Thursday, July 14, 2011

နတ်စိမ်းစကား

(၁)

နေ့များ

ဆေးလိပ်တစ်လိပ်သောက်ဖို့ အသက်ပြည့်အောင် စောင့်ရ

ဆန္ဒမဲတစ်ခု ထည့်ဖို့ အသက်ပြည့်အောင် စောင့်ရ

အမှားတွေတစ်ခုပြီး တစ်ခု လဲဝတ်ဖို့ အသက်ပြည့်အောင် စောင့်ရ

ကိလေသာစောင်ထူထူကြီးတွေခြုံဖို့ အသက်ပြည့်အောင် စောင့်ရ

အကုသိုလ်တွေ မနိုင်မနင်း သယ်နိုင်ဖို့ အသက်ပြည့်အောင် စောင့်ရ

မွေးကတည်းက

ကိုယ့်ကိုရပ်စောင့်နေတဲ့ သေခြင်းတရားကို

မတွေ့သလို နေထိုင်ရင်းနဲ့…။


(၂)

အခန်း

တစ်ယောက် ဝင်လာပြန်တယ်

ဟိုတစ်ယောက် ထွက်သွားတော့ ။

ငါလည်း

သစ်ပင်ကြီးအောက်မှာ စောင့်နေ

အလှည့်ကို ရောက်ဖို့ ။


(၃)

ဇာတ်

အင်္ကျီတွေလဲကြ

နာမည်တွေ ပြောင်းကြ

ပညတ်တွေ အမျိုးမျိုး ဝတ်ကြ

အကုသိုလ်တွေ

ဆေး

ချွတ်

မရတော့လည်း

စိတ်ဖြေ ။


(၄)

ကျေးကျွန်

နွေဆိုးကြီးထဲ

နေ,မထိဘူး

အလွမ်းဒီးဒီးကျတယ် ။


(၅)

ဥစ္စာရူး

ညီမလေးကို

ခိုးယူသွားတဲ့ စက္ကန့်တံလေး ဘယ်ဆီမှာ…။

ကျွန်တော်က

လက်တံအရှည်ကြီးကို ဟီးလေးခိုရင်း လိုက်ရှာ…။

ကံကြမ္မာပတ်ထားတဲ့

သံသရာလက်ပတ်နာရီကြီးပေါ်မှာ…။


(၆)

သိုးမ

ရန်သူဖြစ်ဖြစ်

မိတ်ဆွေဖြစ်ဖြစ်

အနီးကပ်ပေါင်းကြည့်ဖို့ လိုတယ် ။

သူ့လက်ထဲ ဓားကိုင်မထားတာကိုက

မသင်္ကာစရာကောင်းနေပြီ။

လက်ထဲက ဝိုင်ခွက်ကို မြှောက်လိုက်

ဟက်ဟက်ပက်ပက် ရယ်မောလိုက်

စားပွဲအောက်က သေနတ်နဲ့ ချိန်ထားခဲ့လား

ရန်သူမိတ်ဆွေ မပီပြင်တဲ့အပြုံးထဲ

ကြည်လင်တဲ့အဓိပ္ပာယ် ရှာဖို့ ခက်နေတုန်း ။

ကိုယ်က ခပ်တုံးတုံး မီးအိမ်ကြီးလေ

ရန်သူမိတ်ဆွေ ပညတ်အလွဲတွေ ကပ်ရင်း

လောကဓံရောင်စဉ်ရှစ်သွယ်ထဲ

သိုးမဲလိုပဲ နေထိုင်မိပါတယ် ။


လင်းဒီပ

၁၄.၀၇.၁၁

4 comments:

Anonymous said...

ဘုရားကျောင်းလည်း မင်းကမရောက်တာအတော်ကြာဘီ

ကိုအောင်(ပျူနိုင်ငံ) said...

နတ်စိမ်းဆိုရင်တော့ သရဲနဲ့ ညီအကို တော်ရမယ် ... :P

jr said...

'လက်ထဲက ဝိုင်ခွက်ကို မြှောက်လိုက်
ဟက်ဟက်ပက်ပက် ရယ်မောလိုက်
စားပွဲအောက်က သေနတ်နဲ့ ချိန်ထားခဲ့လား'

ပဲကြီးလှော်ထုပ် မပေးလို့ကတော့ ပစ်မယ်ဆရာ..
:P

mirror said...

မူးမူးနဲ့ ဆလိပ်လေးဖွာ.. အိမ်ပြန်မလို့ လမ်းလျှောက်လာစဉ်.. ဓာတ်လှေခါးက ပျက်တော့ ဆရာရယ်.. ဖြေးဖြေးလမ်းလျှောက်တတ်တယ်..
အလွမ်းဓာတ်က ရှိတဲ့အခံပါကွယ်..။
:P

နောက်ချင်ဇောနဲ့ ပြောမိပြောရာတွေ ပြောမိပြန်ပြီ။