Friday, November 11, 2011

တကိုယ်ရည်ရန်ပွဲ

လက်သီးထိုးမကောင်းတဲ့ကောင်
သဘောမကောင်းသင့်ဘူး ။

ငါတို့ တစ်ခန်းရပ်လိုက်ကြပါတယ်
ငါတို့ အဆင်ပြေမယ်ထင်ပြီး ပေါင်းစပ်ကြည့်ပြီးနောက်
ငါတို့ ဘဝတွေကို ကော့တေးစပ်သလို စပ်ကြည့်ပြီးနောက်

ရိုးသားမှုရှိရင် ကိစ္စတိုင်းဟာ ခေါင်းဝင်ကိုယ်ဆန့် ဖြစ်တယ်လို့
(အဲသလို) ငါက ရိုးအ ။

ငါက
လက်ပေါ်တက်လာတဲ့ ပုရွက်ဆိတ်ကလေးကအစ
တလေးတစားဆက်ဆံတတ်လွန်း
တစ်ဖက်သားရဲ့ အခွင့်အရေးကိုချည့်ကြည့်လွန်းတော့
ဘက်မှန်ကိုပဲကြည့်ပြီး ကားမောင်းသူလို့ ဖြစ်နေလား ။

မျက်ရည်ကို ဇာတ်လမ်းအလျောက် လိုအပ်သလောက်ပဲ
လိုအပ်တာထက်ပို ငိုမပြတတ်တတ်တဲ့ ဇာတ်ကောင်ပါ
ဇာတ်ခုံကြီးပေါ် မင်းတို့က အိုဗာအက်တင်တွေ လုပ်ပြလိုက်သမျှ
ငါ့မှာ အယောင်ယောင်အမှားမှားနဲ့
စိတ်ကူးရုပ်ရှင်တွေများလွန်းတဲ့ ခေတ်ကြီးထဲ ။

ငါက
စကားပြောမကောင်းခဲ့သူ
ပလီစိခြောက်ချက်စကားလုံးတွေကို ပက်ကျိကို ရွံသလိုမျိုး ရွံတတ်သူ
တကယ်ဆို စကားလုံးတွေမှာ ဆေးသကြားများနေခဲ့တာလည်း
အချဉ်တွေပါကွာဆိုတဲ့ စော်ကားနည်းတစ်မျိုးပေါ့ ။

မာနက ကိလေသာတစ်မျိုးမှန်း ငါသိတယ်
ငါ့မွေးရာပါရိုးသားခက်ထန်မှုအတွက်တော့
ငါက မာနနည်းနည်းကြီးတယ်
ငါက အထူအပါးနားမလည်ဘူးပဲ ဆိုပါစို့ ။

လင်းဒီပ
၁၁.၁၁.၁၁

(ဒီကဗျာလေးကတော့ ရှတတလေးပါ ။ ခရီးကလေး သွားစရာရှိတာမို့ သုံးပတ်လောက် ပျောက်နေပါဦးမယ် ။ ပြန်လာတဲ့အခါ တဂ်ထားသူများကိုလည်း တဂ်ကြွေးဆပ်ပါမယ် ။ အီးဘွတ်ခ် လုပ်မယ့်သူများကိုလည်း အချိန်မှီ စာမူပေးနိုင်အောင်လုပ်ပါမယ် ။ ကဗျာချိုချိုလေးတွေ မရေးဖြစ်တာ ကြာပြီဖြစ်နေလို့ ပြန်လာရင်တော့ ရေးပါဦးမယ် ။ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ … လင်းဒီပ မေတ္တာဝေသည် ပြည်သူတွေ ကျန်းမာကြပါစေ :P)

7 comments:

jr said...

နောက်ဆုံးပိုဒ်လေး ကြိုက်တယ် ကိုလင်းဒီပ။

ပျော်ရွှင်ဖွယ်အတိပြီးတဲ့ ခရီးဖြစ်ပါစေ။း)

ShwunMi- said...

ကဗျာရှတတလေး =)

စံပယ်ချို said...

စ-လယ်-ဆုံး ၃ပါးစလုံးကြိုက်ပါတယ်
(မျက်ရည်ကို ဇာတ်လမ်းအလျောက် လိုအပ်သလောက်ပဲ
လိုအပ်တာထက်ပို ငိုမပြတတ်တတ်တဲ့ ဇာတ်ကောင်ပါ)

ကျွန်မလဲအဲဒီလိုပဲ မိန်းကလေးဆိုပေမဲ့ အချိန်တိုင်းလိုလိုမငိုတတ်ဘူး
အဲဒါကြောင့်ပိုပြီးကြိုက်တယ်။
ခင်မင်တဲ့ jasmine

မမသီရိ said...

ရိုး.. ရိုး.. အ.. အ...
ရိုးသားမှုရှိရင်.. ကိစ္စတိုင်း ခေါင်းဝင် ကိုယ်ဆန့်တယ်..
ဘယ်တော့မှ မလျှော့ဘူး..

Anonymous said...

ရိုးသားမှုရှိရင် ကိစ္စတိုင်းဟာ ခေါင်းဝင်ကိုယ်ဆန့် ဖြစ်တယ်လို့
(အဲသလို) ငါက ရိုးအ ။

ဒါလေးမိုက်တယ် .. ကိုလင်းဒီပကြီး သွားလမ်းလာလမ်းဖြောင့်ဖြူးစေကြောင်း

LB

jasmine(တောင်ကြီး) said...

ကဗျာလေးတွေကောင်းလိုက်တာဟယ်

ဒေါ်အမည်မဲ့ said...

ငါက
စကားပြောမကောင်းခဲ့သူ
ပလီစိခြောက်ချက်စကားလုံးတွေကို ပက်ကျိကို ရွံသလိုမျိုး ရွံတတ်သူ.... = me :(