Thursday, August 6, 2009

လူဆန်တဲ့သီချင်း

ကံရှိသလို ဖြစ်ထွန်းတဲ့ ဘဝမြေဆီလွှာပါ…
ရွေးချယ်မှုပေါ်တည်ပြီး သီးပုံ ပွင့်ပုံ ကွာတယ်။

ကိုယ့်ကိုကိုယ် ဖြူတယ်လို့တော့ မဆိုလိုပါဘူး
ရှင်သန်ခြင်းမှာ တို့တွေဟာ ကိုယ်ပိုင်အရောင်တွေနဲ့ကွဲလွဲလို့။

နံပါတ်တစ် မဖြစ်ချင်ခဲ့ဘူး
ဒါပေမယ့် ကိုယ့်ဖြတ်သန်းမှုထဲမှာ ဘယ်လိုဂုဏ်သတ္တိတွေ ပါမလဲ…
ထည့်သွင်းစဉ်းစားရင်း
ဖြည့်စွက်ပြင်ဆင်ရင်း
ကိုယ့်ကိလေသာယန္တရားကြီးက သူများတွေထက် သွားနှုန်း နှေးနေတာ ။

ချင်ခြင်းတွေကို “ချဉ်”လို့ မရသေးတဲ့ မြေခွေး
ဆေးရောင်စုံ စပျစ်သီးလေးတွေ တွေ့တိုင်း
ထထ ခုန်တတ်တဲ့အကျင့် ပြင်မရသေးဘူး။

တခါတလေ အလွမ်းတွေ လမ်းကူးမှားတဲ့အခါ
ကိုယ့်လမ်းဟာ အဆွေးရောင်သန်းချင်လည်း သန်းမှာပေါ့။

ဘဝကို အနှေးပြကွက်နဲ့ ပြန်ကြည့်ရင်
အရင်က ကိုယ်ပါဝင်တဲ့ အလွမ်းဇာတ်
မျက်ရည်ရွှဲအောင် ငိုခဲ့ဖူးတာတွေ
အခုတော့ မျက်ရည်ထွက်အောင် ရယ်နေရ…။

အလွဲကြီးလွဲခဲ့တဲ့ ကိုယ့်အိပ်မက်တွေကို ခေါင်းအုံးအိပ်
နောင်တတန်းလန်းနဲ့ လက်ကျန်ဘဝကြီးကို ဆုတ်ကိုင်ထားရင်း
အနေအထိုင်မတတ်တဲ့ စိတ်ကလေး ရှိနေသေးတာကိုပဲ
ကိုယ့်ကိလေသာယန္တရားကြီး လူဆန်နေတုန်းလို့
ရိုးရိုးလေး တွေးမိပါတယ် ။
၂၆.၇.၀၉

ကိုတာရာမင်းဝေ နှစ်နှစ်ပြည့်(၅.၈.၀၉) အထိမ်းအမှတ် အစ်မ မနော် ရဲ့ ကျွန်မချစ်သောကဗျာများ ဘလောဂ့်က “အရှေ့မြို့ရိုးပေါ်က နံနက်ခင်း…ကဗျာပြပွဲ”ပိုစ့်မှာ ပြသတဲ့ကဗျာလေးပါ။ အမှတ်တရ ပြန်တင်တာပါ ။

တခြား ကဗျာဆရာတွေဖြစ်တဲ့ ပန်းချီထိန်လင်း ၊ အိန္ဒြာ ၊ အမရာ ၊ သစ်ကောင်းအိမ် ၊ Zephyr ၊ ကမာပုလဲ၊ လင်းဆက် ၊ တင်မင်းထက် ၊ နေဆူးသစ် ၊ လူဇော်သစ် ၊ အိုင်လွယ်ပန် ၊ သျှင်နွေခ ၊ Xanthos တို့ရဲ့ကဗျာလေးတွေကို နှင်းဆီရောင်စုံတွေကြားမှာ မြိုင်မြိုင်ဆိုင်ဆိုင် ပြသထားပါတယ်။
လင်းဒီပ
၆.၈.၀၉

7 comments:

အိုင်လွယ်ပန် said...

ဘဝကို အနှေးပြကွက်နဲ့ ပြန်ကြည့်ရင်
အရင်က ကိုယ်ပါဝင်တဲ့ အလွမ်းဇာတ်
မျက်ရည်ရွှဲအောင် ငိုခဲ့ဖူးတာတွေ
အခုတော့ မျက်ရည်ထွက်အောင် ရယ်နေရ…

တကယ့်ကို
လူဆန်နေကြရတယ် ကိုဒီပရေ ....

jr.lwinoo said...

ဟိုမှာသွားဖတ်ပြီးဘီကွ။
ဒီမှာ လာထပ်ဖတ်တယ်။ :)

သီဟသစ် said...

ကိုလင်းရေ

လူဆန်တဲ့သီချင်းလေးကို ဆိုသွားတယ်
စပျစ်သီးလေးတွေကို ကိုယ်တွေကတော့ ချဉ်ပါပြီလေ
ချိုလို့ရတုန်း ချိုထားပါ
:)

စတာတွေ များသွားပြီ
ခံစားချက်အပြည့်နဲ့ကဗျာလေးဖတ်သွားတယ်

ခင်မင်စွာဖြင့်
သီဟသစ်

p.s ကိုလင်းကိုပြောတာဟုတ်ဘူးဗျ ဟိုနူးနူးညံ့ညံ့က ဟိုလူပျိုကြီး ကိုစိတ်ဆတ်ကို ပြောတာ
:D

ရွှေပြည်သူ said...

“ကံရှိသလို ဖြစ်ထွန်းတဲ့ ဘဝမြေဆီလွှာပါ…
ရွေးချယ်မှုပေါ်တည်ပြီး သီးပုံ ပွင့်ပုံ ကွာတယ်။”

အစကနေအဆုံး အနှစ်သာရ ရှိလိုက်တာ။ စာပိုဒ်တိုင်းက စိတ်ထဲကို နင့်နင့်နဲနဲ ရောက်ရောက်သွားတယ်။ ကဗျာထဲမှာ လူ့ဘဝကို ခြုံပြီး မြင်လိုက်သလိုပါပဲ...

ရွှေပြည်သူ said...
This comment has been removed by the author.
မမသီရိ said...

ဘဝကို အနှေးပြကွက်နဲ့ ပြန်ကြည့်ရင်
အရင်က ကိုယ်ပါဝင်တဲ့ အလွမ်းဇာတ်
မျက်ရည်ရွှဲအောင် ငိုခဲ့ဖူးတာတွေ
အခုတော့ မျက်ရည်ထွက်အောင် ရယ်နေရ…။
..
အဲသလို ဖြစ်ချင်နေတော့တာပါပဲ မောင်လေးရေ

မယ်ကိုး said...

ဟို ဘလော့မှာလည်း ဖတ်ပြီးသွားပါပြီ...

လူဆန်တာကို ကြိုက်တယ်။ လူဆိုတာ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး (ဆင်ခြေတွေနဲ့  ) ကာကွယ်ရတယ် မဟုတ်လား။:)