Thursday, January 15, 2009

ပန်းစကားထာ

မင်းတွေ့ရင် သဘောမကျမှာစိုးလို့
အလွမ်းတွေကို ခေါက်ရိုး မကျိုးအောင် သေချာလေး သိမ်းထားခဲ့တာ။

လမ်းအဟောင်းပေါ်မှာ စိတ်ကူးအသစ်နဲ့လျှောက်ကြည့်ကြတော့
သင်္ဂါရ ငှက်ကလေးက ကကြိုးအသစ်နဲ့ မင်းပုခုံးပေါ်လာနားလေရဲ့…

ဆည်းလည်းသံလွင်လွင်
ရွှင်ရွှင်လန်းလန်း စကားချိုချို ဆိုဖြစ်
သောကြာထောင့်ဟာ ရယ်သံလေးတွေအောက်မှာ နစ်လို့…

တကယ့်ကိုမပြောင်းလဲခဲ့ကြ
ငယ်ဘဝ ကျူရှင်ရှေ့ကခုံတန်းလေးကိုရောက်တော့လည်း
ရေညှိတွေ တက်တက်နေတဲ့ အုတ်ခုံလေးက မပြောင်းလဲ
ဆရာကြီးကလည်း လူပျိုကြီးဘဝက မပြောင်းလဲ
မင်းတို့နှစ်ယောက် ဒီလိုပဲနေကြမှာလား ဆိုတဲ့မေးခွန်းကလည်း မပြောင်းလဲ
နီတတ်တဲ့ မင်းပါးလေးကလည်း မပြောင်းလဲ
နောက်ဆုံးမင်းပုခုံးပေါ်က မွှေးညင်းနုလေးတွေကလည်းမပြောင်းလဲ
ဒါဆို ငါတို့နှစ်ယောက်တော့ ပြောင်းလဲသင့်ပြီထင်တာပဲ။

တချို့ကြယ်တွေက တစ်ပွင့်ကိုတစ်ပွင့် ကြည့်နေငေးနေရင်း
ကောင်းကင်မှာ နှစ်သန်းပေါင်းများစွာ အဖြေမဲ့နေတတ်တာ
ငါတို့က ကြယ်လေးတွေမှမဟုတ်တာ..

ပုစ္ဆာတွေကတော့ မနေ့ကအတိုင်းပါဘဲ
ရင်လမ်းတလျှောက်မှာ ကန့်လန့်တွေထိုင်လို့
အဖြေမထွက်တာက စိတ်ငယ် လေလွင့်စရာ။

ပန်းတွေဝှက်ထားတဲ့ စကားထာ
တို့နှစ်ယောက်အတွက် ဖြေရခက်နေပေမယ့်
ခဏဖြစ်ဖြစ် သတိရပေးပေါ့..
တစ်ယောက်တည်း တစ်ခြမ်းတည်း လွမ်းနေတာထက်စာရင်
နှစ်ဦးနှစ်ဖက် လွမ်းတော့ ထည်ထည်ဝါဝါလေး ရှိသလားလို့..
လင်းဒီပ
၁၅.၁.၀၉

17 comments:

khin oo may said...

အရေးထဲ သူက ဂုဏ်မက်နေပြန်ပြီ.။

ဖားကြီး said...

ငယ်ဘ၀ကို ပြန်သတိရသွားတယ်ဗျာ ...
ပေါ့ပေါ့လေးပဲ လွမ်းတတ်အောင် စာဖွဲ့သွားတယ်လို့
ခံစားမိတယ်... လန်းဆန်းသွားတာပဲ ကဗျာဖတ်လိုက်ရတာ

အောင်သာငယ် said...

လှလှပပကြီးကို လွမ်းထားတဲ့ ကဗျာလေးပါပဲ...

လွတ်ငြိမ်းလေပြေ said...

စကားထာကို ကိုယ်ဖြေနိုင်တဲ့ တစ်နေ့ လမ်းရှင်းသွားမှာပါ

မေ့သမီး said...

ဘယ်လိုမှ မလွမ်းချင်ဘူး။ လွမ်းရတဲ့ဒုက္ခကို သေးသေးလေးများမှတ်နေလား။ ကိုယ့်ဘာသာပဲတစ်ခြမ်းတည်းလွမ်းလိုက်ပါ။ ဒါမှမဟုတ်ရင်တော့ နှစ်ဦးနှစ်ဘက်စလုံးမလွမ်းရအောင် ကြိုးစားလေ။ :D

အိုင်လွယ်ပန် said...

ကဗျာလေးကချိုပဗျာ.....
ကောင်းတယ်ကိုဒီပရာ...

တင့်ထူးရွှေ said...

တစ်ဖက်ကလူကလဲ ထည်ထည်ဝါ၀ါလေး ဖြစ်သွားအောင် လွမ်းပေးလိုက်ပါလား :)

MANORHARY said...

လူတွေရင်ဘတ်ထဲသွားသွားကလိတတ်တဲ့ကဗျာမျိုးတွေ
အရေးကောင်းတယ်နော်..ကဗျာလေးကူးသွားတယ်။

ဟန်လင်းထွန်း said...

တယ်လည်းကောင်းပါပေ့ ။ ကြိုက်တယ်

မောင်မျိုး said...

ချစ်တက်လိုက်တာ လွန်ပါကောလား လူပျိုကြီးရယ် ။

“မင်းပုခုံးပေါ်က မွှေးညင်းနုလေးတွေကလည်းမပြောင်းလဲ”

အဟမ်း အသေချာကို စာရင်းပြုစုထားတာပဲ ကောင်းပါ့ ကောင်းပါ့း)

ခေါင်ခေါင် said...

နှစ်ယောက်စလုံးဖြေရခက်နေတဲ့ ပန်းတွေဝှက်ထားတဲ့ စကားထာ.. လာကူဖြေပေးရမလား....

ရင်ထဲငြိအောင် .. ရေးတတ်တယ်..

အောင်မြေ said...

ကဗျာနှစ်သက်သူမို့
ကဗျာတွေ လာလာဖတ်ဖြစ်တယ်
ထည်၂၀ါ၂ အလွမ်းဆိုတာ
ဘယ်လိုအလွမ်းမျိုးလဲတော့မသိဘူး

Welcome said...

စာသားချောချောကဗျာလေး လာဖတ်တယ်။
အရေးအသားကောင်းတယ်
အတွေးလေးတွေ ကောင်းတယ်
အားပေးလျက်ပါ .. ..

Anonymous said...

ငြိမ်တယ်ဗျို့....တကယ့်ငြိမ်ငြိမ်လေး

ကြိုက်ပါပေတယ်

ဆိုးသွမ်း

pandora said...

တချို့ကြယ်တွေက တစ်ပွင့်ကိုတစ်ပွင့် ကြည့်နေငေးနေရင်း
ကောင်းကင်မှာ နှစ်သန်းပေါင်းများစွာ အဖြေမဲ့နေတတ်တာ....

ဒီအတွေးလေးက ရင်ထဲထိတယ်။ လင်းဒီပရဲ့ သိင်္ဂါရ ကဗျာလေးတွေကို သဘောကျတယ်။

ညိမ်းညို said...

အကိုရေ
သိင်္ဂါရရသပေးနိုင်လွန်းလှတဲ့ ကဗျာလေးကို
နှစ်နှစ်ခြိုက်ခြိုက် ဖတ်သွားပါတယ်

အိန္ဒြာ said...

အချစ်တွေနဲ့ချိုလို့..ပါလား..
အလွမ်းတွေကလဲ ခန့်ငြားလို့...
ကဗျာကောင်းကောင်းလေးတွေ ဖတ်ခွင့်ရတာကျေးဇူးပါ
မောင်လေးရေ...