Monday, June 27, 2011

မြူရယ်နှင်းရယ် မသဲကွဲ

တခါတလေကျတော့ ဆုံးရှုံးခြင်းက ကိုယ့်ဆီ တည့်တည့်ရောက်လာတာကိုပင် လူသည် မသိသလို ဖြစ်နေတတ်သည် ။ အထူးသဖြင့် သူ့လို အကင်းမပါးသူမှာ ပိုဆိုးသည် ။ ပြီးဆုံးသွားပြီဆိုသော ကိစ္စများသည် ရုပ်ရှင်ဇာတ်ကားတွေမှာလို သဲသဲကွဲကွဲ ရှိဖို့ ကောင်းပါသည် ။ ပြီးဆုံးမှန်းမသိ ပြီးဆုံးသွားသော ရုပ်ရှင်ဇာတ်ကားများလည်း ရှိပါသည် ။ သီချင်းတစ်ပုဒ်ဆိုလျှင်တော့ fade out နှင့် ပြီးသွားတာ ဖြစ်ပါလိမ့်မည် ။ တမ်းတခြင်းက အာမခံချက်မရှိသော မိုးသားတွေလို အချိန်နာရီမရွေး ရွာချလိုက်ဖို့အသင့် ။

နာရီကို ယောင်ရမ်းကြည့်မိပြန်သည် ။ လာမကြိုပါနဲ့လို့ မပြောတော့သော်လည်း သိပ်မလိုအပ်တော့သလို အပြုအမူများကို တုံးအလွန်းသော သူ မြင်သာအောင် ကြိုးစားအားထုတ်ပြခဲ့တာ တွေ့ခဲ့ပြီပဲ ဖြစ်သည် ။ ပြာဖြစ်သွားတဲ့စီးကရက်လို ဘယ်လိုလုပ်ပြီး ပြန်ဆက်လို့ ရတော့မှာလဲ ။ လူက လုပ်နေကျ ကိစ္စတွေမှာ နေသားကျနေတတ်သည် ။ ညနေစောင်းဆို သူ့အလုပ်က အရင်ဆင်းပြီး ခိုင့်အလုပ်က တစ်နာရီလောက်နောက်ကျနေကျမို့ သွားစောင့်နေကျဖြစ်သည် ။ ပြီးတော့ နှစ်ယောက်အတူတူ ညစာကို တစ်နေရာရာမှာ စားဖြစ်သည် ။ စကားနည်းသောသူ့မှာ ခိုင် တစ်နေ့တာလုံး ရုံးမှာဖြစ်ပျက်ခဲ့သမျှတွေကို ညစာစားနေရင်း နားထောင်ရသည်က ပျော်စရာ ။ နောက်တော့ သူမနှင့်အတူတူ မြေအောက်ရထားစီးပြီး ပြန်လာနေကျဖြစ်သည် ။ သူမနေသည့်နေရာက သူနေသည့် နေရာ မရောက်ခင် လေးဘူတာလောက် စောသည် ။ သောကြာလို ညမျိုးဆို ခိုင်ဆင်းရမည့် နေရာမှာ လိုက်ဆင်းပြီး ခိုင်နေရာအခန်းလေးထိ သူလိုက်ပို့ပေးဖြစ်သည် ။ ခိုင်က ရုံးထဲမှာ အလုပ်လုပ်ရသူမို့ထင်သည် ။ ထိုသို့သော ညနေချိန်များထိ သင်းပျံ့ပျံ့ ကိုယ်ရနံ့လေးများ ထိန်းသိမ်းထားနိုင်သည်။

ဂျာမနီကနေ မဟာဘွဲ့ယူထားတဲ့မြန်မာတစ်ယောက် ခိုင်တို့ကုမ္ပဏီမှာ ရောက်နေတယ် ဆိုတုန်းကလည်း အမှုမဲ့ အမှတ်မဲ့ပါပဲ ။ နောက်ပိုင်း ညစာစားဖြစ်ချိန်တွေမှာ ထို ဂျာမနီက ပြန်လာတဲ့တစ်ယောက်အကြောင်းက တစ်ခုမဟုတ်တစ်ခု ပတ်သက်ပြီး ပါလာတတ်သည် ။ တခါတရံသဘောထားသေးသိမ်ချင်လျှက်နှင့် သဘောထားကြီးပြရတာ သိပ်တော့ မလွယ်ကူ ။ ဒီအတိုင်းလေးနေနေတုန်း ဘာမှ မပြင်ဆင်ရသေးချိန် တတိယလူက ရောက်လာနေခဲ့ပြီ ။ ခင်ပြီးရင် ချစ်လို့ မရတော့ဘူးဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ရွတ်နောက်နောက်စကားလေးကို ကျိန်စာတစ်ခုလို အထိတ်တလန့် ကြားနေမိပြန်သည် ။ သူငယ်ချင်းလည်းဖြစ် မိန်းကလေးတစ်ယောက် အထင်ကြီးအောင် ဟန်ကြီးပန်ကြီးလည်း မနေတတ် အထင်ကြီးစရာလည်း ကိုယ့်ကိုယ်ကို လှည့်ပတ်ကြည့်ရင်တောင် ဘာမှ ရှာလို့ မတွေ့နိုင်သောသူ့မှာ မိန်းကလေးအချစ်ဆိုတာ အထင်ကြီးလေးစားမှုပေါ်မှာလည်း တည်သေးတယ်ဆိုတဲ့ အစွဲတစ်ခုကြောင့် ပွဲမစခင်ကတည်းက ရှုံးနှင့်ပြီးသား ဖြစ်နေသည် ။

တကယ်တမ်းတော့ သူနှင့်ခိုင်က ထိရုံကလေး ထိနေပြီး စေးကပ်နှောင်ဖွဲ့မှု ရှိမနေခဲ့ ။ နှောင်ဖွဲ့မထားတတ်ခဲ့ ။ နှောင်ဖွဲ့တယ်ဆိုတာလည်း အတတ်ပညာလေးနည်းနည်းပါးပါးတော့ လိုဦးမှာပဲ ။ မထိုက်တန်သူဟာ လက်ခုပ်တီးရင်း ကျေနပ်နိုင်ဖို့…. ဖတ်ဖူးတဲ့ကဗျာလေးက ခေါင်းထဲ ဝင်လာပြန်သေးသည် ။ ညနေက နုပျိုနေတုန်း ။ ဘူတာရုံလေးထဲမှာ လူတွေ ရှုပ်ထွေးနေသည် ။ ခိုင်တို့ကော အိမ်ပြန်သွားကြပြီလား ။ အံသေနေသော အပ်ကြောင်းထပ် လမ်းကလေးအတိုင်း ပြန်လာခဲ့မိသည် ။ အခုနောက်ပိုင်း ခိုင်ဆီက sms တွေ ဖုန်းတွေ မဝင်တာ ကြာပြီလို့ တွေးနေတုန်း လာမယ့် စနေနေ့ ရှမ်းခေါက်ဆွဲ လုပ်စားမလို့ လာခဲ့ဦး ဆိုသည့် sms လေးဝင်လာသည် ။ ခိုင့်မိတ်ဆွေ အသစ်ကလေးလည်း ရောက်နေနိုင်ပါသည် ။ ကျွန်တော့်နဲ့ခိုင်က ကျောင်းတုန်းတည်းက သူငယ်ချင်းတွေလေ လို့ ပေါ့ပေါ့ပါးပါးလေး ရယ်ရင်း ပြောဖြစ်လိမ့်ဦးမည်ဟု သူ ထင်ပါသည် ။

လင်းဒီပ

၂၇.၀၆.၁၁

16 comments:

khin oo may said...

မသွားပါနဲ့နေတော့.။

khin oo may said...

မသွားပါနဲ့တော့။

khin oo may said...

ရူးမိသမျှကျေနပ်ပါတော့ခိုင်။

khin oo may said...

စီးကရက်ကပါလာပြန်ပြီ. ခွက်ပုန်းပါလိုက် စီးကရက်ပါလိုက်. နောက်တစ်ပုဒ်ကြရင်ကွမ်းယာပါထည့်ပေးပါ။

ဆောင်းယွန်းလ said...

စီးကရက်ပြာကြွေနေတဲ့အသံတွေကို အတိုင်းသားကြားနေရတယ် ညီလေး..လွမ်းမောစရာပါလားကွာ

Anonymous said...

အကြင်နာများ မခိုင်အပါးမှာ တကယ်လို့ အများရှိနေသေးရင် အယူခံဝင်လိုက်တယ် အချစ်ရေ

မောင့် မမခိုင် ရေ့ 

မေသိမ့်သိမ့်ကျော် said...

ရင်ထဲမှာ ဆွေးနေတယ်ပေါ့။ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင် ပေါ့ကွယ်။


ခင်မင်လေးစားလျက်

ပြည်ကောင်းအောင် said...

“တကယ်တမ်းတော့ သူနှင့်ခိုင်က ထိရုံကလေး ထိနေ ပြီး စေးကပ်နှောင်ဖွဲ့မှု ရှိမနေခဲ့ ++++ မထိုက်တန်သူ ဟာ လက်ခုပ်တီးရင်း ကျေနပ်နိုင်ဖို့” appreciated with empathy, bro..

Anonymous said...

သူငယ်ချင်းလို့ ပြောပေမဲ့ ခိုးချစ်ရသူလေး ရှိဖူးတယ်

မအိမ်သူ said...

လွမ်းမောစရာဇာတ်လမ်းလေးကို နှစ်သက်စွာဖတ်သွားပါတယ်။ ကဗျာလေးတွေကိုလည်း ခံစားသွားပါတယ်။ နောက်နေ့တွေ ထပ်လာဖတ်ပါအုံးမယ်။

ကိုအောင်(ပျူနိုင်ငံ) said...

လွမ်းစရာတွေကို မခံစားနိုင်တော့ဘူး ... :P

mirror said...

ဟာ.. ဒါကြောင့် အရင်တုန်းက သောကြာညတွေ နောက်ကျကျ နေတာကိုး။ :D

ရွှေပြည်သူ said...

ပထမအပိုဒ်... စကားလုံးလှလှတွေ အာရုံစူးစိုက်ဖတ်မိ
ဒုတိယအပိုဒ်... ပြုံးယောင်ယောင်ဖြစ်လာမိ
တတိယအပိုဒ်... ခေါင်းတွေ ထိုးကိုက်လာ
စတုတ္ထအပိုဒ်.....................

“ခိုင်တို့ကော အိမ်ပြန်သွားကြပြီလား...” ဆိုတဲ့နေရာမှာ “ကြ” လို့ထည့်လိုက်တာ အရမ်းလှသွားတယ်။

နောက်ဆုံးစာကြောင်းကို အခံစားရဆုံးပါပဲ။

ကိုလင်းဒီပရဲ့ အက်ဆေးတွေထဲမှာ အကြိုက်ဆုံးတစ်ပုဒ် တိုးပြန်ပြီ...

jr said...

စဉ်းစားချင့်ချိန်မှုတွေ ရှေ့ရောက်လာတော့ ခံစားမှုတွေက နောက်ရောက်ကုန်ရော..
အဲတော့ မြူလိုလို နှင်းလိုလိုနဲ့ .....

ချစ်ခြင်းအလင်္ကာ said...

ဖြစ်တတ်ပါသည်....း)

ခင်မင်တဲ့
ချစ်ခြင်းအလကာင်္

Zephyr said...

ငိုသံပါကြီးနဲ့ရေးထားတာများ ကျောချမ်းစရာ။

ခိုင့်နှယ် ကြွားစရာလူရှားလို့ ကျောင်းမှာ ခဲဖျက်လေးတစ်ခါ ငှားဖူးရုံနဲ့ တစ်သက်လုံး စောင့်ရှောက်တော့မှ အထာကြီးနဲ့ လာလာကြိုတဲ့ ငတိကြီးကို ဖိတ်ရတယ်လို့နော်။

မယ်ကိုးကလည်းခင်ဗျားကိုလာမေးဦးမယ်။ ဒါလည်း ကိုယ်တွေ့ပဲမလားဆိုပြီး။

ခင်ဗျားလည်း ဦးဖိုးကျားလောက်နီးနီး ကိုယ်တွေ့များတယ်။ အဲ ... ပြီးတော့ တစ်ယောက်မှလည်း မတုန့်ပြန်ကြသေးပါလား .... လို့ အသားလွတ်ကြီးဝေဖန်လိုက်ရင်လည်းမကောင်းဘူးဆိုတော့ ... အသံတိတ်လေးပဲ ကြိတ်ရယ်ပြီး လစ်ပြီဗျာ။

Regards,
Zephyr

အမှန်ကဒါမျိုးတွေရေးချင်တာဗျာ။ ကျောင်းသားဘ၀တုန်းက ခဲဖျက်မငှားမိလိုက်တာ အတော်နာသွားတယ်။ အက်ဆေးတစ်ပုဒ်စာနာသွားတယ်ဆိုရမယ်။ Label မှာ ၀တ္ထုတိုဆိုတာကိုတော့ သဘောမကျဘူး။ အက်ဆေးလိုပဲခံစားရတယ်။