Sunday, April 5, 2009

အချစ်ဦးမှတ်စု

မိုးက သည်းသည်းမဲမဲ ရွာနေသည် ။ တချက်တချက် မိုးခြိမ်းသံ တွေ ကြားရသလို လျှပ်စီးတွေကလည်း လက်နေသေးသည် ။ အားလပ်ရက် အပြင်ထွက်ဖို့လည်း စိတ်ကူးမရှိတော့ စာအုပ်အဟောင်းတွေ ရှင်းရင်းက စာအဟောင်းလေးတွေ ထွက်လာသည် ။ ၁၉….နှင့်စသည့် ခုနှစ်များရဲ့ ရက်စွဲတွေ ။ စာလေးတွေက ဝါကျင့်ကျင့် ကျောင်းသုံး ဗလာစာရွက် လေးတွေနှင့် ရေးထားတာ ။ ဓာတ်ပုံလေး တစ်ပုံ ။ဓာတ်ပုံနောက်ကြောမှာ မိန်းကလေး လက်ရေးဝိုင်းလေးတွေရှိမှာ မကြည့်ဘဲ သိနေပြန်သည် ။ ဆံပင်ရှည်လေးတွေကို ကျစ်ဆံမြီးလေးတွေကျစ်ထားပြီး ပါးပေါ်မှာ ပါးကွက်ပါးပါးလေးနှင့် ပြုံးရယ်နေပုံ ။ကျောင်းစိမ်းဝတ်စုံလေးနှင့် ပုခုံးပေါ်မှာ ကချင်လွယ်အိတ်အနီရောင်လေး။ ကြည့်နေရင်းက သနပ်ခါး နံ့လေးတွေများ အပြင်ရောက်လာခဲ့သလား လို ယောင်ယမ်း ရှုရှိုက်မိနေသေး၏ ။ နောက်မှ ပြုံးမိပြန်သည် ။

ဝါကျင့်ကျင့် စာရွက်လေးတွေပေါ်က စာလုံးလေးတွေက ကလေးဆန်လွန်း လွတ်လပ်လွန်း နေသည် ။ စိမ်းလန်းလွန်း အပူအပင် အနှောင်အဖွဲ့တွေ ကင်းမဲ့လွန်းနေသည်။ နောက်နေ့ညမှာ လမ်းထိပ်က လာစောင့်ဖို့ အစ်ကိုလေးတို့အဖွဲ့ လက်ဖက်ရည်ဆိုင် မှာ ရှိရင် မသိသလို လှည့်ပြန်သွားဖို့..။နွေရာသီ ကျောင်းပိတ်ရက် ဓမ္မစကြာရွတ်တဲ့အဖွဲ့နဲ့ အတူရှိနေမယ့်အချိန် ဘုရားဘက်ကို လှည့်လာဖို့…။လူတွေ များနေရင် အနားကို မလာဖို့ ။ အခွင့်အရေးရရင် ဘူတာနားက မုန့်တီဆိုင်မှာ အတူတူ စားဖို့..။ ဆေးလိပ်တွေ မသောက်ဖို့..။နောက်တော့ ကဗျာ အတိုအစလေးတွေ ။

ငါကလည်း ပြိုင်ဘီးလေးကို အသာအယာ နင်တို့ အိမ်ရှေ့က ဖြေးဖြေးလေး နင်းရတာ ကိုယ့်ကိုကိုယ် ရိုမီယိုလေး ထင်နေခဲ့ဖူးတာပဲလေ..။ တခါတလေဆို ဂစ်တာတီးကောင်းတဲ့ ကိုစိုးကြီးကို ချော့မော့ခေါ်ပြီး နင်တို့အိမ်နားက အုတ်ခုံလေးမှာ သီချင်းလာဆိုဖြစ်တာ ။ မှတ်မိသလောက် ဖိုးချိုသီချင်းလေးတွေ ။ (ကြည့်စမ်း) ဟိုတုန်းက သိပ် ကြီးကျယ် ခမ်းနားသလို အချစ်ကို နွမ်းသွားမှာ စွန်းထင်းသွားမှာ စိုးတထိတ်ထိတ်နဲ့ တို့နှစ်ယောက် အတူတူ ညင်သာ ကိုင်တွယ် ခဲ့ကြပုံများ…။ အိပ်ကပ်ထဲမှာ ငွေလေးငါးဆယ်ရှိရင် ဖြစ်ပါတယ်လေ..ရုပ်ရှင်ကြည့်ဖို့ဖြစ်ဖြစ် မြို့ထဲ လမ်းတွေပေါ် လျှောက်လည်ဖို့ပဲ ဖြစ်ဖြစ် လရိပ်ချိုမှာ ကော်ဖီမွှေးမွှေး သောက်ဖို့ပဲဖြစ်ဖြစ် ။ငွေလေးငါးဆယ်က တစ်ကမ္ဘာလုံး ဝယ်လို့ ရတယ်လို့ ငါ ထင်ခဲ့ဖူးတာ..ဒီလို ချစ်ခြင်းနဲ့လောက ကို ပစ်ခွင်းလိုက်တယ်..။

လမိုက်တဲ့နွေညဆိုတာ သီချင်းထဲမှာ…မုန်တိုင်းနဲ့စစ်ကို အချစ်နဲ့ကျော်ဖြတ်တဲ့ သိုင်းကျမ်းတွေ ဖတ်ထားတာ။ ကိုလူပျို ထရံပေါက်က ခြေထောက်ကို ဆွဲမိတာ အခါခါ…။ငါ့ရှပ်အင်္ကျီလေးဟာ နွမ်းနေပေမယ့် ဖြူစင်ခဲ့ဖူးတာပေါ့ ။ ရွာနေတဲ့ မိုးတွေအောက်မှာ ထီးမလိုဘဲ ငါတို့လမ်းတွေ လျှောက်ခဲ့ဖူးတယ် ။ နွေရာသီဟာ သိပ် ပူလှတယ်လည်း မဟုတ်။ လူတွေကိုက အကဲဆတ်လွန်းတာ လို့လည်း တို့နှစ်ယောက် လှောင်ရယ်ခဲ့ဖူးတယ်။ အခုလို ဓားခုတ် ကျွမ်းတဲ့လက်တွေ မရှိသေးဘူး ။ အခုလို နောက်ကြောက မြားဒဏ်ရာကို ဖွက်ရင်း ပြုံးတဲ့ပညာ မတတ်သေးပါဘူး။ အခုလို မျက်စိမပိတ်ဘဲ မအိပ်တတ် သေးပါဘူး ။အခုလိုလည်း အရက်ထက်ပြင်းတဲ့ ဘဝကို အတိအကျ မခံစားမိသေးတဲ့အချိန်တွေပေါ့ ။

အခုကျတော့လည်း နင်လည်း တစ်နေရာ ငါလည်း တစ်နေရာ ။ဘယ်နေရာမှာ သာနေပါသလဲ ငါ့ ပထမလမင်းလေးရယ် ။ ငါကိုက အစွဲအလမ်း ကြီးလွန်းခဲ့လားတော့ မသိဘူး။ ဘယ်ကိုသွားသွား ဘယ်နေရာတွေ ရောက်ရောက် ဝါကျင့်ကျင့် စာအဟောင်းလေးတွေက ငါ့ခရီးဆောင်အိတ်ထဲမှာ အရေးကြီးစာရွက်စာတမ်းတွေလို ရှိနေတတ်မြဲ ။ နင်သိရင် ပြုံးနေမလားပဲ ။ နင်ကော ဘယ်တွေရောက်နေပါလိမ့် ။ နင် အိမ်ထောင်ကျသွားပြီလည်း ပြောသံကြားတယ် ။ ငါတို့ မတွေ့ဖြစ်တာလည်း ဘယ်လောက်ကြာခဲ့ပြီလဲလေ ။ ဟိုးနယ်မြို့လေးတစ်မြို့မှာ ပြိုင်ဘီးလေးတစ်စီးနဲ့ အတူတူ ရှင်သန် ခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်ကို နင်မှတ်မိဦးမလား။ အခုတော့ အိမ်ခြေယာခြေမရှိတဲ့ မိုးတိမ်တွေလို ငါလွင့်နေတုန်းပဲ ။ အခါအခွင့်သင့်ရင်တော့ ငါ ပြန်တွေ့ချင်ပါသေးတယ် ။ ကျန်းမာပျော်ရွှင်ပါစေဟာ ။
လင်းဒီပ
၅.၄.၀၉

15 comments:

ရွှေပြည်သူ said...

“ငါ့ရှပ်အင်္ကျီလေးဟာ နွမ်းနေပေမယ့် ဖြူစင်ခဲ့ဖူးတာပေါ့ ။”
“အခုလို နောက်ကြောက မြားဒဏ်ရာကို ဖွက်ရင်း ပြုံးတဲ့ပညာ မတတ်သေးပါဘူး။”
ဝတ္ထုတိုပေမယ့် ကဗျာတစ်ပုဒ် ဖတ်ရသလိုပါပဲ။ စာကြောင်းတိုင်းမှာ လှတဲ့အဖွဲ့တွေ ပါနေပါတယ်။ အဖြူစင်ဆုံးအရွယ်တွေရဲ့ အဖြူစင်ဆုံးအချစ်ကို စာထဲမှာ တောက်တောက်ပပလေး မြင်လိုက်ရပါတယ်။ ပထမဆုံးလမင်းလေးနဲ့ ပြန်တွေ့နိုင်ပါစေ ကိုလင်းဒီပရေ...

ရွာသားလေးဝိုင်တီယူ said...

ဒီနေ့မှ မိုးတွေကလည်းရွာလို့...

မေ့သမီး said...

အဟင်း အဟင်း တိုက်ဆိုင်တာပဲလားမသိ။ ဒီနေ့ကမိုးတွေရွာ။ သတိရတယ်ပေါ့။ အဖြစ်မှန်တွေထင်တယ်နော်။ ကိုရိုမီယိုရေ မိုးတိမ်တွေက နေရာအတည်တကျမရှိပေမယ့် ပေါ့ပါးလွတ်လပ်ပါတယ်။ သိပ်လေးလံလာရင် ရွာချလိုက်ပေါ့။

မင်းအိမ်ဖြူ said...

မင်္ဂလာပါ အစ်ကို ဒီပရေ ၊၊ ခံစားသွားပါတယ် ၊၊ အချစ်ဦး က မြေးဦးရတောင် မမေ.ဘူးတဲ.ဗျာ ၊၊

Welcome said...

ချာရေးကောင်းတဲ့ တို့အကိုကြီး
လက်မှတ်ရေး ထိုးပေးခဲ့အုန်းနော်။
စကားလုံး စာစုတွေ အဓိပ္ပာယ်ပြည့်လျှံနေပုံထောက် တော့ ထားသွားတဲ့ ငယ်ချစ်ဦးကို တော်တော်လေး သတိရနေတယ်ထင်ပ။

ပျော်ရွှင်ပါစေ

MANORHARY said...

တခြားမှတ်စုတွေများရှိလားသိချင်မိရပြန်ရော..
ဖတ်ချင်လို့ပါ...း)

မမသီရိ said...

ပထမ လမင်းလေးကို သတိရနေသူလေး လား
ဝတ္တုထဲက ရိုမီယိုလေးနဲ့
စာဟောင်းတွေသိမ်းတဲ့ အကျင့်လေးကတော့ တူနေတယ် အမဆိုလဲ သွားတဲ့နေရာ သယ်သွားတဲ့ စာရွက်ဟောင်းလေးတွေ အတော်ရှိနေသေးတာ
လွှင့်လဲ မပြစ်ရက်တဲ့ မှတ်တမ်းဟောင်းလေးတွေပေါ့

မသက်ဇင် said...

အခုလို ဓားခုတ် ကျွမ်းတဲ့လက်တွေ မရှိသေးဘူး ။ အခုလို နောက်ကြောက မြားဒဏ်ရာကို ဖွက်ရင်း ပြုံးတဲ့ပညာ မတတ်သေးပါဘူး။ အခုလို မျက်စိမပိတ်ဘဲ မအိပ်တတ် သေးပါဘူး ။အခုလိုလည်း အရက်ထက်ပြင်းတဲ့ ဘဝကို အတိအကျ မခံစားမိသေးတဲ့အချိန်တွေပေါ့ ။

ရိုးသားဖြူစင်--အပြစ်ကင်းစင်သည့်အရွယ်တွေ---
ရသ စာရေးကောင်းသော လင်းဒီပ---

မောင်မျိုး said...

လှလိုက်တဲ့ အရေးဖွဲ့လေး တကယ်ကို ကြည်နူရင်ခုန်စရာ ဇတ်လမ်းလေးပဲ အင်း အဆုံးသတ် အလွမ်းတွေ ရင်ဝယ်ပိုက်ရတာတော့ မကောင်းဘူး :P ဒီလိုပါပဲ ခုတော့ ၀ါကျင့်ကျင့် စာရွတ်လေးပေါ်က လက်ရေးဝိုင်းလေးကို မမျှော်လည်း e.mail က Zawgyi Font နဲ့ရိုက်ထား တဲ့ စာလွှာလေးကို မျှောပေါ့ဗျး)

အိုင်လွယ်ပန် said...

တော်သေးပါ့ကိုလူပျိုရေ...
ထရံပေါက်က ခြေထောက်ကိုပဲဆွဲလို့ ...

ပထမလမင်းလေး ကိုဒီပရဲ့ကောင်းကင်မှာ
ပြန်လည်ဝင်းပနိုင်ပါစေဗျာ .....

summer said...

စက်ဘီးနင်းတဲ့ ရိုမီယို၊ ပထမလမင်းနဲ့ ပြန်ဆုံတွေ့ပါစေလို့ :)

ငြိမ်သက် said...

၄၀ကျော်ရင်ပြန်ဆုံကြမယ်လေ...ဟီး

မောင်ခင်လေး said...

ကိုလင်ဒီပရေ မတို့ရက်မထိရက်စရာလေးနော ရေးထားတာလေးက နုရွနေတာပဲ လွမ်းပုံလေးကလည်း ယဉ်ကျေးလိုက်တာ ခံစားသွားတယ် အစ်ကိုရေ
ကောင်းသောနေ့ပါ :)

ဆောင်းယွန်းလ said...

လွမ်းစရာလေးပါလား....
ကောင်မလေးသိရင် ကြွေသွားမှာပဲ...

kkk said...

ရိုးသားဖြူစင်--အပြစ်ကင်းစင်သည့်အရွယ်တွေ---
လွမ်းစရာလေးပါလား....

ငယ်ချစ်ဦးကို တော်တော်လေး သတိရသွားတယ်:(