ကျွန်တော် လျှောက်လာတဲ့ လမ်းကပဲ နှင်းဆီတွေ ပေါ်နေတာလား နှင်းဆီတွေ ပေါ်တဲ့လမ်းကိုပဲ ကျွန်တော် ရွေးလျှောက်ခဲ့မိပါသလား မတွေးမိပါ ။ သေချာတာကတော့ မြေလမ်းလေး ဘေး တစ်ဖက်တစ်ချက်ဆီတွင် နှင်းဆီရောင်စုံတွေကို အစီအရီနှင့် သေချာစိုက်ထားတာ ကြုံရသည်။ နှင်းဆီနှင့် ပတ်သက်သော စာတွေ ကဗျာတွေကလည်း စုံလွန်းသည် ။ ဦးသန်းဖေလေးရဲ့ ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်က စလို့…လေးဖြူရဲ့ ရိုစီ ငါ့ကို ကြင်နာနေတာ မဖြစ်နိုင်ဘူး ထိပေါ့ …။ကဗျာတွေဆိုလည်း ခေတ်အဆက်ဆက် နှင်းဆီဖွဲ့တွေ…။ ကျွန်တော် လျှောက်ရင်း လျှောက်ရင်း သီချင်းလေးတွေ အမျိုးမျိုး ပြောင်းပြီး နှင်းဆီပန်းလေးတွေကို စောင်းမြောင်း ဆိုနေမိသည် ။ နှင်းဆီတွေကလည်း မသိသလို သိသလို ကပို ရှက်သလိုနှင့် ပွင့်ဖတ်ကလေးတွေက တဆင့် နားစွင့် နေကြပါသည် ။ နှင်းဆီခင်းကြီးက ငေးလိုက်ရင် မဆုံး..။ နှင်းဆီခင်းရှင်ကို မတွေ့ရ။
ကျွန်တော် ဆက်လျှောက်လာခဲ့ပါသည် ။ နံနက်ခင်း နှင်းဆီရနံ့တွေက လေပြေမှာ သင်းသင်းကလေး ။ ကျွန်တော် ပန်းတွေ သစ်ပင်တွေကို တကယ် တန်ဖိုးထားတတ် ပါသလား။ မသိပါ ။ အခုချိန်ထိ သစ်ပင်တစ်ပင်ကို ဘယ်လို စိုက်ပျိုးမလဲ မသိပါ ။ ဘာပဲဖြစ်ဖြစ် ပန်းတွေတွေ့တော့ ပျော်စရာ ။ ခေတ်အဆက်ဆက် တော်ဝင် မင်းသမီးလေးတွေ နှင်းဆီရောင်စုံတွေ…။ ဘယ်သူမဆို ဒီလို နှင်းဆီတွေ တွေ့တဲ့အခါ ခူးဆွတ်ချင်မှာပါပဲ ။ ကျွန်တော် ကိုယ်တိုင်လည်း ခူးဆွတ်ချင် လာတာပါပဲ ။ ကျွန်တော် ခူးလိုက်ရင် ကောင်းမလားလို့ ပန်းနုရောင် နှင်းဆီပွင့်လေးနားမှာ ရပ်ရင်း စဉ်းစားမိသည် ။ ပန်းနုရောင် နှင်းဆီလေးက ကျွန်တော့်ကို ငေးကြည့်နေသည် ။ တဘက်ကို ထပ်ကြည့်လိုက်တော့ အနီရဲရဲ စိုစိုလေး ။ အင်း ဒါလေးလည်း လှတာပဲ ။ သူ လှတာလေးက ပိုပြီးတော့ ဆွဲဆွဲဆောင်ဆောင် ။ ကျွန်မက ပို မွှေးပါတယ်ရှင် လို့ပင် ပြောနေသယောင် ။ ခူးမယ် လုပ်နေရင်းက အင်းလေ ထပ်ကြည့်သေးတာပေါ့ လို့တွေးရင်း ဆက်လျှောက်လာမိသည် ။
ခဏနေတော့ အဖြူရောင် နှင်းဆီလေးကို ထပ်တွေ့ပြန်သည် ။ ခင်ဝမ်း၏ နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက် သီချင်းပင် အမှတ်ရမိသည် ။ ဒီဘက် လှည့်လိုက်တော့ နှင်းဆီပြာ…။ ထပ် ငေးကြည့်မိပြန်တော့ ဒီဘက်က နှင်းဆီလေးက အငုံမှ ပွင့်လာကာစ အဝါရောင် နှင်းဆီလေး… အခုမှ သတိထားမိတာက နှင်းဆီတွေ ကြည့်ရင်း ငေးရင်း ကျွန်တော် ဝင်လာခဲ့တဲ့ မြေလမ်းကလေး မဟုတ်တော့ ။ နှင်းဆီတွေရဲ့ အလည်ကို ရောက်နေသည် ။ ပြန်ထွက်ရမယ့် လမ်းကို မတွေ့။
နှင်းဆီဝင်္ကပါလား…။ ကိုယ်ကိုယ်တိုင်က ကြည့်ရင်း ငေးရင်း နှင်းဆီတွေကြားမှာ တစ်စ တစ်စ လမ်းပျောက် သွားခဲ့တာလည်း ဖြစ်သည်။ တဖြည်းဖြည်း ကျွန်တော့်ခန္ဓာက နှင်းဆီပင်တွေ ထက်ပင် သေးငယ် သွားသလို..။ တစ်ပတ်လည်မှာ နှင်းဆီတွေ…. ရနံ့တွေ..လှိုက်မူးလာသည် ။ နှင်းဆီတောနက်ကြီးထဲမှာ….။ နှင်းဆီပင်လယ်ကြီးထဲမှာ…။
တစ်ပွင့်ဆို တစ်ပွင့် အမှန်တကယ် ခူးပြီး လှည့်ထွက် လာခဲ့သင့်သည် ။ အခုတော့ ကိုယ့်အပြစ်နဲ့ ကိုယ် နှင်းဆီရောင်စုံတွေကြားမှာ လမ်းပျောက်နေသည်။ ပန်းပင်လယ်ကြီးလား …ကူးခတ်ရင်း မောနေသည် ။ဘယ်လို ပြန်ထွက်ရမလဲ ။ တွေဝေ ငေးမောရင်း ပန်းတောမှာ လမ်းပျောက်ခဲ့သူကို ဘယ်သူက ကယ်နိုင်မလဲ။ ပန်းကလေးတွေ ကြားမှာ လမ်းပျောက်နေပြီ။ ကယ်ပါဦး အော်ရအောင်လည်း ပန်းကလေးတွေ ကြားရင် ရှက်စရာ။ ပန်းကလေးတွေ လှောင်ရယ်မှာ…ဘယ်လို လက်ခံရမှာပါလိမ့် ။
ဆက်လျှောက်လာရင်း ဦးထုပ်နွမ်းနွမ်း ဆောင်းထားတဲ့ လူတစ်ယောက်ကို တွေ့ရသည် ။ အကူအညီ ရလိုရညား လှမ်းခေါ်လိုက်တော့ “ခင်ဗျား လမ်းပျောက်နေပြီ မဟုတ်လား ..အဲဒါပဲဗျ … ကိုယ် ဘယ်နှင်းဆီကို လိုချင်တာလဲ ဆိုတာ သိဖို့ အရေးကြီးတယ် ။ ဒါမှ ပိုင်ပိုင်နိုင်နိုင် တစ်ပွင့် ခူးလိုက်ရုံပဲ …အခုလို လမ်းမပျောက်တော့ဘူး။ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာက ကျွန်တော်လည်း ခင်ဗျားလိုပဲ ဒီခြံထဲကို ရည်ရွယ်ချက် တိတိပပ မရှိပါဘဲ ရောက်လာတယ် ။ နှင်းဆီတွေ ကြည့်ရင်း ဟိုတစ်ပွင့် ကောင်းနိုး ဒီတစ်ပွင့် ကောင်းနိုး စဉ်းစားရင်း နဲ့ နှင်းဆီတောထဲမှာ လမ်းပျောက်ရင်း ဥယျာဉ်မှူး ဖြစ်လာတာပဲ ။ ခင်ဗျားလည်း အခုအချိန်က စပြီး ဥယျာဉ်မှူး ဖြစ်ပြီ။ ပြန်ထွက်ဖို့ လမ်းကို ရှာမတွေ့မချင်း ပေါ့ ။ ခင်ဗျားကိုလည်း တစ်ခုတော့ ပြောချင်တယ် ..ဥယျာဉ်မှူး ဆိုတာ ပန်းခူးခွင့် မရှိဘူး.. ပန်းတွေ အများကြီးကို ငေးကြည့် နေခွင့်တော့ ရှိတယ်။” နောက်တော့ ဥယျာဉ်မှူးက ဘာမှ ထပ်မပြောတော့ပဲ နှင်းဆီနှင့် ပတ်သက်သော သီချင်းလေးတစ်ပုဒ် ညည်းရင်း ထွက်သွားသည် ။
ကျွန်တော် ပန်းတွေကြားထဲမှာ ကျန်ခဲ့ပြန်သည် ။ နှင်းဆီရောင်စုံတွေ ကျွန်တော့်ကို ငေးကြည့်နေသလို ထင်သည် ။ နှင်းဆီတွေ ရယ်နေမလား။ နှင်းဆီဝင်္ကပါထဲက ကျွန်တော် တိုးထွက်မလား… ငြိမ်နေရမလား… နှင်းဆီရနံ့တွေက ပိုမို စူးရှလာသည် ။ တစ်စုံတစ်ယောက်က စူးစိုက်ကြည့်နေသလို ခံစားမိတော့ လှည့်ကြည့်လိုက်တော့ ဒဏ်ရာရထားသော အနက်ရောင် နှင်းဆီတစ်ပွင့်က ကျွန်တော့်ကို နာနာကျင်ကျင် ကြည့်နေတာနှင့် ဆုံသည် ။ နှင်းဆီတွေကြားမှာ ပိတ်မိနေသူတစ်ယောက်… နှင်းဆီဝင်္ကပါထဲ ရောက်နေတဲ့သူ တစ်ယောက် အနေဖြင့်… နှင်းဆီနှင့် တချို့သူတွေကြားမှာ ရန်ငြိုးရန်စ ရှိခဲ့ရင်တောင် ပေးဆက်ဖို့ သက်သက် ရောက်နှင့်ပြီးသားလေ။
……မင်းအတွက် ငါ လမ်းတွေ ပျောက်နေခဲ့… ဝင်္ကပါထဲက ပန်းကလေးရယ် ငါ မင်းရဲ့ အကျဉ်းသားပါကွယ်…။
ကျွန်တော် နှင်းဆီဝင်္ကပါ သီချင်းလေး ညည်းမိရက်သား ဖြစ်သွားသည် ။ နှင်းဆီရောင်စုံတွေ နှင်းဆီရနံ့တွေ ပိတ်ဆီးနေသည့် နှင်းဆီတောနက်ထဲတွင် ကျွန်တော်သည် ဥယျာဉ်မှူးတော့ မဖြစ်နိုင် ။ နှင်းဆီအကျဉ်းသားမျှသာ ဖြစ်နိုင်ပါသည် ။ ကျွန်တော် လွတ်လမ်းကို ရှာနေတုန်းမှာပဲ နှင်းဆီတချို့၏ ခပ်လှောင်လှောင်ရယ်သံကို ကြားလိုက်မိသေး သည် ။
လင်းဒီပ
၂၉.၀၈.၀၉
အောက်ခြေမှတ်စု(၁)(ကိုရွာသားက ကျွန်တော့်ကို ရင်ထဲက နှင်းဆီတစ်ပွင့် အကြောင်း တဂ်ပါတယ် …ကျွန်တော်ကတော့ နှင်းဆီခင်းကြီး အကြောင်း ရေးလိုက်မိပြီ..:P)
အောက်ခြေမှတ်စု(၂)(ဓာတ်ပုံလေးကလည်း ကိုရွာသား ဒါနပြုပါတယ်။)
အောက်ခြေမှတ်စု(၃)(“နှင်းဆီဝင်္ကပါ” ဆိုတဲ့သီချင်းလေးတစ်ပုဒ်ကို “အိပ်မက်ကဗျာ”အယ်ဘမ်မှာ ကိုလေးဖြူ ဆိုထားပါတယ်။ အခု ဒီပိုစ့်မှာ “နှင်းဆီဝင်္ကပါ” ဆိုတဲ့နာမည်လေးနဲ့ စာသားလေးတစ်ခုကို သုံးထားပါတယ်။ ကိုလေးဖြူနဲ့ တေးရေးသူ (ကိုကေအေတီ ထင်ပါတယ်) ကို Credit ပေးပါတယ်။ “နှင်းဆီဝင်္ကပါ” ဆိုတာ အသုံးကို သူတို့ဆီက ကျွန်တော် ယုသုံးလိုက်တာ ဖြစ်ကြောင်း ဝန်ခံပါတယ်။)