen လေးကို လက်ဖျားလေးနဲ့ ဖိသပ်နေတုန်း ထို ring သံလေးကြားလျှင် အသည်းအသန် လိုက်ကြည့်မိတတ်သည် ။ ထိုအခါ လက်ထဲမှ touch screen ဖုန်းကလေးက “အချစ်ဟောင်းကို မမေ့နိုင်သေးဘူးလား” လို့ပင် နောက်ပြောင်ချင်လေမလားမသိ ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးရှင်များကို အမှတ်ရနေတတ်သည့်နည်းတူ ဆိုးတူကောင်းဖက် နေ့ညများစွာ ဖြတ်သန်းခဲ့ဖူးသော တယ်လီဖုန်းသံလေးကြားရင်တော့ အရင်လို ခေါင်းထောင်ကြည့်တတ်တုန်းပင်ဖြစ်ပါသည် ။

လင်းဒီပ

၀၂.၀၃.၁၁

7 comments:

Anonymous said...

ညီမမှာလည်း အမှတ်တရ တုန်း လေးတခုရှိတယ် .. ချစ်တာတော့မဟုတ်ဘူး .. အသံကြားရင် စိတ်တိုတာလေ .. :D

အလုပ်ဝင်ကာစ မနက် အလန်းပေးထားတဲ့ တုန်းသံ .. ဘယ်ချိန်ကြားကြား စိတ်တိုတာ .. :D

မိုးခါး

zue said...

ဆိုးတူ ကောင်းဖက်ဆိုတာ မေ့ရခက်တယ်...
ဘ၀မှာ အမှတ်တရ အဖြစ်ဆုံးတွေပေါ့...

မယ်ကိုး said...

ဦးလေးတစ်ယောက်တည်းမဟုတ်ပါဘူး ....း)
အဲဒီလို အချိန်က တီးလုံးလေးကြားတိုင်း မနေနိုင်လိုက်ကြည့်တတ်သူတစ်ယောက်လည်း ရှိပါတယ်။

jr said...

ပထမဆုံးတွေဆို လူတွေက မမေ့နိုင်ဘူးတဲ့ .. ဟုတ်မယ်ထင်တယ်နော် ..

ဂျူနီယာလွင်ဦးရဲ့ ပထမဆုံးလေးက အိမ်သာထဲပြုတ်ကျပြီး ပျက်သွားတယ်။ :P အမှတ်တရပါပဲ။

ရွှေပြည်သူ said...

ကိုယ်နဲ့ဆိုးတူကောင်းဖက် အတူရှိခဲ့တဲ့ အရာဝတ္ထုလေးတွေကို တခြားအရာတွေထက် ပိုပြီးစွဲလမ်းနေတတ်ကြပါတယ်...

ကိုလင်းဒီပတော့ မသိဘူး... ညီမဆို သီချင်းအဟောင်းတွေ... ရနံ့အဟောင်းတွေ ပြန်ရတိုင်း အဲဒီအချိန်ကို ပြန်ရောက်ပြီး အဲဒီတုန်းကခံစားချက်တွေ ပြန်ရတတ်တယ်...

မောင်မျိုး said...

သက်မဲ့ ရဲဘော် ရဲဘက်ကလေးများပေါ့ ကျနော်လည်း အဲ့လိုပဲ တစ်ခါခါ ဘာမှမဟုတ်တာလေးတွေကို အမှတ်ရတတ်တယ်ဗျ ။

သက်ဝေ said...

ဆိုးတူကောင်းဖက် အဖေါ်လေးပေါ့...
ပိုစ့်လေးက ချစ်စရာ...