Tuesday, January 4, 2011

ရောင်စုံခဲတံလေးများ

(၁)

မေမေနဲ့ဖေဖေသည် ပန်းချီဆွဲရန်ဆိုပြီး အဖြူရောင် စာရွက်အလွတ်တစ်ရွက် ပေးပြီး ကျွန်တော့်ကို လောကထဲသို့ လွှတ်လိုက်ပါသည် ။ ခဲတံရောင်စုံကလေးများ ထည့်မပေးလိုက်ပါ ။ ကျွန်တော်သည် စာရွက်ကလေးကို ကိုင်ပြီး ဖြည်းဖြည်းခြင်း လျှောက်လာခဲ့ပါသည် ။ အရောင်များကို စတင်သင်ယူပါသည် ။

(၂)

ကျွန်တော်သည် စာရွက်လွတ်ကလေးဖြင့် မူလတန်းလမ်းမကို ဖြတ်လျှောက်သောအခါ အနီရောင်ခဲတံကလေးကို တွေ့ရသည် ။ ခဲတံနီကလေးက ကျွန်တော့်ကို အလွန်ခင်သည် ။ သူ့မေမေသည် မေမေလေးဖြစ်သည် ။ သူ့မှာ အမေသုံးယောက်ရှိသည်ဟု တခါတလေ နောက်တတ်သည် ။ သူငယ်ချင်းတွေနဲ့ နေရသော အချိန်ကို အိမ်မှာ နေရသော အချိန်ထက် ပိုပျော်သော ခဲတံနီကလေး ဖြစ်ပါသည် ။ ခဲတံနီကလေးက ကျွန်တော့်စာမျက်နှာပေါ်တွင် အနီရောင် အရုပ်ကလေးများဆွဲပြသည် ။ ကလေးနှစ်ယောက်ကွင်းပြင်ကျယ်တစ်ခုတွင် စွန်လွှတ်နေပုံ ။ တံတားဘေးမှာ ထိုင်ပြီး ကောင်လေးနှစ်ယောက် ငါးမျှားနေပုံ ။ပြီးတော့ မိုးရွာပြီး ရေလွှမ်းနေသော ကတ္တရာလမ်းတစ်လျှောက် ဖိနပ်များကို မျှောပြီး တစ်ကိုယ်လုံးစိုရွှဲသွားအောင် ဆော့နေသော ကျောင်းသားလေးနှစ်ယောက်ပုံ ။

ကျွန်တော့်စာရွက်ကလေးပေါ်တွင် အဝါရောင်ပန်းပွင့်ပုံလေးကို နဝမတန်းလမ်းမပေါ် ဖြတ်လျှောက်မိသောအခါ အဝါရောင်ခဲတံကလေးက ဆွဲလိုက်လေသည် ။ ခဲတံနီကလေး ခဲတံဝါကလေးနဲ့ ကျွန်တော်သည် ကျောင်းထောင့်က ဗာဒံပင်ကြီးအောက်တွင် ဆရာမရှင်းပြလိုက်သော ကဗျာလေးတစ်ပုဒ်အကြောင်းကို ငြင်းခုန်နေကြသည် ။ ခဲတံဝါလေးသည် စက်ဘီးစီးနေသည် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ပုံကို ဆွဲပြပါသည် ။ ခဲတံဝါလေးသည် ဆည်းလည်းသံလွင်လွင်ကလေးများကို အဝါရောင်သင်္ကေတများဖြင့် ရေးခြစ်ပါသည် ။ခဲတံဝါကလေးဆီမှ သနပ်ခါးနံ့သင်းသင်းကလေးကို မနက်ခင်းလေပြည်ထဲတွင် လက်ဆောင်ရတတ်လေသည်။

ကျွန်တော့်စာရွက်ပေါ်တွင် အရောင်ကလေးများ စုံလာသည် ။ အနီရောင်စွန်လွှတ်နေသောကလေးနှစ်ယောက်ပုံများ အဝါရောင် ပန်းပွင့်ပုံကလေးများအပြင် အပြာရောင်ဖြင့်ရေးဆွဲထားသော ဂီတသင်္ကေတပုံကလေးများ အညိုရောင်ဖြင့်ဆွဲထားသော ကောင်လေးတစ်ယောက်စီးကရက်သောက်နေသော ပုံကလေးများ ခဲရောင် မှိုင်းမှိုင်းခြစ်ထားသော ကစားဝိုင်းတစ်ဝိုင်း၏ ပုံကလေးများထိ အရောင်စုံ ပုံသဏ္ဍာန်စုံ ဆွဲမိပြီးသား ဖြစ်နေလေသည် ။ ကျွန်တော့်မှာ စာရွက်ကလေးတစ်ရွက်သာရှိသော်လည်း ခဲတံကလေးများက ဝိုင်းဆွဲပေးကြခြင်းဖြစ်သည် ။ကျွန်တော့်လွယ်အိတ်ထဲတွင်လည်း ခဲတံကလေးများ အရောင်အတော်စုံနေပြီ ဖြစ်သည် ။

ကျွန်တော်မြို့တစ်မြို့ကို ရောက်နေသည် ။ ခဲတံကလေးများကို သတိရစိတ်ဖြင့် ထုတ်ကြည့်တော့ တချို့ခဲတံလေးများ ပါမလာတော့ပေ ။ ဘယ်မှာ ကျကျန်ခဲ့ပါလိမ့် ။ ခရီးသည် ရှည်သည် ။ ရာသီဥတုသည် စုံသည် ။ ခဲတံတချို့တလေ ပျောက်ကုန်ပြီ ထင်သည် ။ထိုမြို့မှာ ခရမ်းရောင်ခဲတံဝဝလေးနဲ့တွေ့သည် ။ ခဲတံလေးက ငါက သက်မွန်မြင့်လေဟု တွေ့တွေ့ချင်းပြော၏ ။ ဟုတ်ပါဘူး နင်က ဝက်မွန်မြင့် ပါ လို့ ပြန်ပြောမိ၏ ။ ထိုခဲတံဝဝလေးနှင့်ကျွန်တော်သည် ရန်ဖြစ်ရင်း အဆောက်အအုံဒီဇိုင်းပုံတွေဆွဲရင်း ငြင်းခုန်ရင်း နဲ့ ခင်သွားသည် ။

အနီရောင်ခဲတံလေးဆီမှ ဖုန်းလာသည် ။ ဟေ့ရောင် … အဆင်ပြေလား ငါမိန်းမရနေပြီကွ ။ မင်းပြန်လာရင် ငါတို့ဆီ လာခဲ့ဦး ။ ပြန်တွေ့သောအခါ ခဲတံနီကလေးသည် အရင်တုန်းကလို မဟုတ်ဘဲ အိမ်မှာ ပျော်တတ်သော ခဲတံကလေးဖြစ်နေပြီဖြစ်သည် ။ ကျွန်တော်ပြန်လာတော့ ခဲတံနီကလေးက မိသားစုဆိုသည့်ပုံကလေးကို ကျွန်တော့်စာရွက်ပေါ်တွင် ဆွဲပေးလိုက်လေသည် ။

ကျွန်တော်လက်ရှိ အလုပ်မှာ မပျော် ။ အလုပ်ပြောင်းချင်တာ ခဲတံညိုလေးသိသည် ။ အလုပ်ရှုပ်နေတုန်း ဖုန်းဝင်လာသည် ။ ကျွန်တော့်နာမည်ကို ပီပီသသ မခေါ် ။ ဒီနိုင်ငံက လူတွေလို အသံကို ဝဲအောင်လုပ်ပြီး ခေါ်သည် ။ ကျွန်တော်က ပြာပြာသလဲ ပြန်ဖြေတော့….အရူး နင် အင်တာဗျူး ဖုန်း မျှော်နေတာ မဟုတ်လား ။ အရူးမ နင် တော်တော်အားနေလား ။

ထိုနောက် ခဲတံညိုလေးနှင့် ကျွန်တော် ရယ်သံများကို ပြိုင်တူ ရေးခြစ်မိလေသည် ။

(၃)

ကျွန်တော် အိမ်ဝန်းလေးထဲ ပြန်ဝင်လိုက်သောအခါ အိမ်က ထွက်လာတုန်းကလို ချာတိတ်ကလေး ပြန်ဖြစ်သွားသည် ။ မေမေနဲ့ ဖေဖေကလည်း ငယ်ရွယ်နုပျိုနေပြန်သည်။ ကျွန်တော်လက်ထဲက စာရွက်ကလေးကို ပြလိုက်သည် ။ အိုး… အရုပ်တွေ အရောင်တွေ စုံလို့ပါလား ။ မေမေက ကျွန်တော့်ဆံပင်တွေကို ပွတ်သပ်ရင်း ဖက်ထားသည် ။ ကျွန်တော့်ဆံပင်တွေက နေရောင်ပြင်းပြင်းတွေ ထိမထားသလို နူးညံ့ပျော့ပြောင်းပြီး ကျွန်တော့်လက်ဖဝါးတွေက ဖြူဆွတ်နေသည် ။ ကျွန်တော် စာရွက်ကလေးသည် အရုပ်ပေါင်းစုံ အရောင်ပေါင်းစုံတို့ဖြင့် လှချင်တိုင်း လှနေသည်။

လင်းဒီပ

၂၃.၁၁.၁၀

10 comments:

mirror said...

အဆုံးအပိုဒ်လေးက သနားစရာဗျာ.. ဒါမယ့် ကိုယ့်ကိုယ်ကို သနားတာပါ။ ကိုယ်ပဲ အိမ်ပြန်ရောက်သွားသလို..။မရောက်ရနိုင်သေးဘဲလေ။

Anonymous said...

ခရမ်းရောင်ခဲတံလေးက အပိန်ကျင့်တာ ဘယ်လိုနေ?

မောင်မျိုး said...

ကဗျာဆရာကလည်း အက်ဆေးရေးတာတောင် ကွင်းဆက်နဲ့ဖတ်ရ တွေးရ အောင်လုပ်တယ် ။ ခု ခဲတံမသုံးတော့ဘူး ခဲစံပွလို့တဲ့း)

မယ်ကိုး said...

မကြေးမုံလေး ပြောသလိုပဲး(

အင်္ဂါဟူး said...

ရောင်စုံ ခဲတံလေးတွေကို ပြတင်းပေါက်ကနေ တိတ်တိတ်လေး ကြည့်သွားတယ်

jr said...

ဒါဟိုတစ်ခါပြောဖူးတဲ့ ရေးမယ်ဆိုတဲ့ သူငယ်ချင်းတွေ အကြောင်းလား?
ရေးပုံအဆန်း ..း)

လင်းခေတ်ဒီနို said...

ဟုတ်တယ် ဘ၀ဆိုတာ အရောင်စုံပါတယ် . . . အိမ်ကထွတ်လာတုန်းက အဖြူရောင်ဆိုပေမဲ့ လောကကြီးထဲ ၀င်မိတဲ့အခါ အရောင်တွေပေါ်လာတော့တာပဲး)))) အရေးအသား ဆန်းတယ် ပုံစံလေးပြောင်းရေးထားတာ ဖတ်ကောင်းတယ်း)))

အကိုရေ Like သွားတယ်ပေါ့ဗျား)

နန်းညီ said...

သာမီး မိဘတွေကတော့ ရောင်စုံခဲတံတဗူးကြီးပေးလိုက်သား.. စက္ကူပဲ မပါတာ..
:P

စတာ

-နန်းညီ

ရွှေပြည်သူ said...

နောက်ဆုံးအပိုဒ်လေး ဖတ်ရတာ ကိုယ်ပါ ငယ်ဘဝကို ပြန်ရောက်သွားသလိုပါပဲ...

ရောင်စုံခဲတံလေးတွေနဲ့ သေသေသပ်သပ် သရုပ်ဖော်သွားပုံက လှလိုက်တာ...

(မှတ်ချက်။ ။ ဒီကောမန့်ကို အဖြူရောင်နဲ့ ရေးရင် ကောင်းမလားလို့ စဉ်းစားနေတား)

မမသီရိ said...

ဒီ စာရွက်ဖြူ သီအိုရီကို မမရဲ့ သင်တန်းတွေ မှာ တယ် မောင်လေး ရဲ့ ..

ခဲတံလေးတွေ အကြောင်းကတော့ လွမ်းမောစရာ...