Friday, July 17, 2009

အိပ်မက်အိမ်အပြန်

ညက အိပ်မက်မှာ
ကျောပိုးအိတ်ပြာလေးလွယ်
ပြာလွင်လွင် ဂျင်းပန်လေးတစ်ထည်နဲ့ ငေးငေးမောမော လမ်းလျှောက်
လမ်းသွားလမ်းလာတွေလည်း ဝင်တိုက်မိလို့ပေါ့ ။

လက်ရွေးစင်ဆိုတဲ့ ဆိုင်ကျဉ်းကျဉ်းလေးမှာ
ကော်ဖီမွှေးမွှေးလေးကို ဇိမ်ခံသောက်နေရင်း
ပန်းဆိုးတန်းဖက် စာအုပ်အဟောင်းတွေ လှန်လှော ဖတ်နေရင်း….။
ရုပ်ရှင်ရုံတွေဖက်မှာ
အရင်လို တစ်ယောက်တည်း တစ်နေကုန်
တစ်ရုံပြီးတစ်ရုံ အချိန်တွေ ဖောဖောသီသီ ဖြုန်းလို့…။
မြို့တော်ခန်းမရှေ့နားမှာ
ဘတ်စ်စကား တစ်စီးစီးပေါ်တက် ဘယ်ရောက်ရောက် လျှောက်စီးနေတုန်း….။
အိပ်မက်ထဲမှာ
ကိုယ်ဟာ ဟိုတုန်းကလို ငယ်ရွယ်
ကော်ဖီတစ်ခွက်ကို ပင့်သက်မပါဘဲ သောက်တတ်တဲ့အရွယ်
စီးကရက်တစ်လိပ်ကို ဘာမှမတွေးဘဲ ဖွာတတ်တဲ့အရွယ်
အိပ်မက်ထဲမှာ
ကုန်သည်ကြီးများဟော်တယ်ကလည်း ထည်ဝါနေတုန်း
ဆူးလေးလမ်းမကြီးက ကိုယ့်ရင်ခုန်သံတွေ အငိုက်ဖမ်းတုန်း
စိတ်ကောက်ချင်ယောင်ဆောင်နေတဲ့
ပုံတော်ဖိနပ်ကလေးက J’donut ထဲမှာ စောင့်လို့။
အင်းယားကိုရောက်တော့
အရင်လို လူရောင်စုံတွေက အကြော်ဆိုင်တွေမှာ ပြည့်လို့
တချို့တလေက လေထဲမှာ စွန်တွေလွှတ်
တချို့တလေက ချစ်ခြင်းတွေ မြက်ခင်းပေါ် ချ လွှတ်လို့။

ညနေစောင်းတော့
တနေကုန်တွေ့လာသမျှတွေ ကျောပိုးအိတ်ကလေးထဲ ထည့်လွယ်
ကိုယ်နေတဲ့မြို့သစ်အိမ်အိုလေးဆီ ပြန်လာခဲ့တယ်…။
အိပ်မက်ထဲမှာ မေမေကလည်း ဟိုတုန်းကလို ငယ်ရွယ်…။
လင်းဒီပ
၁၇.၇.၀၉

13 comments:

မမသီရိ said...

လွမ်းလိုက်တာ မောင်လေး ရေ

ရွှေပြည်သူ said...

ရင်ထဲမှာ တမျိုးကြီးဖြစ်ကျန်ခဲ့တယ်... ရန်ကုန်ရဲ့ညတွေကို တအားလွမ်းသွားလို့ ယောင်ယမ်းပြီးတောင် လေကိုရှုလိုက်မိတယ်... ရန်ကုန်ရနံ့လေးများ ပါလာလေမလားလို့...

“အိပ်မက်ထဲမှာ မေမေကလည်း ဟိုတုန်းကလို ငယ်ရွယ်…။”

စိတ်ထဲမှာ ငိုမိသွားတယ်။

MANORHARY said...

လက်ရွေးစင်ကကော်ဖီမွှေးမွှေးကို
တိုးမပေါက်တဲ့ဆူညံသံတွေနဲ့ ကိုယ်ပါဝင်ဆူရင်း
သောက်ခဲ့တဲ့ညနေတွေ...........
ဦးစိုးမြင့်သိန်း၊ဦးတင်မြင့်တို့ဆီစာအုပ်မှာရင်း ပန်းဆိုးတန်းကိုတစ်ယောက်တည်းလျှောက်ခဲ့ရတဲ့
ညနေတွေ..
ကျောချင်းကပ်နေပါလျက် တမင်တကာကျော်ကျော်
သွားဖြစ်ခဲ့တဲ့ ၃၃လမ်း.......
city taxi ခေါင်းခန်း တစ်ယောက်တစ်လမ်း
သွားတဲ့ညနေရီတွေ.................
ဘယ်လိုမှသယ်ယူထမ်းထုတ်လာလို့မရတဲ့အဆုံး
လင်းဒီပ ရဲ့စကားလုံးတွေနဲ့ပဲ သေပေးလိုက်ပါပြီ
း)

မောင်ဖားကြီး said...

တကယ်ဗျာ အစ်ကိုရာ ကျွန်တော်ကရန်ကုန်မှာပဲနေဆဲပါ.. ဒါပေမယ့် အစ်ကို့ကဗျာကြောင့် ကျွန်တော်တောင်တစ်နေရာကိုလွင့်သွားပြီး လွမ်းလာသလိုပဲ... ကြာတယ်ဗျ အခုဒီမှာရှိတုန်း အစ်ကိုမက်တဲ့ အိပ်မက်လို အကုန်လိုက်လုပ်ဦးမယ်.. အခုပဲ ဆူးလေလမ်းမကြီးပေါ်ကိုသွားပြီဗျို့

မယ်ကိုး said...

ှုကဗျာတစ်ပုဒ်လုံး ကောင်းလွန်းပါတယ်...

အိပ်မက်ထဲမှာ
ကိုယ်ဟာ ဟိုတုန်းကလို ငယ်ရွယ်...
အိပ်မက်ထဲမှာ မေမေကလည်း ဟိုတုန်းကလို ငယ်ရွယ်…။

ခံစားရပါတယ်။

မေ့သမီး said...

အကိုရေ လွမ်းလိုက်တာနော်။ ဒီရက်ပိုင်းအရမ်းလွမ်းတတ်နေတာနဲ့တော့ တွေ့နေပြီ။ တို့အကိုကတော့ ရင်ထဲမှာထိရှအောင်ရေးတတ်တယ်။

eaindraomtt said...

ဆရာလင်းဒီပရေ....

ဘယ်လိုလုပ်ကြမလဲ..
အခုကိုပြန်ချင်လာတာ...

သိမ်မွေ့ နူးညံ့ ပြီး ဆွတ်ပျံ့ဖွယ်ရာ ကဗျာလေးပါပဲ..

အိန္ဒြာ

ကိုရင်နော်ခင်လေးငယ် said...

ဆရာရေ..
ကဗျာလေးက ဆွဲခေါ်သွားလိုက်တာ..
အတွေးတွေထဲမှာ ရိပ်ကနဲ ရိပ်ကနဲ..
ဒီည အဲ့ဒီ အိပ်မက် မက်ချင်တယ်..

သက်ထွန်းညိမ်း said...

တစ်နေ့ရောက်ရင်လည်း
ဟိုးတုန်းကပေါ့ကွယ် ...ဆိုသလိုမျိုးပေါ့အကိုဒီပရေ
း)
ကဗျာတွေ ၇ိုးရိုးအေးအေးလေးနဲ့ ခံစားလို့ကောင်းတယ်

အိုင်လွယ်ပန် said...

လုပ်ဟ ...လွမ်းအောင် :)
သတိရစရာတွေက
စကားလုံးတွေထဲမှာနစ်ဝင် ဖူးပွင့်လို့ ...

မောင်ခင်လေး said...

ကိုဒီပရေ မရောက်ဖြစ်တာကြာပီဗျ အစ်ကိုကဗျာတွေက
လှမြဲလှဆဲပါပဲ ခံစားမှု့လေးတွေက နူးညံ့တယ်
အားပေးလျက်ပါ ကိုဒီပရေ ကောင်းသောနေ့ပါဗျာ :)

ဆောင်းယွန်းလ said...

ညီလေးကဗျာထဲမှာ ကိုယ်လည်းကိုယ့်ကိုယ်ကိုပြန်တွေ့မိလိုက်တယ်

Moe Cho Thinn said...

ဒီကဗျာလေးကတော့ ခုချိန်ထိ ငယ်ရွယ် လတ်ဆတ်နေတာ သေချာပါတယ်။