Sunday, May 29, 2011

ဘဝရဲ့ကော်ဖီ

ရုံးသွားခါနီး ကမန်းကတန်းနှင့် တိုက်ချလိုက်သောကြောင့် တစ်ကိုယ်စာ သူ့အခန်းလေး၏ ကြမ်းခင်းပေါ် ကော်ဖီတွေ ဖိတ်ကုန်သည် ။ ကြမ်းခင်းပေါ် ကြုံသလိုချထားသည့် စာရွက်စာတမ်းတချို့ပါ စိုကုန်ပြီး ကြိုက်လှပါသည် ဆိုသော ကော်ဖီနံ့ကို စိတ်ညစ်ညူးစွာ ခံစားမိလိုက်သည်။ ချစ်လှပါပြီဆိုပြီး မြတ်နိုးစွာ နမ်းရှိုက်မိသော ဆံနွယ်စများ ဟင်းထဲတွင် ပါလာသောအခါ ညစ်ပတ်လိုက်တာဟု လူတွေ ပြောတတ်ကြပြန်သည် ။သူမနှင့် စိတ်ထဲ အဆင်မပြေသည့်အခိုက် “ချစ်”လို့ ခေါ်ရတာ မုသာဝါဒအမှုကို အသေအချာ ကျူးလွန်မိသလို ခံစားရသည် ။

လက်ထပ်ခြင်းက ကြိုးတစ်ချောင်းထင်သည် ။ ယောက်ျားစိတ်က မြင်းရိုင်းတစ်ကောင်လို လွင်ပြင်ရှိသလောက် ကဆုန်ပေါက်ပြေးချင်သည်။ သူဖတ်မိသော relationship နှင့်ပတ်သက်သည့် စာအုပ်များထဲတွင် အနီးဆုံးရှိသော သူတွေကြားထဲတွင်ပင် gap(နေရာလွတ်) တော့ ချန်ထားရမည်ဟု ဆိုသည်။ သူ့မျက်နှာ သူ့အတွေးတွေကို အတိအကျလိုက်ဖတ်ချင်လွန်းသော မိန်းကလေးကို တခါတလေကျ နားမလည်ချင် ။ လူနှစ်ယောက်က တစ်နေ့လုံး အတူတူရှိပြီးသောအခါ ညဖက်မှာ တယ်လီဖုန်းအကြာကြီးပြောဖို့ လိုပါသလား ။ မင်းကလွဲရင် တခြားအရာတွေ မမြင်တော့ဘူး မရှိတော့ဘူး ဆိုတာမျိုးကို သူက ကဗျာများထဲတွင်သာ ရေးလေ့ရှိပြီး ချစ်သူမလေးကတော့ ကဗျာတစ်လုံးတစ်ပါဒမှ မရေးပါဘဲ အပြင်မှာ လက်တွေ့လုပ်ဆောင်တတ်သူဖြစ်ပါသည် ။ချစ်သူမလေးသည် ယုန်ကလေးလား ကြောင်ကလေးလား သူအသေအချာမသိ ။ အခါမလပ် ပွတ်သပ်ထွေးပွေ့ထားစေလိုတာလား ။ ဘဝမှာ တခြားသောအရာတွေအတွက်လည်း အချိန်ပေးရဦးမှာ မဟုတ်လား ။

သွက်လက်နှုတ်စကား ဖြေစရာမရှိ…

လင်းတဲ့အတွေးများ အမှောင်နယ်အထိ…

ကိုယ့်ရဲ့သီချင်းလည်း ကိုယ် မဖြတ်ဘူး…

ကိုယ့်ရဲ့ချစ်သူလည်း ကိုယ် မဖြတ်ဘူး…

(စိုင်းခမ်းလိတ်)

အဆင်မပြေမှုတွေရှိလာတိုင်း ကောင်မလေးစကားလုံးတွေက မီးသတ်ကားတွေလို သူ့ရင်ဘတ်ထဲက လောကဓံမီးတောက်တွေကို ငြိမ်းသတ်ပေးလေ့ရှိသည် ။ ထိုအခါ ကျေးဇူးတင်မိပြန်သည် ။ ငါးပေတစ်လက်မသာရှိသော လူမသေးသေးလေးသည် သူ့အတွက် မိခင်နှင့်တူသော မိန်းမလည်း ဖြစ်သည် ။ အကြောင်းတစ်စုံတရာအတွက် ပန်းရောင်အရှက်မျက်နှာလေးကို တွေ့ရသောအခါ နှမနှင့်တူသော မိန်းမအဖြစ် တန်ဖိုးထားမြတ်နိုးစွာ ချစ်မိပြန်သည် ။ တစ်ယောက်တည်းပင် စိတ်နှင့်ကိုယ်အဆင်မပြေတတ်လွန်းသော သူသည် ထို ချစ်သူမလေးကို ငေါက်ငမ်းမိသည့် အခါများတွင် အားနာမိပြန်သည် ။ တခါတလေ သူမက ရေဗက္ကာဝင်း၏ မင်းနှိုးတော့ နိုးလား မင်းသွားတဲ့ဖက်သွားပါ မင်းကွေ့တဲ့ဖက်ကွေ့လိုက်ပါ မင်းစိတ်ကြိုက်ငါ့ဘဝ သော့တတ်ထားတဲ့ မင်းရဲ့ အနီရောင်ကားလေးတစ်စီးတော့ မဟုတ်ခဲ့ပြီ…. ဟု ဆိုညည်းတတ်ပြန်သေးသည် ။

ယောက်ျားနှင့်မိန်းမ အချစ်က ဘာလို့ မတူတာပါလိမ့် ။ ဆက်စဉ်းစားလျှင် Men are from Mars Women are from Venus ဆိုသည့် စာအုပ် နောက်တစ်ခါ ပြန်ဖတ်ဖို့ လိုလိမ့်မည် ။ အချစ်ကတော့ သူ့ဟာသူ ရှိနေပါလိမ့်မည် ။ ခွက်ထဲက ကော်ဖီတွေ မှောက်မကျဖို့သာ လိုပါသည် ။ ခေါင်းပေါ်က ဆံနွယ်ကလေးတွေ ဟင်းထဲ ပါမလာဖို့သာလိုပါသည် ။ တကယ်ကတော့ ချစ်သူမလေးကို သူတကယ်ချစ်သည့်အကြောင်း သူကိုယ်တိုင်လည်း အသိဆုံးဖြစ်ပါသည် ။

လင်းဒီပ

၂၉.၀၅.၁၁

20 comments:

သက်ဝေ said...

ဖတ်ပြီးတော့ ပြုံးမိတယ်...
ချစ်စရာ စာစုလေး...

Anonymous said...

so nice ako.thank u so much.

jr said...

ယုန်လေးလဲ မဟုတ်၊ ကြောင်မလေးလဲ မဟုတ်ဘူး။
ဖားကပ်လေးပဲဖြစ်ရမယ်။
သူက တချိန်လုံးကပ်ထားချင်တာကိုး။ :D

မယ့်ကိုး said...

အပေါ်က မန့်ထားတဲ့ မjr ပြောတာ သဘောကျလိုက်တာ :D ... ဒါ လက်ထပ်အပြီး တစ်နှစ်အကြာ ရေးတဲ့စာဖြစ်ရမယ် :P
စာလေးကတော့ အရမ်းလှတယ်

Anonymous said...

မဟုတ်ပါဘူး ကလေးဆယ်တန်းဖြေနေတုန်း ရေးထားတာပါ
ငါ့ကော်ဖီတော့သွားပါပြီ

မယ့်ကိုး said...

အော်...ကလေးဆယ်တန်းဖြေပြီးတော့ ခွဲနေကြတော့ပေါ့နော် “လူနှစ်ယောက်က တစ်နေ့လုံး အတူတူရှိပြီးသောအခါ ညဖက်မှာ တယ်လီဖုန်းအကြာကြီးပြောဖို့ လိုပါသလား ။”
ယောက်ျားတွေက အဲလိုချည်းပဲနော် :P

အပေါ်က မန့်တဲ့ Anonymous ကို စာရေးသူအထင်နဲ့ နောက်လိုက်ပါတယ်။ သူကလည်း ကျွန်မစာတွေကို နောက်နေကျ မို့လို့ပါး)

Anonymous said...

နောက်လို့ရပါတယ်
စာရေးသူတော့မဟုတ်ဘူး စာရေးသူက ငါ့အလှည့်ကျရင်ဆိုတဲ့ အတွေးနဲ့ မနေ့က စောစောအိပ်ရာဝင်သွားမယ်ထင်တယ်
ယောက်ျားတွေက တချို့အရာတွေကို သိပ်မလေးနက်ကြဘူး အထူးသဖြင့်ခံစားချက်တွေနေရာမှာ
မိန်းမတွေက သစ်ရွက်တွေပေါ်ကိုဖြတ်သွားတဲ့ လေပြေလေညှင်းကိုတောင် ချစ်ခြင်းရနံ့တွေ ထည့်သွင်းချင်လက်စရှိတတ်တယ်
ယောက်ျားတွေက အဲ့ဒီအရာတွေကို မခံစားပေးရုံနဲ့ မိမိရဲ့လက်တွဲဖော် အပေါ် ပေါ့ပျက်ပျက်နိုင်တယ်လို့တော့ မသတ်မှတ်သင့်ဘူးထင်တယ်
အဓိကဆိုတဲ့ အရာမှာ နားလည်မှုဆိုတဲ့ စာသုံးလုံးက အတော်သွားပါတယ်
နည်းနည်းရှည်သွားပြီ တော်မှ

မယ့်ကိုး said...

:)

kay said...

gap နဲ့ space ဘာကွာသလဲ ဆိုတာ.. ကောင်မလေး ကို မေးရမလား..ကောင်ကလေး ကို မေးရ မလား..း)

နေပါအုံး..ဒါနဲ့..
ကိုယ်က.. ဘလော့ဂ်ါ တွေကို ခင်ပေမဲ့.. လက်တံ ခပ်တိုတို ဆိုတော့.. ခုမှ..မယ်ကိုး မှတ်ချက်ကြည့်ပြီး..အော်.. ကျနော့် တံခါးပေါက်ကလေး ကလည်း.. ဇက် တို့..တီဇက်အေ တို့..ဖူးနုသစ် တို့ လို..ဘယ်တုန်းက.. ကော်ဖီခွက်ထဲ မှောက်ကျ သွားတာလည်း ဆိုတာ..မသိ လိုက်ရ ပါလား.. တနှစ်တောင် ရှိနေပြီ ဆိုပဲ..

း)

Anonymous said...

ဒါ ခွက်ထဲ ဘယ်နှစ်ခေါက်မြောက်ကျတာလဲ အရင်မေးရမှာ
မေးခွန်းတွေ ကျော်ကုန်ပြီ

လင်းဒီပ said...

အစ်မကေ... လာခဲတယ် လာခဲတယ်...။ :)

ဒီနေရာမှာ အစ်မပြောသလို space က ပိုမှန်မယ် ထင်ပါတယ် ။ နေရာလွတ်ကလေးတွေ ထားကျဖို့ ဆိုချင်တာပါ ။

မယ်ကိုးက နောက်သွားတာပါ အခုထိ ကော်ဖီခွက်မှောက်ခွင့်မရသေးပါဘူး အစ်မ ။ စိတ်ကူးနဲ့ ရေးထားတာပါ ။ အဲဒီအမည်မဖော်လိုသူ အနောနီးမတ်စ်ကတော့ တချိန်လုံး ကျွန်တော့်ကိုယ်စားကို ဖြေရှင်းပေးနေတော့တာ။:)

xxxxxxxxxx

ဒီပိုစ့်တိုတိုလေးကို ဖတ်သွား ကွန့်မန့်ချသွားသော မောင်နှမများအားလုံးနဲ့ ပြုံးစိစိနဲ့ ပြန်သွားကြသူများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေဗျာ...

Anonymous said...

မကေက လာခဲဆို တော်ရုံတန်ရုံမှ မဟုတ်ပဲ :p
အံမယ်အံမယ် လခမပေးပဲညာခိုင်းလို့ ရတယ်ဆိုတဲ့ မန်နေဂျာလေသံနဲ့ ပါလား ဟရို့ 

မောင်မျိုး said...

အစိုးမရလေသော စိတ်ပေါ့း)

အရင်က ဖုန်းဆက်နော် မောင့် ကိုလို ပလီပလာ ချွဲတတ်တဲ့သူလည်း ခုများကျတော့ ဘာလို့ ခဏခဏခေါ်နေတာလဲ လို့ ပြန်ပြောတတ်တဲ့သူလည်းဖြစ်သွားတတ်တာပဲ အချစ်ကတော့ဆန်းတယ် ။

ရွှေပြည်သူ (ShwePyiThu) said...

အောက်ဆုံးစာပိုဒ် မဖတ်မိခင်ကတည်းက “Men are from Mars" လို့ စိတ်ထဲမှာ ရွတ်မိပြီးပြီး)

“အနီးဆုံးရှိသော သူတွေကြားထဲတွင်ပင် gap(နေရာလွတ်) တော့ ချန်ထားရမည်” ဆိုတာကိုတော့ ၁၀၀% ထောက်ခံမိတယ်...

ကိုအောင်(ပျူနိုင်ငံ) said...

ဖတ်လို့ကိုး မ၀နိုင်ဘူး၊ တကယ့်ကို ကောင်းတယ်ဗျာ ...

Moe Cho Thinn said...

space တွေများပြီး ဝေးသွားမှာ စိုးလို့ပါ..:))

မေသိမ့်သိမ့်ကျော် said...

ကောင်မလေးကချစ်တာကိုး အမြဲတမ်းအသံကြားချင်နေမှာပေါ့။ ကိုယ်တိုင်ကလည်း ကောင်မလေးကို ၅၂၈ နဲ့ချစ်လိုက် ၁၅၀၀ နဲ့ချစ်လိုက်ပဲမို့လား။ စိတ်ထဲမှာ အမြဲအပြောင်းအလဲတွေနဲ့ ချစ်နေတာဘယ်တော့မှ ရိုးတော့မည်မထင်....

ခင်မင်လေးစားလျက်

လင်းဒီပ said...

ညီလေး မောင်မျိုး
ညီမ ရွှေပြည်သူ
အစ်ကို အောင်
အစ်မ မိုးချိုသင်း
မမေသိမ့်သိမ့်ကျော် စာလာဖတ်တာ ကျေးဇူးတင်ပါတယ်ဗျာ :))

Mogok Thar said...

Time and Space

ပြည်ကောင်းအောင် said...

“ငါးပေတစ်လက်မသာရှိသော လူမသေးသေးလေးသည် သူ့အတွက် မိခင်နှင့်တူသော မိန်းမလည်း ဖြစ်သည် ။ အကြောင်းတစ်စုံတရာအတွက် ပန်းရောင် အရှက် မျက်နှာလေးကို တွေ့ရသောအခါ နှမနှင့်တူသော မိန်းမအဖြစ် တန်ဖိုးထားမြတ်နိုးစွာ ချစ်မိပြန်သည်” အသက်နည်းနည်း ကြီးလာရင် “သမီးနှင့်တူသော မိန်းမ” ဆိုတာကိုလည်း တွေ့လာရဦးမယ်ဗျ..း))