Tuesday, July 21, 2009

လေယာဉ်ပျံ

ပြတင်းပေါက်ကနေ လှမ်းငေးနေတော့ ညနေရီ အမှောင်ထဲမှာ လေယာဉ်ပျံတွေ တစ်စီးနှင့် တစ်စီး သိပ်မခြားဘဲ ပျံတက်သွားတာ တွေ့ရသည် ။ ဒီနိုင်ငံလေးက သေးသေးလေးနဲ့ လေယာဉ်အတက်အဆင်း အတော်များသည် ။ နေ့လည်ပိုင်းဆိုလည်း စစ်လေယာဉ်တွေက တချိန်လုံးကောင်းကင်မှာ ပျံဝဲနေလိုက် ထိုးဆင်းသွားလိုက်နှင့် ကြည့်ရတာ စွန်ငှက်တွေလိုပင် ။ ကျွန်တော် နေထိုင်ကျင်လည် အလုပ်လုပ်သည့် ကျွန်း၏ အရှေ့ပိုင်းက လေယာဉ်ကွင်းတွေနှင့် နီးလို့လည်းဖြစ်နိုင်သည် ။ လေယာဉ်ကွင်းတွေ တစ်ကွင်းမက တဲ့အကြောင်း သူ့နိုင်ငံသား Taxi ဆရာနှင့် တခါ စကား လက်ဆုံကျရင်း သိရသည် ။

လေယာဉ်တွေကို ငေးကြည့်ရင်း မြန်မာဗီဒီယိုဇာတ်လမ်း တစ်ခုထဲက စကားတစ်ခွန်းကို အမှတ်ရရင်း ပြုံးမိသည် ။ မိန်းမတွေက လေယာဉ်ပျံတွေနှင့် တူတယ်ကွ ။ ကွင်းမကောင်းရင် ဝဲရုံပဲ ဝဲတယ် …ဘယ်တော့မှ မဆင်းဘူး ။ ကိုယ့်ဘဝမှာကော ဝဲရုံပဲ ဝဲခဲ့သည့် လေယာဉ်ပျံတွေ ဘယ်လောက်များ များခဲ့ပါလိမ့်။ တချို့
လေယာဉ်ပျံလေးတွေ ကတော့ ကွင်းနှင့် ခင်မင်သွားပြီး မဆင်းပေမယ့် ခုထက်ထိ လက်ပြနှုတ်ဆက် နေတတ်သည် ။ အင်း ကိုယ့်လေယာဉ်ကွင်းကြီးကလည်း ဘယ်လောက်တောင် စုတ်ချာနေခဲ့လည်းမှ မသိတာ ။ အန္တရာယ်မကင်းတဲ့ကွင်းတွေ ဆိုရင်တော့ မဆင်းတာဘဲ ပိုကောင်းပါတယ် လေယာဉ်ပျံလေးတွေရယ် ။

ညမီးရောင်အောက်တွင် လေယာဉ်ပျံတွေ မီးရောင်လက်လက် နှင့် တက်လာတာကို ကောင်းကင် အမဲရောင် နောက်ခံထားပြီး ကြည့်ရတာ စိတ်ထဲ တစ်မျိုးကြည့်လို့ကောင်းနေသည်။ ဟိုတလောက ဖတ်လိုက်ရသည့် ဆရာသုခမိန်လှိုင် ကဗျာလေး အမှတ်ရမိပြန်သည် ။

ဘ၀ဆိုတာ
အရူးမောင်းလာတဲ့ လေယာဉ်ပျံကိုစီးလာရတာပဲ။

ပိုပြီး
ပျော်ပျော်ရွှင်ရွှ့င်နေဖို့စဉ်းစားတယ်
ပြန်ဆင်းလို့ မရတော့ဘူးကိုး။
(သုခမိန်လှိုင်)
တကယ်ကို ဘဝဆိုတာကြီး အရူးမောင်းလာတဲ့လေယာဉ်ပျံကြီး စီးနေရသလို ။ ဘယ်တွေရောက်မယ် ဘာတွေဖြစ်မယ်မှန်းလည်းမသိ ။ ပြန်ဆင်းလို့ မရမယ့် အတူတူ ကိုယ့်ကိုယ်ကိုယ် ပျော်အောင် ထားနေရသည် ။

ငယ်ငယ်တုန်းက တိမ်တွေကို မြင်ဖူးချင်သည်။ လေယာဉ်ပျံဆိုတာ ဘယ်လိုမျိုးပါလိမ့်လို့ စီးကြည့်ချင်သည်။ သာမန်မိသားစုက မွေးဖွားလာသူ တစ်ယောက်အနေနဲ့ လေယာဉ်ပျံဆိုတာ စက္ကူနှင့် ချိုးလွတ်ရတဲ့ စက္ကူ လေယာဉ်ပျံလေးတွေပဲ အနားမှာရှိသည် ။ တိမ်တွေဆိုတာ ညနေစောင်း စွန်လွှတ်ရင်း ငေးမော ကြည့်ရတဲ့အရာပေါ့ ။ စွန်လွှတ်ရင်လည်း ကျွန်တော့်စွန် လေထဲရောက်အောင် အတော်လေးကို ခက်ခက်ခဲခဲ တင်ရသည် ။ ခက်ခက်ခဲခဲ လေထဲရောက်ပြန်တော့လည်း သူများစွန်နှင့် လေထဲတွင် မျှားရင်း များသောအားဖြင့် ကျွန်တော့်စွန်ပဲ ပြတ်ပြီး မျောလွင့်သွားလေ့ရှိသည် ။ ထိုအခါ နောက်ထပ် စွန်တစ်ကောင် ထပ်ဝယ် ခက်ခက်ခဲခဲ ထပ်တင် ထပ်ပြတ် ။ အိတ်ထဲက မုန့်ဖိုးတွေ ကုန်သွားတော့ ရစ်လုံးလေး အနားချ မြက်ခင်းပေါ် ထိုင်ရင်း တိမ်တွေ ကို ငေးမောကြည့် နေဖြစ်သည်။ လေယာဉ်ပျံတွေကို ငေးကြည့်နေမိသည် ။

စွန်ကို ကောင်းကောင်း မလွှတ်တတ် သူများနှင့် မျှားရင်လည်း နိုင်အောင် မဖြတ်တတ်သော ကောင်လေးသည် သူစီးဖူးချင်သည့် လေယာဉ်ပျံကို နှစ်ဆယ့်ခြောက်နှစ်သားမှ စီးဖူးသည် ။ကုမ္မဏီမှ စီစဉ်သော နိုင်ငံခြား ခရီးစဉ် တစ်ခုအတွက် ပထမဆုံး စီးဖူးသည့် ဖလိုက်က ညဘက် ရန်ကုန်မှ ဘန်ကောက်သို့ ပျံသန်းသောခရီး ။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟု ရှည်လျားစွာ ရေးထိုးထားသော လေဆိပ် အသေးလေး၏ Departure Room ကို ပထမဆုံး ရောက်ဖူးသည် ။ နောက်တော့ Departure Room ကနေ လေယာဉ်ဆီကို ဘတ်စ်စကား နှင့် ခေါ်လာသည် ။ လေယာဉ်နားရောက်သွားတော့ လေယာဉ် အင်ဂျင်သံကြမ်းကြမ်းကြီးက သဘောင်္ အင်ဂျင်သံနှင့် မထူးပါဘူးကွာ ဆိုပြီး တွေးမိသည်။ (စိတ်ထဲမှာ လေယာဉ်ဆိုတာ အင်ဂျင်သံလေးက အစ သာယာနေမလားလို့ စိတ်ကူးယဉ်မိတာ) လေယာဉ်ပေါ်ရောက်တော့ ဆာဝါဒီခ ဆိုသော အသံလေး ကတော့ ချိုမြသည် ။ Rဇာနည်၏ သီချင်း လေးတောင် အမှတ်ရမိသည် ။
……နင်ခရီးသည် ဆီးကြိုပုံလေး
….ငါ ခိုးကာ ငမ်းနေချိန်လေး
…..အမှတ်တမဲ့တွေ့တဲ့ လက်စွပ်လေးရယ်….

နောက်တော့လည်း နေ့ပိုင်းစီးဖြစ်တော့ တိမ်တွေကို လေယာဉ် ပြတင်းမှတစ်ဆင့် ငေးကြည့်ခွင့်ရသည် ။ တိမ်တွေနှင့် ထိခိုက်မိပြီး လေယာဉ် တုန်ခါသွားတဲ့အခါ တိမ်တွေ ကျီစယ်တာလို့ ကြံဖန်တွေးပြီး ပျော်နေမိသေးသည် ။ တကယ်တမ်းကျတော့လည်း တိမ်တွေဆိုတာ ကိုယ်တိုင်ထိတွေ့ချင်ပေမယ့် မလွယ်ပဲလေ ။

ဘဝမှာ တခါတလေ တချို့စိတ်ကူးတွေက စိတ်ကူးတွေသက်သက်မျှ ။ တကယ့်လက်တွေ့နှင့် ထိစပ်ကြည့်လို့ မရပြန် ။ ထိစပ်ကြည့်မိပြန်တော့လည်း မျှော်လင့်ထားခဲ့သလို နှင့် မတူတော့ပြန် ။တခါတလေ ကြိုတွေး ပျော်ရွှင်မိတာတွေကို နှမျောနေမိပြန်သည်။ ထိစပ်မကြည့်မိဘဲ ဒီအတိုင်းလေးဆိုရင် တော့လည်း အမြဲတမ်း စိတ်ကူးလေးနှင့် ပျော်ရွှင်နေသွားနိုင်သည် ။သိပ်စိတ်ကူး မယဉ်တတ်တော့တဲ့ အရွယ် ရောက်နေပေမယ့် တိမ်တွေမြင် ငေးတတ် လေယာဉ်ပျံတွေ တွေ့ရင် ဘယ်လို ခရီးကိုသွားပြီး ဘယ်လိုကွင်းမှာ ဆင်းမှာပါလိမ့် လို့တော့ တွေးနေမိမြဲဖြစ်သည်။

ပြတင်းပေါက်ကို ကျောခိုင်းပြီး အိပ်ယာပေါ် လှဲချလိုက်တော့ စိတ်ကူးထဲမှာ လေယာဉ်ပျံတွေ ဝဲနေတုန်း ရှိသေးသည် ။ ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်လိုလေယာဉ်ကွင်းမျိုးပါလိမ့်လို့ ဆက်စဉ်းစားမိနေသည် ။ လေယာဉ်နှင့် ခရီးသွားတိုင်း တိမ်တွေ မညီမညာ ရှိတတ်သည့် တိမ်ကြမ်းလမ်းတွေအကြောင်းလည်း ဆက်တွေးမိနေသေး၏ ။

(ဆရာသုခမိန်လှိုင်၏ အာကာသခရီးကဗျာလေးကို အစ်မ မနော်၏ အိုင်ဒီယာ မဂ္ဂဇင်း ဘလောဂ့်မှ ခဏ ငှားထားပါတယ်။)
လင်းဒီပ
၂၁.၇.၀၉

17 comments:

မင်းအိမ်ဖြူ said...

တိမ်ကြမ်းလမ်းတွေဆိုတာ အရင်ကရှိတယ်ဆိုတာ မယုံကြည်ခဲ့ဘူး
ကြာတော့လည်း သိလာခဲ့ပါတယ် .......
ကိုယ်တိုင်ဘယ်လိုကွင်းမျိုးလဲဆိုတာ အင်း........
ကွင်းပြင်နေတယ်ဆိုပြီး မီးနီလေးချိတ်ထားရင်တော့ ဖြုတ်လိုက်ပေါ့.........

တွေးနိုင်ပါစေ

မောင်ဖားကြီး said...

တိမ်တွေဘယ်လိုရှိလဲဆိုတာ စိတ်ကူးနဲ့မှန်းရုံကလွဲလို့ မသိသေးပါဘူး အစ်ကိုရာ... အရူးမောင်းလာတဲ့ လေယာဉ်က ကွင်းကိုဆင်းရင်ရော ဘယ်လိုဆင်းမလဲဆိုတာ သိချင်လိုက်တာ ........

မယ်ကိုး said...

အန္တရာယ်မကင်းတဲ့ကွင်းတွေ ဆိုရင်တော့ မဆင်းတာဘဲ ပိုကောင်းပါတယ် လေယာဉ်ပျံလေးတွေရယ် ။ တဲ့လား။

တချိန်တည်း ဘယ်နှစ်စီး ဆင်းစေချင်လည်း မသိ :P

အတွေးလှလှ အရေးလှလှကို သဘောကျတဲ့အပြင် တိမ်ကြမ်းလမ်း ဆိုတဲ့ စကားလုံးကိုလည်း နှစ်သက်မိပါတယ်။

သီဟသစ် said...

ကိုလင်းရေ

ကဗျာဆရာရေးတဲ့ အက်ဆေးလေးကို ဖတ်သွားပါတယ်
လွမ်းသလိုလိုဆွေးသလိုလို ခံစားချက်တွေပေါ်သွားတယ်

ခင်မင်စွာဖြင့်
သီဟသစ်

Moe Cho Thinn said...

လေယာဉ်ကွင်းနဲ့ လေယာဉ်ပျံ ဥပမာတော့ ဒီတခါပဲ ကြားဖူးသေးတယ်။ ရေးတတ်လွန်းတယ်ပဲ ပြောရတော့မယ်။
ညီမလေး မယ်ကိုး ပြောသလို တချိန်တည်း ဘယ်နှစ်စီး ဆင်းစေချင်သလဲ ဆိုတာ သဘောကျသွားတယ်။ ဒါမှမဟုတ် လေယာဉ်ဆင်းဖို့ရော လမ်းရှင်းထားရဲ့လား မသိ။ :)

ဦးလှိုင်ကဗျာကတော့ အနှစ်ပဲဗျို့..

အိုင်လွယ်ပန် said...

အေးဗျာ ...
ကျွန်တော်လည်း အိုင်ဒီယာမှာ အဲဒီကဗျာလေးဖတ်တုန်း
က အတွေးတွေ ရောဂါတက်ခဲ့သေးတယ် ...
သိပ်မှန်တယ်ဗျာ ...

ဆောင်းယွန်းလ said...

အင်း.ဒီလိုအရေးအသားမျိုးနဲ့သာဆိုရင်..ဒီလေယာဉ်ကွင်းကို လေယာဉ်ပျံလှလှလေးတစင်းလောက်တော့ဆင်းမှာပါငါ့ညီရာ

MANORHARY said...

တချို့လေယာဉ်ပျံတွေကျတော့လည်းဆင်းချင်ဆင်းလိုက်
တာပဲ အန္တရာယ်ကိုသိပ်မကြည့်ကြဘူး...........
အရေးကြီးတာက အရေးပေါ်မို့ဆင်းလာတဲ့ လေယာဉ်ပျံ ..........
သေချာတာက သူရောကိုယ်ရော လေယာဉ်ပျံပေါ်မှာ
တိမ်ကြမ်းလမ်းတွေကိုဖြတ်နေရဆဲ.............
(ကဗျာအချိန်စေ့ပြီ.. :P)

မဆုမွန် said...

လေယာဉ်ကွင်းလေးဆိုတာ တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ အဲ့တာ ဘ၀သံသရာတဲ့ ဦးသုခ သီချင်းလေး သတိရသွားလို့ပါ

မေ့သမီး said...

အကိုရေ လေယာဉ်ကွင်းလေးတွေအကြောင်းရေးပြီး ဆင်းမဲ့လေယာဉ်ပျံမရှိသေးဘူးလို့ ကြော်ငြာတာလား။ ငါ့အကိုဒီလောက်အရေးကောင်းတာ လေယာဉ်လှလှလေး ဆင်းလာလိမ့်မယ်။ နည်းနည်းစောင့်နော်။

အပြုံးပန်း said...
This comment has been removed by the author.
အပြုံးပန်း said...

ခုနက ကွန်မန့်ကို ဖျက်တာလည်း ကိုယ်ပါပဲ၊ စိတ်မရှိပါနဲ့

လေယာဉ်ကွင်းနဲ့လေယာဉ်ပျံ ဥပမာကို အတော်သဘောကျတယ်၊

လေယဉ်ကွင်းမှာ လာဆင်းသက်သူ မရှိသေးဘူးလားကွယ်၊
ကြော်ငြာတာဖြစ်မယ်။

မောင်ခင်လေး said...

ကိုဒီပရေ စာတွေလာဖတ်ဖြစ်ပါတယ် အတွေးလေးတွေ ဆန့်ထွက်သွားတာ လှတယ် ကောင်းသောနေ့ပါဗျာ :)

မမသီရိ said...

ထူးခြားဆန်းသစ်တဲံ့ အတွေးနဲ့ အရေးလေး က လှပ လိုက်တာ မောင်လေးရေ

pandora said...

တခါတလေကျတော့လည်း လေယာဉ်ပြတင်းပေါက်ကကြည့်ရင် ဂွမ်းလေးတွေလို နု ရွနေတဲ့ တိမ်လေးတွေကို ခူးပြီး စက္ကူဗူးလေးနဲ့ ထည့်ယူသွားချင်စိတ်ပေါက်တတ်တယ်။


လေယာဉ်နဲ့ သွားမှ အမြန်ရောက်မယ် ဆိုတော့လည်း အန္တရာယ်တွေကို စီးပြီး ခရီးသွားကြရတာပါပဲ။ သွားချင်တဲ့အရပ်မှာ ရှိတဲ့ကွင်းကိုပဲ ဆင်းကြရတာပေါ့နော်။

ရွှေပြည်သူ said...

လေယာဉ်ကွင်းဆိုကတည်းက လေယာဉ်ပျံတစ်စီးမက ဆင်းစေချင်တဲ့သဘော...း)) လေယာဉ်တုန်ခါတဲ့ အချိန်မှာတောင် ကဗျာဆန်နိုင်သေးတာကို တကယ်လက်ဖျားခါတယ် ကိုလင်းဒီပရေ။ စာဆုံးတော့ တခါတုန်းက တိမ်တွေကို ငေးပြီး အကြာကြီးတွေးနေမိတဲ့ အချိန်တစ်ခုကိုတောင် ပြန်လွမ်းသွားမိတယ်...။ အတွေးတွေက တော်တော်လှတယ်။

ရွှေပြည်သူ said...

အတွေးတွေက တော်တော်လှတယ်ဆိုတာ ကိုလင်းဒီပ အတွေးတွေကို ပြောတာနော်။ စာရေးတာ ဆက်သွားတော့ ရှုပ်သွားမှာစိုးလို့း))