Monday, October 31, 2011

ရှင်သန်ခြင်းမှတ်စုတို

ဘဝက အမြင့်ကြီး

လှိုင်းစီးသလိုလား ရိုလာကိုစတာစီးသလိုလား

ဘဝက အမြင့်ကြီး

နဂို အမြင့်ကြောက်တဲ့စိတ်နဲ့ အစွန်နား သွားငေးမကြည့်ရဲဘူး

အမြင့်ရောက်လို့ ဘဝင်မမြင့်တတ်ပေမယ့် ပြုတ်ကျမှာတော့ ကြောက်တယ် ။

ဘဝက အမြင့်ကြီး

သူလည်း အမြင့်ကြီး ငါလည်းအမြင့်ကြီး

ဘဝက ရဟတ်စီးသလိုကြီး တဝှီးဝှီးနဲ့ မြင့်တက်သွားရ

ဘဝက အမြင့်ကြီး

တချို့ကိစ္စများအတွက် တဟီးဟီး (မြင်းကြီးလို ဟီလာတိုက်ပြီးပျော်)

တချို့ကိစ္စများအတွက် တဟီးဟီး(ကျက်သရေမရှိအောင် ငို)

ငယ်တုန်းတော့ ပျော်တာပေါ့ ဘဝအမြင့်ကြီးကို စီးရတာ စိတ်လှုပ်ရှားဖို့ကောင်း

ဂျင်းဘောင်းဘီ စီးကရက်လက်ကြားညှပ် ကဗျာဖတ်လို့

ချောကလက်နံ့သင်းတဲ့ နှင်းဆီခင်းများလည်း ရှိလို့

ကြီးတော့ ကြောက်တတ်လာတယ်

အလှုပ်အရှား အထိုင်အထတွေ မကောင်း

ရောက်တဲ့နေရာ ပြုတ်မကျအောင် ပေကပ်နေရ

တောက်တဲ့လို တွယ်ကပ်ထားရ

တဟီးဟီးတော့ တဟီးဟီးဖြစ်နေတုန်းပဲ ။

သိကြတဲ့အတိုင်း

နေလို့ ထိုင်လို့မရ

တခါတလေ ဘုရားလေး ပြေးရှိခိုးလိုက်

တခါတလေ ပုလင်းကလေးနဲ့ အမောဖြေလိုက်

ဒီလိုပဲ ကြောက်စိတ်ကို အာသာဖြေနေရ

မမြင်ရတဲ့တစ္ဆေများက ဘဝအခန်းအမြင့်ကြီးထဲ ခြောက်လှန့်

ဘဝက အမြင့်ကြီး။

လင်းဒီပ

၃၁.၁၀.၁၁

6 comments:

မြူးမြူး said...

ဟုတ်တယ်.. ဘ၀က အမြင့်ကြီး.. တဟီးဟီးနဲ့ ဟီခဲ့ပေါင်းလဲများပြီ.. ခုထိလဲဟီနေဆဲ.. ဆက်ပြီးလဲ ဟီရဦးမှာ..

စကားမစပ်.. ကဗျာဆရာ့ပုံကို မြင်ဖူးသွားပြီ.. ကဗျာရွတ်နေတဲ့ပုံမှာ ကဗျာဆရာက ကဗျာဆရာနဲ့တူသား.. အဲ ရှုပ်ကုန်ဘီ..း)

jasmine(တောင်ကြီး) said...

ဟုတ်တယ်ဘ၀တွေကမြင့်တယ်
လူတွေကလဲတစ်ခါတစ်လေဘုရားလေးရှိခိုးလိုက်
တစ်ခါတစ်လေ ပုလင်းလေးပြေးမော့လိုက်

ဒေါ်အမည်မဲ့ said...

ဘဝက အမြင့်ကြီး... ရှုပ်တယ်ကွာ ရေထဲခုန်ချ...

comeonkiss said...

ဒီလိုပဲ ကြောက်စိတ်ကို အာသာဖြေနေရ

မမြင်ရတဲ့တစ္ဆေများက ဘဝအခန်းအမြင့်ကြီးထဲ ခြောက်လှန့်

ဘဝက အမြင့်ကြီး။ တဲ့
ဘ၀က အမြင့်ကြီး
ဘ၀င်လဲ အမြင့်ကြီး
ပညာနဲ့ ဘ၀က အမြင့်ဆုံး ထင်ပ
အသိ အတွေးပေးတဲ့ ကိုလင်းဒီပ ကျေးဇူးပါခင်ည....

Kay said...

ကြိုက်တယ်...

jr said...

ဟုတ်တယ် ကိုလင်းဒီပ
ကြီးလာတော့ ကြောက်တတ်လာတယ်။
နောက်တော့ ထုံ လာတယ်။