Sunday, July 31, 2011

လူပျော်လေးချစ်သူ

(က)

ဒီမြို့လေးကို ရောက်တော့မှ ကျွန်တော်သိထားတာထက် ကမ္ဘာရဲ့ လည်နှုန်းက ပို မြန်နေတဲ့အကြောင်း မေမေ့ကို ဖုန်းထဲမှာ ပြောမိတော့ မဟုတ်ဘူးသားရဲ့ မင်းရောက်နေတဲ့ မြို့လေးက မေမေတို့မြို့မှာထက် ကမ္ဘာရဲ့လည်နှုန်းက ပိုမြန်တာ ။ တကယ်လို့ နောက်ထပ်မြို့ကြီးတစ်ခုကို မင်းရောက်သွားတဲ့အခါ အဲဒိမြို့လေးမှာထက် ပိုမြန်တဲ့ လည်နှုန်းတစ်ခုကို ရင်ဆိုင်ရလိမ့်ဦးမယ်လို့ မေမေက ပြန်ဖြေတယ် ။ ဆက်ပြီးတော့ … သား ကမ္ဘာရဲ့လည်နှုန်းကို သတိထားမိဖို့ထက် ကိုယ့်စိတ်ရဲ့ အရွေ့အသွားကို သတိချပ်နေဖို့က ပို အရေးကြီးတယ်နော် လို့ ဖုန်းထဲကနေ တခုတ်တရ မှာပါတယ် ။

(ခ)

မနေ့ညက ဖြူနဲ့ ဖုန်းပြောတော့ ကိုအလုပ်အကိုင် အဆင်မပြေဘူးလို့ ဟိုတစ်ခါ ပြောတာနဲ့ မမကြီးကို ပြောမိတယ် ။ မမကြီးက သူ့သူငယ်ချင်းတွေရှိတဲ့ နောက် တစ်နိုင်ငံကို ထပ်ကူးမလားလို့ မေးတယ် ။ ကို ဘယ်လို သဘောရလဲ ။ ကြိုးစားကြည့်ချင်လား ။ ကျွန်တော်လည်း အံသြသွားပါရဲ့ ။ တချိန်လုံး သူနဲ့အတူတူ ပြန်နေဖို့ချည့် နားပူနားဆာလုပ်နေတဲ့ ဖြူ့ပါးစပ်က စကားအဆန်းတွေ ကြားရလို့ပါ ။

မကူးချင်ပါဘူး ဖြူရဲ့ ။ ထပ်ကူးရင် ဖြူနဲ့ ပိုဝေးသွားမှာပေါ့ ။ အခုအတိုင်းက လေယာဉ်တစ်ဆင့်ပဲ စီးရတယ်လေ ။ ကိုက ဖြူနဲ့ အဝေးကြီးမှာ မနေချင်ဘူး ။ နီးနီးလေးမှာလည်း မနေချင်ဘူး ။ နားငြီးလို့ ။

ကျွန်တော့်ကို ပြောလို့မရတဲ့ ဖြူကတော့ ထုံးစံအတိုင်း ရယ်လို့ပေါ့ ။ ပြီးမှ ထပ်ပြောတယ် ။

ကိုက ဖြူကို ရည်းစားထားတာလား ။ insurance ထားတာလား တဲ့ ။

ဘာလို့လဲ ။

ဟုတ်တယ်လေ ။ ကို ဘဝမှာ တချိန်ကျ အထီးမကျန်အောင် မိန်းကလေးတစ်ယောက်တော့ ရှိသေးတယ် ဆိုပြီး လုပ်ထားတာ မဟုတ်လား ။ တကယ်တမ်းကျတော့ ကို့ ဘဝ၊ ကို့အချိန်အတော်များများကို သူငယ်ချင်းတွေ အလုပ်တွေ နောက် ကိုဝါသနာပါတာတွေ ကို့ဘဝတိုးတက်ဖို့ ဆက်လုပ်ရမှာတွေ အတွက်ပဲ သုံးနေတာ မဟုတ်လား ။

ခပ်တုံးတုံး ကောင်မလေးတစ်ယောက်လို့ နားလည်ထားတဲ့ ချစ်သူဆီက စကားအဆန်းတွေ ကြားလိုက်ရတော့ အတော်လန့်သွားတယ် ။ တကယ်ပဲ သူ့ကို insurance ထားသလို တွဲနေမိပြီလား ။

တခါတလေဆို ဖြူ.. ကို့ချစ်သူ မဖြစ်ချင်ဘူး ။ ကို့သူငယ်ချင်းတစ်ယောက်ယောက်ပဲ ဖြစ်ချင်တယ် ။ ကိုသူ့ငယ်ချင်းတစ်ယောက်ယောက်က လှမ်းခေါ်လိုက်တာနဲ့ ဖြူနဲ့ အွန်လိုင်းမှာ ချိန်းထားလည်း မစောင့်တော့ဘူး ။ ကို လစ်ပြီ ။ သူငယ်ချင်းတွေနဲ့ သာ သွားနေ စားနေ သောက်နေရမယ် ဆို ဘယ်လောက် အချိန်တွေ ကုန်ကုန် ။

အာ… သူငယ်ချင်းတွေက ဖြူလို ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ မရှိပါဘူး ။ ကျွန်တော် ပြန်ငြင်း ကြည့်သေးတယ် ။

ကို မှတ်မိလား ။ ဖြူလာလည်တုန်းကလည်း ကို့အရင်အလုပ်က သူငယ်ချင်းတွေနဲ့ အိမ်တစ်အိမ်မှာ ချက်ပြုတ်စားသောက်ပြီး ဖြူတစ်ခုမှ မသိတဲ့ engineering အကြောင်းတွေ ငြင်းကြခုန်ကြ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ရယ်ကြနဲ့လေ ။ ဖြူမှာတော့ ငုတ်တုပ် ။ ဟာ … ဖြူသူငယ်ချင်းတွေနဲ့ ရန်ကုန်မှာ မုန့်သွားစားတော့လည်း ကိုမသိတဲ့လူတွေနဲ့ လိုက်ထိုင် ဝင်ရော ဒီလိုပဲ ရင်းနှီးသွားတာပဲဟာ ။ ဖြူကိုက လူမှုရေးညံ့တာ ။

ကဲ…ထားတော့ဖြူ ။ အခုကော ဘာလို့ ကို့ကို ပြန်လာဖို့ မတိုက်တွန်းဘဲ ပိုဝေးတဲ့ နေရာဆီ သွားခိုင်းနေတာလဲ ။ ရန်ကုန်မှာ နောက်တစ်ယောက် တွေ့နေပြီလား ။

တော်ပါပြီ ။ ကို့တစ်ယောက်နဲ့တင် အတော်လန့်နေပြီ ။

ကိုက လူဆိုး မဟုတ်ပါဘူး ။ မကောင်းတာပဲ ရှိတာ ။

ဟုတ်တယ်လေ ကိုလုပ်တဲ့ မကောင်းတာတွေက ထုတ်ပြလို့ မရတဲ့ ဟာတွေ ။ ကိုက လူလည် … အပြစ်ရှာမရအောင် လုပ်ထားတယ် ။

ဒီတစ်ပတ်ကော အိမ်မှာ နေမှာလား ။

နေမှာပေါ့ ဘယ်မှ မသွားဘူး ။

ပြောတာပဲ ။ pfingo နဲ့ခေါ်လိုက်ရင် လမ်းပေါ်က ပြန်မလာသေးဘူး ။

အဲလောက်ဖြစ်နေလည်း ကိုနဲ့ လာနေပါလား ။ ရွှေပြည်ကြီးကို အတော်ချစ်တာပဲလား ။

တော်ပါ လာနေဖို့ မဖြစ်တဲ့လူကို အတင်းခေါ်နေ ။ ကို့ဘာသာ ပျော်သလောက်သာနေ ။ ပျော်တာတွေသာ လျှောက်လုပ် ။

မေမေကို သွားတိုင်မနေနဲ့ဦး ။

မတိုင်ပါဘူး တိုင်လည်း ရှင့်အမေက ရယ်နေတာ ။ သူ့သား ဘာမှ ပြောတာ မဟုတ်ဘူး ။

ချစ်တာကိုး ကလေးမရဲ့ ။

နောက်တော့လည်း ဖုန်းချသွားပါတယ် ။ မဟုတ်ပါဘူး ဖုန်းကျသွားတာပါ ။ ဖုန်းကဒ် ကုန်သွားလို့ ။စကားကတော့ ဖုန်းကဒ် ဆယ်ကဒ်ပေါင်း ဆက်တောင် ကုန်မှာ မဟုတ်ပါဘူး ။

(ဂ)

ဖြူနဲ့ ဖုန်းပြောပြီးမှ ပြီးခဲ့တဲ့အခေါက် ရန်ကုန်ပြန်တဲ့နေ့က အဖြစ်လေးကို အမှတ်ရပါတယ် ။ လေယာဉ်ပေါ်မှာ မတွေ့တာ အတော်ကြာတဲ့ သူငယ်ချင်းအင်ဂျင်နီယာမတစ်ယောက်နဲ့ မထင်မှတ်ဘဲ flight တစ်ခုတည်းတွေ့ပြီး တလမ်းလုံး စကားများလာပါတယ် ။ ရန်ကုန် ရောက် luggage ရွေးတဲ့ နေရာမှာ သူ့ luggage က အတော်နဲ့ ထွက်မလာတာ ကူစောင့်ပေးနေ စကားတွေ ပြောနေ ရယ်နေတာကို လာကြိုတဲ့ ဖြူက အပြင်ကနေ အစအဆုံး မြင်ပေရဲ့ ။ တလမ်းလုံး စကားမပြောဘဲ အိမ်ကျတော့ မေမေ့ကို သွားတိုင်တော့ မေမေက ပါးစပ်ပါတော့လည်း စကားပြောမှာပေါ့ သမီးရယ် ဆိုပြီး ခပ်ပြုံးပြုံးနဲ့ ပြန်ပြောပါတယ် ။ အဲဒီကတည်းက တိုင်လည်း သိပ်မထူးဘူးဆိုတာ ဖြူသိသွားပုံရတယ် ။

မေမေကတော့ ကိစ္စအထွေအထူးမဟုတ်ရင် ဘာမှ ပြောလေ့မရှိဘူး ။ ဖေဖေကလည်း ငယ်ငယ်က နောက်နောက်ပြောင်ပြောင်နေတတ်ပေမယ့် အသက်ကြီးတော့ အေးအေးဆေးဆေး ပဲ ။ ကျွန်တော်ကတော့ အခုထိ ပျော်ပျော်နေတတ်တုန်း ဆိုတော့ ဖြူမှာ ကျွန်တော့် မကျေနပ်ရင် ဘယ်တိုင်လို့ တိုင်ရမှန်းမသိ။ တကယ်ဆို ကျွန်တော်လည်း ဖြူကို ချစ်ပါတယ် ။ ဆရာမဂျူးစကား ငှားသုံးရရင် အချစ်ဆိုတာ ကြိုးနဲ့ သီထားဖို့မလိုတဲ့ ပန်းကလေးတွေလို့ ကျွန်တော်က မြင်တယ် ။ မသီဘဲထားတာ နည်းနည်း များနေပြီလားတော့ မသိဘူး ။

တခါတလေတော့ အဲဒီ insurance လေးကို တအားလွမ်းတယ်ဗျ ။ ဒါပေမယ့်လည်း ကမ္ဘာကြီး အလည်မရပ်သရွေ့ သူ့လည်ပတ်နှုန်းကို စဉ်းစားရင်း ကျွန်တော်ကလည်း တယ် အလုပ်များသကိုး ။

လင်းဒီပ

၁၅.၁၀.၁၀

7 comments:

MANORHARY said...

omg ! :) insurance ? :)

Zephyr said...

မိုက်တယ်။

အင်လျှောရန့်လေးကို နှစ်တိုင်း ရီနျူးပြန်ပြန်လုပ်တာလား။
ဟဲဟဲဟဲ။

မောင်မျိုး said...

ဒီပို့စ်လေး တအားကြိုက်တယ် ရိုးရိုးရှင်းရှင်းလေးး

း)

မေသိမ့်သိမ့်ကျော် said...

တော်တော်လေးကိုသဘောကျတယ်။ အော် insurance insuranceး)


ခင်မင်လေးစားလျက်

tin min htet said...
This comment has been removed by the author.
tin min htet said...

ကျွန်တော့် insurance က saving နဲ့တွဲထားလိုက်တာ ကြာပြီ။ ဒီတော့ နှစ်ပေါင်း ၂၅၊ နှစ်ပေါင်း ၅၀ စသည်ဖြင့် ဆက်တိုက်စုသွားရမှာ၊ အဲလို plan မျိုးက ပြန်ဖျက်လို့ မရဘူးဗျ၊ ဆက်စုသွားရုံပဲ :P

ရွှေပြည်သူ (ShwePyiThu) said...

သြော် တချို့တချို့များကျတော့လည်း Insurance လေးနဲ့ Safe ဖြစ်နေလိုက်ပုံများး)) အရေးကတော့ ကောင်းပါ့။

စကားမစပ်... ပန်းကလေးတွေကို တခါတခါလည်း သီရတယ် ကိုလင်းဒီပရဲ့း)