Monday, February 21, 2011

အိမ်မပြန်ဖြစ်ကြသူများ

ကျောင်းပြေးအစ

အိမ်ပြေးအလယ်

သံသရာမှ လွတ်အောင် ပြေးကြသူများအဆုံး

စမိမှတော့

ကမ္ဘာကုန်ကျယ်သရွေ့ပြေးသာပြေး

(ကြည်ဇော်အေး)

(က)

“အဲဒီနိုင်ငံက ပီအာလျှောက်ဖို့ IELTS အမှတ်က(၇)မှတ်ရမှ လို့ ပြောတယ်”

ရတနာပြောနေတာက ကျွန်တော့်ကိုလည်း တစ်ခါက ကူညီခဲ့ဖူးသည့် ညီမငယ်တစ်ယောက်အကြောင်း ။ မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်တော် ဘန်ကောက်ကနေ ဒီကျွန်းကလေးကို ကူးဖို့လုပ်နေတုန်း အဲဒီ့ညီမငယ်ရဲ့ချစ်သူကောင်လေးက ဘန်ကောက်မှာနေတော့ လေယာဉ်လက်မှတ်ကိစ္စကို ကူညီခဲ့ဖူးသည် ။ နှစ်ယောက်လုံးက အိုင်တီသမားတွေ ။ နှစ်ယောက်လုံး ဘန်ကောက်မှာ ကျောင်းပြီးတော့ ကောင်လေးက အဲဒီမှာ အလုပ်လုပ်နေပြီး ကောင်မလေးက ဒီကျွန်းကလေးပေါ် ရွေ့လာသည် ။ အခု ကောင်လေးကော ကောင်မလေးကော နောက်ထပ်တစ်နေရာကို ထပ်ရွေ့ဖို့ ပြင်နေကြပြီ ။ ကောင်လေးက ဘန်ကောက်ကနေ ကူးဖို့ လုပ်နေသလို ကောင်မလေးကလည်း ဒီကျွန်းကလေးကနေ ခြေလှမ်းတွေ ပြင်နေပြီ။ ဘဝကို နောက်ထပ် တစ်ဆင့် ထပ်မြှင့်ကြဖို့ပဲ ဆိုပါတော့ ။

“ငါသိတာတော့ အဲဒီမှာ နေရတာ ဒီမှာလောက်တော့ စုစုစည်းစည်း ရှိမယ် မထင်ဘူးနော် ။ တစ်နေရာနဲ့ တစ်နေရာက အဝေးကြီး မဟုတ်လား ။ ” လို့ မေးမိတော့

“ ဟုတ်တယ် ညဘက်ဆိုလည်း ဒီမှာလိုတော့ မဟုတ်ဘူး ။ ခြောက်နာရီလောက်ဆို ဆိုင်တွေ ပိတ်ကုန်ပြီ ။ လူတွေက ကလပ်တွေနဲ့ ဘားတွေ လောက်မှာပဲ ရှိတော့တာလေ ။” ရတနာ၏ အမျိုးသားက ဝင်ပြောသည် ။

ဘာပဲဖြစ်ဖြစ် ဒီကျွန်းကလေးမှာတော့ သူငယ်ချင်းတွေ လွယ်လွယ်ကူကူ ဆုံနိုင်တာ မြန်မာပြည်ပြန်ချင်ရင် လှစ်ကနဲ ပြန်သွားလို့ရတာက အားသာချက်ပဲ မဟုတ်လား ။

နောက်တော့ ရတနာ၏ အမျိုးသားကို လှမ်းကြည့်ရင်း တွေးမိပြန်သည် ။ သူက ဒီကျွန်းနိုင်ငံသားခံယူထားပြီး ရတနာကတော့ ဒီကျွန်းကလေးမှာ ပီအာဖြင့် နေထိုင်သူ ။ သူတို့မှာလည်း ရှေ့ဆက်သွားမယ့် plan တွေနဲ့ ။

xxxxxxxxxx

နည်းအမျိုးမျိုးနဲ့ပြေး

လမ်းအမျိုးမျိုးနဲ့ပြေး

ပြေးချင်းမှာ ကိုယ်ပိုင်ဟန်ရှိဖို့တော လိုတာပေါ့

ဂျူးလူငယ်လေးတစ်ဦးဟာ ပြေးသူ

ညဥ့်နက်သန်းခေါင်မှာ

နန်းဆောင်ကို စွန့်ခွာခဲ့သူ သိဒ္ဓတ္ထဟာ ပြေးသူ

(ကြည်ဇော်အေး)

(ခ)

“ဒါနဲ့ နင့်အစ်မက ဒီမှာ စီတီဇင်လျှောက်တာ ရီဂျက်ထိတယ်ဆို”

ဘေးမှာ ထိုင်နေသည့် သိင်္ဂီက ရတနာကို ကြည့်ရင်း လှမ်းပြောသည် ။

“ဟုတ်တယ် ။ သူက ပီအာဒီပန့်ဒန့် နဲ့ လျှောက်လို့ ရီဂျက်ဖြစ်တာ ထင်တယ် ။ ”

“ဒါဆို သူ့အမျိုးသားဘက်က လျှောက်ရင်ကော”

“ငါ့အစ်မ အမျိုးသားက တစ်ဦးတည်းသောသားလေ ။ သူက ပီအာနဲ့ပဲ နေချင်တယ် ။ အကြောင်းကိစ္စရှိလို့ မြန်မာပြည်ပြန်ချင်ရင်လည်း အဆင်ပြေအောင်လို့။ အဲဒါကြောင့် ငါ့အစ်မကို စီတီဇင်လျှောက်ခိုင်းပြီး သူက ပီအာနဲ့ နေဖို့ လုပ်နေတာ ။”

ရတနာနဲ့ သိင်္ဂီနဲ့ ပြောနေသမျှတွေကို ကျွန်တော် ထိုင်နားထောင်နေရင်း စဉ်းစားမိတာတွေက တစ်ပုံတစ်ပင် ။ ချစ်သူ ဖြူလေးရဲ့ အစ်ကိုလည်း သိပ်မကြာခင်က စီတီဇင် လျှောက်ရင်း ရီဂျက်ဖြစ်ထားသည် ။ ဖြူလေးကတော့ ဖုန်းပြောဖြစ်တိုင်း မြန်မာပြည်မှာပဲ နေမှာနော် ဟု တွင်တွင် ပြောနေသူ ။

xxxxxxxxxx

ပြေးခြင်းမှာ အရသာ ထူးထူးခြားခြား ရှိလေသလား

နောက်ကလိုက်သူမရှိရင် ပြေးလို့ မရဘူးလား။

နောက်လိုက်မရှိဘဲ ပြေးသူဟာ ပြေးသူ မဟုတ်ဘူးလား ။

(ကြည်ဇော်အေး)

(ဂ)

ရတနာကိုကြည့်ရင်း

“ဒါနဲ့ ငါတို့ဆရာမလင်မယားကော သူတို့ အလုပ် အဆင်ပြေတယ် မဟုတ်လား ။”

“သူတို့ကတော့ ဒီမှာ မပျော်ဘူးလို့ ပြောတယ် ။ ပြန်မှာတဲ့ ။ လူကြီးတွေကတော့ ဒီမှာ မပျော်ဘူးပေါ့ဟာ ။”

ဒါဆို ကျွန်တော်လည်း သူပြောသလို လူကြီးတွေတန်းဝင်နေပြီ ထင်သည် ။

သိင်္ဂီတို့လင်မယားကျတော့လည်း ယောက်ျားက မြန်မာပြည်က ရေနံကုမ္ပဏီမှာ အလုပ်လုပ်တော့ ရန်ကုန်ရယ် အော့ဖ်ရှိုးရယ် နေရတာများပြီး သိင်္ဂီက ဒီမှာ။ယောက်ျားလုပ်သူက ကူးချည်သန်းချည် ။ အခု သိင်္ဂီ မီးပုံးပျံကလေးပင် နှစ်လ ရှိတော့မည် ။ အတူတူ မနေနိုင်ကြသေးပေမယ့် သူတို့ဘာသာတော့ ပျော်နေသလိုပင် ။

“ငါလည်း ပီအာ ထပ် တင်မလို့” တချိန်လုံး ငြိမ်နေသည့် အောင်အောင်က ပြောတော့ ရတနာက

“မတင်နဲ့ဦးဟ သူတို့ အီလက်ရှင်က မေလ ။ အဲဒါပြီးမှ တင်လေ ။ အဲဒါ ပို ကောင်းတယ် ။”

အောင်အောင်နဲ့ ဝါဝါတို့ကလည်း ဒီမှာ အခြေချဖို့ စဉ်းစားနေသူတွေ ။ အောင်အောင်ရယ် ကျွန်တော်ရယ် ဝါဝါရယ်က ဒီကို ရှေ့ဆင့်နောက်ဆင့်လောက်ရောက်လာသူတွေ ။

xxxxxxxxxx

ဥပမာ

ထပြေးမှ ကျိုးမှန်းသိသွားရင် ဘယ်လို လုပ်မလဲ

ဥပမာ

စက်ဝိုင်းတစ်ခုပေါ်မှာ ပြေးမိနေရင် ဘယ်လိုလုပ်မလဲ

(ကြည်ဇော်အေး)

(ဃ)

ခဏနေတော့ ဝါဝါက သူ့လက်တော့ဖ်ထဲမှ ဓာတ်ပုံတွေ ပြသည် ။

“ဟဲ့ ဒီဘုန်းကြီး ပုံကို သေချာကြည့်စမ်း ။ နင် သိလားလို့ ။”

ဘုန်းကြီးတွေ ဆွမ်းစားနေသည့် ပုံ ။ မနည်းကြည့်ရသည် ။ သေချာ မမှတ်မိ ။

“အဲဒါ ကျော်စွာထွန်း လား”

“ဟုတ်တယ်လေ ။ သူဘုန်းကြီး ဝတ်နေတာ ဆယ်ဝါရှိပြီ ”

မနည်း ပုံဖော်ယူရသည် ။ ငယ်သူငယ်ချင်း ။ ဆယ်တန်းအောင်ကာစက ဆေးကျောင်းမမှီလို့ စိတ်နည်းနည်း ထွေသလို ဖြစ်သွားသေးတယ် လို့ ကြားလိုက်သေးသည် ။ နေကောင်းသွားကတည်း က ဘုန်းကြီး ဝတ်လိုက်တာ အခုထိ ပြန်မထွက်တော့ ။ သံသရာမှ လွတ်ရာလွတ်ကြောင်း ကိုပဲ ရှာဖွေတော့မည့် ငယ်သူငယ်ချင်း ။ အခုလည်း ဝါဝါ ရန်ကုန်ပြန်ရင်း အဲဒီဘုန်းကြီးကျောင်းမှာ ဆွမ်းသွားကပ်ပြီး ရိုက်လာတဲ့ ဓာတ်ပုံတွေ ။

xxxxxxxxxx

အဖိုးကြီးများပြေးကြသလို ဘာရယ်မဟုတ်

ကိုယ့်ခြေထောက်နဲ့ကိုယ် ဘာရယ်မဟုတ်

ခလုတ်တိုက် လဲကျမသွားခင်အထိ

ကလေးဘဝ ကစားနည်းတစ်ခုကို မှတ်မှတ်ရရ

ကလေးဘဝ ကစားနည်းတစ်ခုကို တလွမ်းတဆွေး

ကိုယ်ကစ စိန်ခေါ်ပြီး ပြေးပါပြီ ။ဲ

(ကြည်ဇော်အေး)

xxxxxxxxx

(င)

ကျွန်တော့်ကိုကော ဘာတွေ ဆက်လုပ်မှာလဲ ဆိုတဲ့ အကြည့်နဲ့ အားလုံးက ဝိုင်းကြည့်တော့ ကျွန်တော့်မှာ အဖြေမရှိ ။ ကျွန်တော်တို့ဘဝတွေကို ဒီလိုပဲ ရေကြည်မယ်ထင်တဲ့ မြက်နုမယ် ထင်တဲ့ အရပ်တွေ ကို ဘယ်လောက်ထိ ရွေ့လျားနေကြမှာလဲ ။ သူငယ်ချင်းတွေကြားထဲမှာ ဘယ်လိုကိစ္စမှာဖြစ်ဖြစ် ဆုံးဖြတ်ချက် မပြတ်သားသူ ၊ တစ်ခုခုဆို သိပ်စဉ်းစားလွန်းသူ ၊ အကောင်းဆုံးကို ရှာဖွေရင်းနဲ့ နောက်ဆုံးကျန်ရစ်သောအရာများဖြင့်သာ ကျေနပ်တတ်ရသူ ၊ သက်ရှိသက်မဲ့တို့အပေါ် သံယောဇဉ်ထားလွန်းပြီး အစွဲအလမ်းများလွန်းသူ ဆိုသော ဂုဏ်ပုဒ်များနှင့် ကျွန်တော်သည်…

လင်းဒီပ

၂၁.၀၂.၁၁

(ဒီပိုစ့်ထဲမှာ ပထဝီအနေအထား(ကြည်ဇော်အေး) ကဗျာစာအုပ်ထဲက စပြီးပြေးကဗျာကို အစအဆုံး ပိုင်း ပိုင်းပြီးထည့်သုံးထားပါတယ် ။)

10 comments:

မြူးမြူး said...

အိမ်ကိုပြန်ဖြစ်အောင်ပြန်မှာ.. ဒီကျွန်းလေးမှာ တသက်လုံးနေလိုက်မယ်လို့ တခါမှမတွေးဖူးဘူး.. အလွန်ဆုံး နောက် ၁၀ နှစ်ပေါ့..

ဇူး said...

အင်း .. ပြေးရတာ မောနေပါပြီ....
လူလည်း မော.. စိတ်လည်း မော...
နေစရာ နေရာ မရှိတာလည်း ကြာလှပြီ...

jr said...

ကိုလင်းဒီပရေ..

run .. forest .. run ပေါ့ဗျာ ..

Myat Mhan Lay said...

hote tel naw... ko lynn pyaw ta lo ble....hoooooooooooo... ma lwal par woo...

Anonymous said...

သိပ်ကောင်းတယ်

ကိုလင်းဒီပ

Like လုပ်မလို့ ကလစ်စရာ ရှာမတွေ့လို့ စာရိုက်ရတာ မောလိုက်တာ P:)


အရေးအသားတွေ တက်လာပြီး အတွေးတွေက မပြောင်းသေးဘူး ... သိပ်ကောင်းတယ်

လေးစားစွာဖြင့်
MEP

မယ့်ကိုး said...

အဝေးဆုံး ... အဝေးဆုံးသို့ ပြေး....
အဲလိုပြေးရတာကိုပဲ ကံလို့လွှဲချရင်း....

သီဟသစ် said...

ဒီစာစုလေးရော ကဗျာလေးရော ကြိုက်တယ်ဗျာ..
ခုထိတော့ ဟယ်ရီလင်း သီချင်းလိုပဲ ရင်ထဲမှာ ဒွိဟ ဖြစ်နေတယ်

Anonymous said...

ရှေ့ဆက်ဘာတွေဖြစ်ဦးမလဲ သိချင်ပါသေးတယ်။
kom

Maung Myo said...

မပြေးရင်လည်း ရွာမှာ မြက်ရှာတယ် အစ်ကိုရယ် တစ်ခါခါတော့ ကိုယ့်ကိုယ်ကို မြင်နုကြိုက်တဲ့ -ွားလားတောင်မသိတော့ပါဘူး ခပ်ပြင်းတယ် ခုရက်ပိုင်း အမေ နဲ့ အဘ ကိုတအားသတိရနေတော့ပိုဆိုးတယ်ဗျား(

မမသီရိ said...

ဘ၀ ဆိုတာ ဒီလိုပဲ လို့ မေးဖြစ်တာပေါ့မောင်လေးရေ..
သက်ရှိ သက်မဲ့ အကုန်လုံး သံယောဇဉ် ပိုတတ်လွန်းတာ ခက်တယ်.. ခြောက်သွား ကုန်သွားတဲ့ လက်သဲ ဆိုးဆေးဘူးလေးကိုတောင် လွှင့်မပစ်ရက်သူမို့.. ဘ၀ က အမှိုက်တွေနဲ့ပဲ ပွနေလေရော့သလား..