Monday, October 19, 2009

အံသေနေ့များ

ညနေခင်းကို
အထပ်မြင့်ပြတင်းပေါက်ကလေးကနေ
လှမ်းကြည့်မိတယ်..။
ဘာကို အာသီသရှိရမှန်း မသိ
ဖြစ်နေတာ…ကြာပြီ…။

လူတွေ အများကြီးနဲ့တွေ့ရင် သိပ်ပျော်သွားမလား
တွေ့ကြည့်တယ်….မပျောက်ဘူး…။
တည်ငြိမ်လာမလားလို့…
ကိုယ့်ကိုကိုယ် အခန်းလေးထဲ ပြန်သိမ်းထားတယ်
မရဘူး…။

ဘယ်မှာ နေရင် ကောင်းမလဲ…
ဘယ်မှာ သေရင် ကောင်းမလဲ…
သေခြင်းတရားကလည်း
တကယ်တော့ တံခါးပေါက်တစ်ခု မဟုတ်ဘူး…

ဒါပေမယ့် ဥာဏ်နည်းတယ်
သံသရာနဲ့ချီပြီး ဥာဏ်နည်းတယ်..ထုံ,အတယ်..။
လူဟာ အကုသိုလ်တွေ မနိုင်မနင်း သယ်ဖို့ကလွဲရင်
တခြားကိစ္စတွေမှာ ဥာဏ်နည်းတယ်..။

“ပျော်ရွှင်မှုကို ငါတခါမှ မရှာခဲ့ဘူး”
သစ္စာနီ ဝတ္တုထဲက စကားတစ်ခွန်းဟာ
ငါ့ထုံဆေးတွေကို ဓာတ်ပြယ်အောင် လာလာလုပ်တယ်။

အိမ်ထောင်တွေ ပြုကြ
သိပ်စကားများတဲ့ မိန်းမဝဝကြီးတွေ ဖြစ်လာကြ…
နဖူးပြောင်ပြောင် ဗိုက်ပူပူ
အတ္တကြီးကြီး ငနဲကြီးတွေ ဖြစ်လာကြ…
ဂြိုလ်သားအသစ်ကလေးတွေ ထပ်ပွားလာကြ…
ဒါလောက်ပဲလား…။

မနက်ဖြန်အတုံးကြီးတွေကို ချွန်ချွန်သုံးနေရတာ
ကြာတော့ မုန်းလာပြီ…။

ခင်ဗျားလည်း ဖြစ်ဖူးမှာပါ…
ရှင်သန်ခြင်းအပေါ် သွေးရိုးသားရိုး အံသေလာတဲ့အခါ
ရူးချင်ရက်နဲ့ ရူးမရတာ
ရူးချင်ယောင်ဆောင်ရတာထက် ပိုခက်တယ်ဆိုတဲ့ ခံစားမှုမျိုး….။
လင်းဒီပ
၁၉.၁၀.၀၉

15 comments:

ရွှေပြည်သူ said...

“မနက်ဖြန်အတုံးကြီးတွေကို ချွန်ချွန်သုံးနေရတာ
ကြာတော့ မုန်းလာပြီ…။”

ဟုတ်တယ် သိပ်မုန်းတယ်။ ပင်လည်း ပင်ပန်းလှပါပြီ ဦးဒီပရယ်...။ အံသေနေ့တွေမှာ မွမ်းကျပ်လွန်းလို့ အသက်ကို တဝကြီးရှူပစ်မိတယ်... မောတုန်းပါပဲ...

သိင်္ဂါကျော် said...

ရှင်သန်ခြင်းအပေါ် အံသေလို့တော့ မဖြစ်သေးပါဘူးလေ...
ဘာပဲဖြစ်ဖြစ် ရှင်သန်ရဦးမှာပဲ မဟုတ်လား။

Kay said...

မှားမှန်းသိရဲ့ နဲ့ သိပ်ကို မှန်ချင်နေတတ်ပြီ..
မှန်နေရက် နဲ့တောင်..မှားသွားတတ်တဲ့...လူတွေ အကြောင်း...သိပ်ကို ကောင်းပါ၏..ကဗျာဆရာ

အမရာ said...

ခင်ဗျားလည်း ဖြစ်ဖူးမှာပါ…
ရှင်သန်ခြင်းအပေါ် သွေးရိုးသားရိုး အံသေလာတဲ့အခါ
ရူးချင်ရက်နဲ့ ရူးမရတာ
ရူးချင်ယောင်ဆောင်ရတာထက် ပိုခက်တယ်ဆိုတဲ့ ခံစားမှုမျိုး….။

ဒီအပိုဒ်လေးသိပ်ကြိုက်တယ်..အကိုရေ...
ကိုယ်တိုင်လဲဖြစ်နေဆဲ....

ဆောင်းယွန်းလ said...

မနက်ဖြန်အတုံးကြီးတွေကို ချွန်ချွန်သုံးနေရတာ
ကြာတော့ မုန်းလာပြီ…

သိပ်ကောင်းတဲ့စကားလုံးသုံးစွဲမှုပဲညီလေးရေ..သိပ်လှတယ်

မဆုမွန် said...

ရူးချင်ရက်နဲ့ ရူးမရတာ
ရူးချင်ယောင်ဆောင်ရတာထက် ပိုခက်တယ်ဆိုတဲ့ ခံစားမှုမျိုး….........

အခုဖြစ်နေတဲ့ ခံစားချက်နဲ့ ကွက်တိပဲ..

ကဗျာလေးကို ခံစားသွားတယ် ကိုလင်းဒီပရေ

ဗညားရှိန် said...

မနက်ဖြန်အတုံးကြီးတွေကို ချွန်ချွန်သုံးနေရတာ
ကြာတော့ မုန်းလာပြီ…။

ခင်ဗျားလည်း ဖြစ်ဖူးမှာပါ…
ရှင်သန်ခြင်းအပေါ် သွေးရိုးသားရိုး အံသေလာတဲ့အခါ
ရူးချင်ရက်နဲ့ ရူးမရတာ
ရူးချင်ယောင်ဆောင်ရတာထက် ပိုခက်တယ်ဆိုတဲ့ ခံစားမှုမျိုး….။

ထိတယ် ကောင်းလိုက်တဲ့ေ၇းချက်လေး

MANORHARY said...

ရှင်သန်မှုကို သွေးရိုးသားရိုး ပျင်းရိနေမိတာကြာပေါ့
သေခြင်းတရားကိုအာသီရှိနေလားဆိုတော့လည်း
ထုံးစံအတိုင်း တုံဏှိဘာဝေ ....
ဘာဖြစ်နေတယ်ထင်လဲလည်း ကိုယ့်ဘာသာကိုယ်မသိ
မနက်ဖြန်အသေတွေကိုမိုးလင်းတိုင်းအသက်သွင်းနေရတဲ့
မှော်ဆရာလို....................
ကိုယ့်ကိုယ်ကို မှုတ်သိမ်းငြိမ်းသတ်ချင်နေမိတာ
ကြာပြီ.............

စိမ်း... said...

ခုတလော ဖြစ်နေတာ အဲ့လိုမျိုးပဲ... :)

မမသီရိ said...

တကယ်ဝေဖန်ရမလား..း)
စိတ်မဆိုးကြေး..း))
ကဗျာ က တကယ်ကောင်းတယ်
တကယ်ပြောတာ မောင်လေးရ

အိမ်ထောင်တွေ ပြုကြ
သိပ်စကားများတဲ့ မိန်းမဝဝကြီးတွေ ဖြစ်လာကြ…
နဖူးပြောင်ပြောင် ဗိုက်ပူပူ
အတ္တကြီးကြီး ငနဲကြီးတွေ ဖြစ်လာကြ…
ဂြိုလ်သားအသစ်ကလေးတွေ ထပ်ပွားလာကြ…
ဒါလောက်ပဲလား…။

နာနာကျည်ကျည်းအဲဒီတပိုဒ်ကလွဲ ရင်..း)

သူများတွေ ကပြောတော့မပေါ့ မောင်လေးရ
ကိုယ် မှ မရ သေးတာကိုး (မိန်းမ).လို့...း)

စိတ်မဆိုးရဘူးနော်.း)

မယ်ကိုး said...

သိပ်ပေါက်ကွဲနေတော့ နည်းနည်းတောင် လန့်သွားပြီ :P
ရှေ့ရေးသိပ်မတွေးပါနဲ့ ကဗျာဆရာရေ...
၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ ကောလဟာလက ဆိုလေတော့...
မကြာတော့ဘူးပဲ။ =)

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

သိတ်လည်းပေါက်ကွဲ..မနေပါနဲ့...
တခါတလေတော့လည်း..နေတတ်ရင် ကျေနပ်စရာပါ..

သက်ထွန်းညိမ်း said...

မနေ့ကတည်းက ကွန်မန်းပေးနေတာ
နက်မကောင်းလို့ မရဘူး
မနက်ဖြန်အတုံးကြီးတွေကို ချွန်ချွန်သုံးနေရတာ
ကြာတော့ မုန်းလာပြီ…။
အဲဒီစာသားကို ကြိုက်တယ်ဗျာ
သေသပ်လှပတယ် အကိုဒီပရေ
ပျော်ရွှင်ပါစေဗျာ

jr.လွင်ဦး said...

ကျွန်တော်အရမ်းကြိုက်တယ်။
ခပ်တုံးတုံးမနက်ဖြန်တွေမှာ အံတွေသေခဲ့တာ ကြာပေါ့။

pandora said...

ရူးချင်ရက်နဲ့ ရူးမရတာ
ရူးချင်ယောင်ဆောင်ရတာထက် ပိုခက်တယ်ဆိုတဲ့ ခံစားမှုမျိုး….

ရင်ဘတ်ထဲကို ထိသွားစေတဲ့ ကဗျာလေး
ခုမှ သေသေချာချာ လာဖတ်ရတယ်။ နောက်ကျသွားတယ်။