Thursday, December 17, 2009

ပျော်တော်ဆက်



မိုးဥတုကို ဖန်ဆင်းဖို့
မုတ်သုန်ရဲ့လေးနဲ့မြား
ငါ့မှာမှ မရှိတာ ။

မိတ်ဖက်ကြယ်တချို့ရဲ့ အပံ့အပိုးနဲ့
ပန်းကလေးကို
ညညမှ ရေခိုးလောင်းခွင့်ရတာ ။

ခြံစည်းရိုးလေးရယ်
မိုးလင်းတဲ့အထိတော့
ငါ့ကို
ရပ်ကြည့်ခွင့်ပေးပါ ။

လင်းဒီပ
(ကဗျာဟောင်းလေးပါ ။ ၂၀၀၄ လောက်က ရေးခဲ့တာလို့ထင်ပါတယ်။)
၁၇.၁၂.၀၉
Photo Source: http://www.angy1380.com/pics/misc/blog/night scene.jpg

Sunday, December 13, 2009

အလွမ်းလူ

တစ်ခွက်တစ်ဖလားပါ ဆိုပြီး
အလွမ်းတွေ ညာညာ တိုက်သွားတဲ့ ညီမလေးရယ်…
လွမ်းတယ်။

လွမ်းတယ်။
မရှုနိုင် မကယ်နိုင် လွမ်းတယ် ။
လူမှန်းသူမှန်း မသိအောင် လွမ်းတယ်။
အလိမ္မာလေးမို့ နောင်တနဲ့ ယှဉ်ပြီး လွမ်းတယ်။
ဘယ်ရည်းစားမှ မလွမ်းဖူးတဲ့ အလွမ်းမျိုးနဲ့ လွမ်းတယ်။

လွမ်းတယ်။
ခွက်ထိုး ခွက်လှန် လွမ်းတယ်။
သံဝေဂလေးနဲ့ ယှဉ်ပြီး လွမ်းတယ်။
သွေးတွေ ပူနွေးလာတဲ့အထိ လွမ်းတယ်။
လှောင်ပြုံးနှင့် ရီ(ရယ်)နေမှာ တွေးမိရင်း
ရှက်လွမ်းကလေး လွမ်းတယ်။

လွမ်းတယ်။
ဓာတုဆိုးဆေး မပါဘဲ လွမ်းတယ်။
သကြားစစ်စစ်နဲ့ ဖျော်စပ်ပြီး လွမ်းတယ်။
ကော်ဖီသောက်နေရင်း လွမ်းတယ်။
မေ့ချင်လို့ မူးအောင်သောက်ပြီးမှ မေ့မရဘဲ လွမ်းမူးကြီး မူးတယ်။

စိတ်မပူပါနဲ့ ညီမလေးရယ်…
ဘာပဲဖြစ်ဖြစ်
အလွမ်းဟာ မြေဓာတ်ပါတယ်။
အလွမ်းဟာ အန္တရာယ်ကင်းတယ် ။
အလွမ်းဟာ လူကို ဥပါဒ် မဖြစ်စေဘူး ။
အလွမ်းဟာ သဘာဝပတ်ဝန်းကျင်ကိုလည်း မပျက်စီးစေဘူး ။

ဒီလိုနဲ့
တစ်ကိုယ်ရည် အလွမ်းနေ့စွဲတွေမှာ
ထိထိရောက်ရောက် လွမ်းတတ်ခဲ့တယ် ။
ကျွမ်းကျွမ်းမြေ့မြေ့ လွမ်းတတ်ခဲ့တယ် ။
ဖွယ်ဖွယ်ရာရာလေး လွမ်းတတ်ခဲ့တယ် ။
ကျက်သရေရှိရှိလေးလည်း လွမ်းတတ်ခဲ့တယ် ။

လွမ်းတယ်ညီမလေးရယ်
လွမ်းတယ်…

အမုန်းမျက်မာန်
စိတ်ကောက်နှုတ်ခမ်းကျည်ဆံလေးပဲဖြစ်ဖြစ်…
ပျားရည်လူးထားတဲ့
ပန်းဆီရောင်နှုတ်ခမ်းလေးပဲဖြစ်ဖြစ်…
နောက်တစ်ခါ အနီးကပ် လာ ပစ်သတ်လှည့်ပါဦး ။

လွမ်းတယ်ညီမလေးရယ်
လွမ်းတယ်…
ချစ်သူကိုယ်ငွေ့နွေးကို
တယ်လီဖုန်းလေးက တဆင့်
မမှီမကမ်း လက်ဖြန့်နေခဲ့ရသူ
(ကိုယ်ကတော့)
ဒီဇင်ဘာဆောင်းနေ့တွေထဲ အလွမ်းတွေ အခိုးတလူလူ ထွက်လို့ ။
လင်းဒီပ
၁၂.၁၂.၀၉

Wednesday, December 9, 2009

သူငယ်ပြန်ခြင်း

ငါ့ခွန်ငါ့အားနဲ့
ထွန်ယက်ထားခဲ့ပေမယ့်
အလျားလိုက်သန်းတဲ့နွေ
နတ်ဆိုးဂီတလှိုင်းကြား
မျက်လှည့်အဖွဲ့များ တဝေဝေ..။

ပထမနာရီတွေဆီ
အဖန်ဖန်တမ်းတ
အိပ်မက်တွေ ပြာချလည်း
အရင်းပြန်မရတော့ ။

လင်းဒီပ
၂၆.၀၁.၂၀၀၀

Monday, December 7, 2009

လူမိုက်

ကျွန်တော်က အနေအထိုင် မိုက်မဲတယ် ။

အသက်သာ ကြီးလာ

အသိဥာဏ်က ထွားမလာ

လူယဉ်ကျေးတွေနဲ့ ခဏခဏ ရန်ဖြစ်တယ် ။

သံသရာယန္တရားကြီးထဲ

အမေ့သားက လူရမ်းကားကြီးလို

နှုတ်ခမ်းမွှေးကားကားကြီးနဲ့ နေထိုင်

တိမ်ညိုတွေဆို ကျိန်ဆဲမိ…။

ချစ်သူကတော့ ကံဆိုးမလေးပါ မေမေ

ကျွန်တော့်ကြောင့် သူ့နှလုံးသားလေး မိုးမိရတာ ။

လင်းဒီပ

၇.၁၂.၀၉

Thursday, November 26, 2009

မေတ္တာစာ

သူ့ဘာသာ ရှင်သန်နေတဲ့အရာတွေကို

ကိုယ့်အတ္တ

နာမည်တပ်လိုမှု သက်သက်အတွက်

မသေဆုံးစေချင်ပါဘူး။


အိမ်ရှေ့က ရွက်လှပင်ကလေးမှ မဟုတ်ပါဘူး

တကယ်တော့ အနုပညာဟာလည်း သက်ရှိပဲ။

အချစ် အမုန်း အာဃာတ

မမြင်ရတဲ့ စိတ္တဇနာမ်တွေကလည်း သက်ရှိပါပဲ ။


ကျွန်တော့်လက်ဆိပ်တက်ပြီး

ကဗျာလေးတစ်ပုဒ်တောင် မသေဆုံးစေချင်ဘူး ။

သူ့ဝိညာဉ်မှာ

ကျွန်တော့်ကို မုန်းတဲ့အမုန်းတွေ ကပ်ပါမသွားစေချင်လို့ပါ ။


အခုတလော

ကျွန်တော်ဟာ တွေးသင့်တာထက် ပိုတွေးမိလို့

မလိုလားအပ်ဘဲ စကားတွေလည်း ဆွံ့အနေခဲ့ပါတယ်..။

အထက်ကဆိုခဲ့သလို ကိုယ့်အတ္တကိုယ် အလို မလိုက်ချင်လို့ပါ ။


ကျွန်တော်ပါးစပ်က စကားတစ်ခွန်းဟာ

သေနတ်မောင်းခလုတ်ကို ဆွဲလိုက်သလို

တစ်စုံတစ်ယောက် စိတ်နှလုံးကို ချိန်ရွယ် ပစ်ခတ်မိမှာစိုးလို့

ထိန်းထားရင်းနဲ့….

ကျွန်တော်ဟာ တဖက်ရဲ့ ရှင်သန်ခြင်းကို မသတ်ချင်သလို

ကိုယ့် ရှင်သန်ခြင်းကို သတ်မိသူများ ဖြစ်နေပြီလား ။


ကျွန်တော်အတွက်နဲ့

တစ်လှေလုံး မပုပ်အောင် အတတ်နိုင်ဆုံး ရှောင်ကျဉ်ခဲ့ပါတယ်။

ရွက်လှပင်လေးက အစ

ကဗျာကလေးတွေအလယ်

မိတ်ဆွေတို့အထိ

တစ်စုံတရာ ထိခိုက်ခဲ့တယ်ဆို ခွင့်လွှတ်ပေးဖို့

ကျွန်တော့်ဖက်ကလည်း

ခွင့်လွှတ်ပေးဖို့ အသင့်ရှိတဲ့အကြောင်း

မေတ္တာတရားကို စာလုံးပေါင်း မှန်အောင် ရေးလိုက်ပါတယ် ။

လင်းဒီပ

၂၅.၁၁.၀၉

Sunday, November 1, 2009

ဖြောင့်ချက်

အမှတ်တမဲ့လေး ညည်းမိရင်း

ပါးစပ်ဖျားက လွှတ်ချ မရတော့တဲ့ သီချင်းလေးလို…

မျက်စိကလေး အညောင်းပြေ ငေးမိရင်း

အကြည့်တွေ ပြန်ခွာ မရတော့တဲ့ ရှုခင်းတစ်ခုလို…


နှလုံးသွေးကြောထဲ

မင်း စိမ့်ဝင်လာခဲ့ပုံ

တကယ့်ကို

ဖြည်းဖြည်းလေး

ဆင်မယဉ်သာ ခြေလှမ်းကလေး

အခုတော့

မင်းမေတ္တာရနံ့ဟာ ငါ့အသက်ဓာတ် ဖြစ်ခဲ့ရ..။


အချစ်ဆိုတာ တခါတလေ

ချစ်တယ်လို့ ပေါ့ပေါ့လေး ပြောမိပြီးမှ

အမှန်တကယ် ချစ်သွား

လက်လွတ်ဆုံးရှုံးမှာ ပြန်ကြောက်ရတဲ့ ဝဋ်လည်ခြင်းတစ်မျိုး …။


အချစ်ဆိုတာ တခါတလေ

ကိုယ့်ကို

ကိုယ့်လို

ပြန်လိမ်ညာသွားလေမလားလို့

တထိတ်ထိတ်

ဥစ္စာခြောက်စေတဲ့ အခန်းဆက်အိပ်မက်ဆိုး..။


(ညီမလေးရေ)

ဒီကောင်တော့

မင်းကို ချစ်မိခြင်းမှာ

လက်လွန်ခြေလွန်

နှလုံးသားတစ်ခုလုံး သွေးလွန်

တစ်ဘဝလုံး ကျွံဝင်သွားခဲ့ပေါ့ကွယ်။

လင်းဒီပ

၁.၁၁.၀၉

Wednesday, October 28, 2009

ဆိုဖူးတဲ့သီချင်းလေး

(၁၉၉၆)
“ကေသာမှာ တစ်ပွင့်တည်း ပန်ပြီး ကျေနပ်တတ်ကြတဲ့သူထဲ
ထိုမိန်းမသည် မပါမှန်းကို သိရက်နဲ့ ငါဘယ်လို လုပ်ရမှာလဲ…
မိုက်တယ်ဆိုလည်း ခေါင်းငုံ့ပြီးတော့ ခံရုံပဲပေါ့ သူငယ်ချင်းရယ်….”

ငါဆိုလက်စ သီချင်လေး ရပ်တန့်သွားအောင် ဂစ်တာကြိုးတွေပေါ် နင့်လက်ကလေးကို ဖွဖွလေး လာတင်တယ် ။ ခတ်လက်စ ငါ့ညာဘက်လက်ကို ရပ်လိုက်ရတယ် ။ တုန်ခါနေတဲ့ကြိုးတွေက နင့်လက်ကို ထိခိုက်သွားမှာ စိုးလို့ပါ ချယ်ရီကို ။ ဒါ ငါ့တို့နှစ်ယောက်ရဲ့ နောက်ဆုံး တွေ့ဆုံခြင်း မဟုတ်လား ။ အပြာရောင် မှတ်စုစာအုပ်လေး နင်ပေးထားခဲ့တယ် ။ ရီဝေဝေ မျက်လုံးတွေနဲ့ ငါ့ကို စူးစိုက်ကြည့်တယ် ။ နင်ငိုနေတာလား ။ ငိုနေတယ် ဆိုရင်တောင် မျက်ရည်အစစ်လား ။ ဒီမျက်ရည်တွေက ဘယ်ဒေသမှာ မြစ်ဖျားခံပါသလဲ ။ နင့်နှလုံးသားဆီမှာလား… မျက်တောင်ဖျား စွတ်စိုရုံ တစိမ်းယောက်ျားတစ်ယောက် ကျေနပ်ရုံ စီးကျလာတာလား ။ ငါမျက်လုံးထဲ သံသယတွေ ထည့်ပြီး နင့်ကို စူးစိုက် မကြည့်ပါရစေနဲ့လားဟာ။ သံသယတွေ တောက်လောင်ပြီး ချစ်နေရတဲ့မီးတွေ…။ နောက် နင်ထွက်သွားတော့ ငါ့ဘေးမှာ မှတ်စုစာအုပ်လေးရယ် နင်ပေးထားတဲ့ အနက်ရောင် ဂျင်းမှိုတက် ကျောပိုးအိတ်ကလေးရယ်..။နင်က ဆက်ရမယ့် ခရီးကို ရွေးချယ်ပြီးလို့ ထထွက်သွားပေမယ့် ဘယ်ကို ဆက်ရမယ်မှန်း မသိတဲ့ကောင်ကတော့ နင်ပေးထားတဲ့ အပြာရောင်စာအုပ်ကလေးနဲ့… ကျောပိုးအိတ်ကလေးနဲ့… နင်နားမထောင်ချင်တဲ့ သီချင်းလေးနဲ့ ကျန်ခဲ့ရတယ် ။

(၁၉၉၈)
လင်းထက်…နင်အားရင် လာခဲ့ဦး…ငါ ရန်ကုန် ပြန်ရောက်နေတယ်…ရန်ကုန်မှာ ငါ အတွေ့ချင်ဆုံးသူက နင်ပဲ..
ငါ့ဘဝရဲ့ နည်းနည်းလေးပဲ ရှိတဲ့ အရေးအကြီးဆုံး လူစာရင်းမှာ နင်က နံပါတ်သုံး….

ဖုန်းထဲကနေ နင်ပြောချင်တာ ပြောပြီး ချသွားပေမယ့် အသုံးလုံး မကျေတဲ့ နှလုံးသားက့ ဂျင်းဘောင်းဘီအနွမ်းနဲ့ ကောင်လေးကို စက်ကုန်ဖွင့်ပြီး မောင်းသွားတယ် ။ငါ အနာတွေ မကျက်သေးပါလား ချယ်ရီကို ရယ် ။ခုံတန်းပေါ်မှာ ကန်ရေပြင်ကို မျက်နှာမူပြီး ထိုင်နေတဲ့ ကောင်မလေး… လွန်ခဲ့တဲ့နှစ်နှစ်က ဆံပင် ကုတ်ဝဲလေးပဲ ရှိတဲ့ကောင်မလေးက အခု ဆံပင်တွေ အတော်ရှည်နေတာကို သတိထားမိတယ် ။ မျက်နှာကို မတွေ့ခင်မှာပဲ ဒါ ချယ်ရီကို ဆိုတာ အလိုလို သိနေတယ် ။ ငါ့ကို ဂုဏ်ထူးမှတ် ပေးသင့်ပါတယ် ။ အေးလေ ဝင်ဖြေတဲ့ သူတွေကလည်း ဘယ်နှစ်ယောက်မှန်းမှ မသိတာ…ငါသိတာ နင့် ဂိုက်ဆရာရယ် နောက် ဟိုအဆိုတော်ပေါက်စရယ် နင့်ကို မမချယ်ရီဆိုပြီး လိုက်လိုက်ကပ်နေတဲ့ နုနုဖတ်ဖတ်ကောင်လေးရယ်.. ငါ့လို ဟိုမရောက် ဒီမရောက်ကောင်ရယ် ….။

ပြီးတော့ ဘာမှ မပြောဘဲ ငါလက်ကို ဆွဲ ရပ်လာတဲ့ Taxi တစ်စီးပေါ်တက်ပြီး RC 2ထဲက ငါတို့ သွားနေကျ ဆိုင်လေးထဲ ရောက်သွားပြန်တယ် ။မီးလုံးဝါဝါ ဆိုင်ကလေးထဲမှာ … နင့်ရဲ့ ပျားရည်စကားလုံးတွေ အောက်မှာ … ငါဟာ နိဗ္ဗာန်ငယ်လေး ခဏလောက် ကောက်ရလိုက်တယ်။ နောက်တော့လည်း လမ်းမီးတွေ မျက်လုံးဖွင့်လာတဲ့ အချိန်မှာ ပြည်လမ်းမကြီး တစ်လျှောက် လမ်းလျှောက်လာခဲ့ဖြစ်တယ် ။ နင်က သီချင်းလေး ညည်းပြပါ ဆိုတော့

“နေလည်း စောင်းပြီ အလင်းများလည်း ဆိတ်သုဉ်း… ဒီအချိန်မြို့ထဲလမ်းများမှာ လျှပ်စစ်မီးသီးများ ပြန်လင်း
လမ်းဘေး အရိပ်တွေ ဝိုးတဝါး လှုပ်လှုပ်ရွေ့လျား.. ပလက်ဖောင်း တစ်လျှောက်မှာ ကွေ့ကောက် လမ်းလျှောက်ကာသွား.. ကိုယ်လေ ဒီလို ညအချိန်ရောက်ရင် တယ်လီဖုန်း ဆက်လို့ရမလား… ဒီအချိန် ဘယ်အိမ်ဟာ တို့ကို လက်ခံစကား ပြောချင်ပါ့မလဲ… ညဆိုတာ စိတ်ထင်ရာ သွားချင်ရာ သွားလို့ မဖြစ်တော့ဘူး… တစ်နေ့လုံးလည်း တို့နှစ်ယောက် သတိလက်လွတ် လျှောက်လို့သွား (ဟေ့…အချစ် မင်းအခန်းပြန်ဦး ဒီည….)”

ခဏလေးပါပဲ သိပ်မကြာဘူး နင် မြိတ်ကိုပဲ ပြန်သွားတယ် ။ နင့်မေမေနဲ့ နင်နဲ့က ဘယ်တော့မှ အဆင်မပြေဘူး မဟုတ်လား။ ရန်ကုန်မှာ ကျောင်းကိစ္စ စာရွက်စာတမ်းတွေ လိုချင်တာတောင် တစ်ပတ်လောက်ပဲ အမေအိမ်မှာ ဖျစ်ညှစ်နေခဲ့တာ ။

(၁၉၉၉)
ငါ့မေမေ စီစဉ်ပေးတဲ့အတိုင်း သိပ်မဝေးတဲ့ နိုင်ငံလေးတစ်ခုကို ကျောင်းတက်ဖို့ ငါရောက်သွားတယ် ။ လေယာဉ်ပျံဆိုတာ ပထမဆုံးစီးဖူးပြီး ပထမဆုံးနိုင်ငံခြားခရီး ဘယ်လောက်ကြာမယ်မှန်းလည်း မသိဘူး ။နေရာသစ် ရေမြေသစ်မှာ နောက်ထပ် မိတ်ဆွေအသစ်တွေနဲ့ ဆက်လက်ရှင်သန်ရမယ့် ဘဝတစ်ခု ။ ငါမြန်မာပြည်က ထွက်သွားတော့မယ်ဆိုတာ နင့်ဆီ ရောက်မရောက် မသေချာတဲ့ စာတစ်စောင်တော့ ငါပို့ခဲ့တယ် ။ ငါ့ကို အရိပ်လို ကြည့်နေတတ်တဲ့ မေမေဟာ နင့်လို ခပ်ရှုပ်ရှုပ် ကောင်မလေးတစ်ယောက် အရူးလုပ်တာ ခံပြီး ပျော်နေတတ်တဲ့ ငါ့ကို ကြည့်လို့မရတော့ဘူး ။
“သားငယ်ငယ်လေး ရှိပါသေးတယ် ။ ဘဝမှာ နောက်ထပ် လေ့လာသင်ယူရဦးမယ့် အရာတွေ အများကြီး ရှိပါသေးတယ်”တဲ့ ။

အမှန်ဆိုရင်တော့ မေမေနဲ့မဆိုင်ပါဘူး ။ နင်ဟာ ငှက်ကလေးဆို ငါက ထာဝရသစ်ကိုင်း ဖြစ်ချင်ပေမယ့် စိတ်ကစားလွန်းတဲ့ ငှက်ကလေးကို မိုက်မိုက်မဲမဲ မယုံရဲဘူး ။ တကယ်ဆို ငါဟာ အတ္တနည်းနည်းကြီးပြီး နည်းနည်း ကြောက်တတ်တဲ့ ယောက်ျားတစ်ယောက်ဆိုတာ လေယာဉ်ပြတင်းကနေ ကျန်ခဲ့တဲ့ မြန်မာပြည်ကို ငေးရင်း ငါတွေးမိတယ် ။ တကယ် ချစ်တယ်ဆို အင်းလေ..နင်ကကော…ငါ့ လက်ကို တကယ် တွဲမှာလား..။

“ငါ ချစ်ခဲ့ဖူးလား… ငါ့ဘဝကို ပေးဆပ်ခဲ့ခြင်းနဲ့ … ပိုင်ဆိုင်တဲ့ ဆန္ဒအကုန် ငါလေ ပေးခဲ့လား.. သူအမြဲ လိုအပ်တဲ့ အကြင်နာတွေ အကုန် ပုံကာပေး…ချစ်ခဲ့လား …ငါ့ရဲ့ အတ္တ အားလုံး စွန့်လွှတ် …. မိန်းကလေး တစ်ယောက်ရဲ့ ဘဝအတွက် ပေး…ခဲ့ဖူးလား … အဖြေမှန်ဟာ ဝိုးတဝါးနဲ့… မသေချာဘူး… ငါချစ်တာ ငါ့ဘဝလား ငါ့ရယူခြင်းများလား….”

(၂၀၀၅)

ရန်ကုန်မဟုတ်တဲ့ မြေလတ်မြို့တစ်မြို့ကို ကိစ္စတစ်ခုနဲ့ ငါရောက်နေတယ် ။ ကျောပိုးအိတ်အဟောင်းထဲမှာ ရေးထားတဲ့ စာအုပ်ပြာလေး တစ်အုပ်ပါတယ် ။တကယ်ကို မမျှော်လင့်ခဲ့ဘူး ။ ငါမြို့မဈေးလေးထဲမှာ လိုတာလေးတွေ ဝယ်ပြီးအထွက် ဆိုင်ကယ်တစ်စီးက ထိုးရပ်လာပြီး နှုတ်ဆက်တော့ နင်ဖြစ်နေတယ်..။ ငါအိမ်ထောင်ကျနေပြီ လင်းထက်…ဒီမြို့ က ငါ့အမျိုးသား ဇာတိ… သူ့လုပ်ငန်းတွေက ဒီမှာပဲ ရှိလို့…ငါလိုက်နေတာ…။ နင်ကို့ကြည့်ရတာ အရမ်း တည်ငြိမ်သွားသလိုပဲ..စကားပြောတာလည်း ညင်ညင်သာသာ..။ နင့်အမျိုးသားက ဘယ်လို ပြောင်းလဲ လိုက်ပါလိမ့်..။ နောက်တော့ အိမ်ကို ထမင်းလာစားဖို့ ဖိတ်တယ် ။ပြောသေးတယ် ငါ့အမျိုးသားကို တွေ့ရင် နင့် အရမ်းအံ့သြသွားမယ်တဲ့။ ဘယ်သူလို့ မပြောသွားဘူး။ ငါ့အိမ်အပြန်လမ်းမှာ ပဟေဠိတွေ ချခင်းထားတယ် ။

တကယ်လည်း နင့်အိမ်ကိုလိုက်လည်တော့ နင့်အမျိုးသားက ငါ့တို့ဆယ်တန်းတုန်းက နယ်က ကျောင်းလာတက်တဲ့ စာဂျပိုးလေး ဖြိုးဝေ။ ငါ့တို့နှစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် လုပ်နေတဲ့အချိန် စာအုပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့ကောင်လေးပေါ့ ။ အရင်တုန်းက ငါသိတဲ့ ချယ်ရီကိုနဲ့ တခြားစီပါပဲ…တည်ငြိမ်နေလိုက်ပုံ…။ ငါသာ လွင့်ချင်သလို လွင့်နေဖြစ်ခဲ့တာ။ ဒီလိုကျတော့လည်း အစစအရာရာ တည်ငြိမ်သွားတဲ့ မိန်းမတစ်ယောက် ။ ဖြိုးဝေ ဘယ်လိုလုပ်လိုက်ပါလိမ့် ။

ငါ နင်တို့အိမ်က ပြန်ထွက်လာတော့ နှလုံးသားထဲမှာလည်း ဆွတ်ဆွတ်ပျံ့ပျံ့အတွေးလေးတွေ ခေါင်းထဲမှာလည်း ဖြိုးဝေရဲ့ ရဲရင့်ပြတ်သားတဲ့ ရွေးချယ်မှုတွေကို ဆက်တွေးမိတယ် ။ တကယ်ကျတော့ ချစ်ပေမယ့် ပြတ်ပြတ်သားသား ရွေးချယ်ရဲဖို့လည်း လိုသေးတယ် မဟုတ်လား… နောက်ပြီးတော့ ဖူးစာဆိုတာလည်း ဘယ်သူက ကြိုတွေးမိမှာလဲ…ငါ ဒီလိုပြောရင် ကိုယ့်တွေဝေမှုကို ဖူးစာပေါ် ပုံချမပစ်နဲ့လေလို့ နင်ပြောလေမလား…။ ခုအချိန်မှာ နင်က ငါ့ကို သီချင်းတစ်ပုဒ်လောက် ညည်းပြစမ်းပါဆိုရင် ဘယ်သီချင်းကို ရွေးရမလဲ…။

နွေညလေးမို့ အိုင်စပ်စပ်နိုင်တဲ့ မြို့ကလေးရဲ့ လက်ဖက်ရည်ဆိုင်မှာ ငါ ကြယ်ကလေးတွေ ထိုင်ကြည့်ချင်လို့ထွက်လာတော့ သီချင်းတစ်ပုဒ်က ထင်းထင်းကြီး ရင်ကို စွန်းထင်းသွားတယ်။

“တွေ့တုန်းက ကြိုးပမ်းရင် အခုလောက်ရှိ မိပြီးပြီပေါ့..ဘာလိုသေးလဲ

အခုများတော့ လက်နှေးလို့ လွတ်ပြီးမှ ငါးကြီးတာနော်..တခါ ငိုဦးမလား…။

(ကိုဆောင်းယွန်းလရဲ့ သီချင်းလေးတွေ ညည်းခိုင်းတဲ့ တဂ်ပိုစ့်ပါ…ကြာတော့ကြာနေပါပြီ…အခုမှ ရေးပြီးလို့ တင်လိုက်ပါတယ်။ ဝတ္တုလေးအနေနဲ့ ဖတ်ရင်လည်း အဆင်ပြေမယ်လို့ ထင်ပါတယ်။)

လင်းဒီပ
၂၈.၁၀.၀၉