
အစ်မဝါ က Tag ပါတယ် ။ အကြိုက်ဆုံး ကဗျာလေးတစ်ပုဒ်ကို ရေးပေးပါတဲ့။ ကျွန်တော်ကြိုက်တဲ့ ကဗျာလေးတွေကလည်း အတော်များပါတယ်။ ငယ်ငယ်တည်းက ကဗျာတွေကို စကားပြေထက် ပိုဖတ်ဖြစ်တော့ ..
နွေဦးကာလ မြူထသောအခါ
ရင်းထောင်ရင်းဆွဲဆောင်မြဲအိုးလွယ်ကာ
ဓားနှီးထက်စွာ ခါးမှာချပ်လျှက်…ဆိုတဲ့ ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားကဗျာလေးတွေ..
ခေါ်မထားပေမယ့်
သွားသူက ကျွန်တော်ပါ
မျှော်မော်ကာ ရွှေရင်ထိပ်ပါလို့
ချစ်သူအဆောင် နံ့သာတောကို တိတ်တိတ်လေးလာ…ဆိုတဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ အရေးလေးတွေ..
ချစ်သူတစ်ယောက်ထားရတာ
စွန့်စားခန်းတစ်ခုပါပဲတဲ့။
ခဏခဏ စွန့်စားနေသူလေးရယ်
စွန့်စားခြင်းကိုမှ ဝါသနာထုံလေရော့သလားကွယ်..ဆိုတဲ့ မင်းလူရဲ့ကဗျာလေးတွေနဲ့ ကြီးပြင်းလာခဲ့.. ဘဝကိုခုန်မင် သက်ဝင်လာခဲ့တာပါ။ဘဝကို အရာအရာ သီချင်းလေးတွေ ကဗျာလေးတွေက ပေးတဲ့ အတွေးလေးတွေနဲ့ပဲယှဉ်ပြီး ဖြတ်သန်းလာခဲ့တာပါ။အဲဒါကြောင့် တခါတလေ ကျွန်တော့်အမြင်လေးတွေ အတွေးလေးတွေက သူငယ်ချင်းတွေကြားမှာ တစ်မျိုးဖြစ်နေတတ်တာ ဆုံးဖြတ်ပုံခြင်း မတူတာလေးတွေ တွေ့ရတတ်ပေမယ့် ကျွန်တော့်မြတ်နိုးမှုကို ဘယ်တော့မှ ကျွန်တော် အပြစ်မတင်ဖြစ်ဘူး။ ကျေနပ်တယ်။
အခုလည်း ကျွန်တော်ကြိုက်လို့ သိမ်းထားတဲ့ ကဗျာလေးကိုပဲ ဒီပိုစ့်အတွက် သုံးပါရစေ။ အရမ်းကို မြန်မာရနံ့ပါတဲ့ ကဗျာလေးပါ။ကျွန်တော်ကြိုက်လို့
ဒေါက်တာလွဏ်းဆွေ ဘလော့ဂ် ကနေ ကူးထားတာပါ။ ကဗျာလေးနာမည်က
သနပ်ခါး တဲ့။ ရေးတဲ့သူက
ကမာပုလဲ ပါ။ဖတ်ကြည့်ပေးပါဗျာ။
သဘာဝရဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာ
အညာကျေးလက် တပ်မက်ဖွယ်ရာ။
နွေထဲ
သဲမုန်တိုင်းတွေနဲ့ ရိုင်းစိုင်းလှတဲ့ လေထဲ
ပက်ကြားအက် ကုန်းမြေမာခေါင်ခေါင်ထဲ
ချွန်မြ ဆူးတွေထုတ်လို့ အာခံ
ဘ၀ကို ဒီလိုရှင်သန်တယ်။
အရွယ်ရောက်တော့
အလိုကျ ဖြတ်တောက်ခံကာ
ကြမ်းတမ်းခက်မာ ကျောက်သားပြင်
ဘ၀ကို မှတ်ကျောက်တင် အသွေးခံလို့ …
အိုမင်းတွန့်ရွ
အမေ့အသားအရေပေါ်မှာဖြစ်ဖြစ်
ပန်းနုရောင်ပြေး
ချစ်သူ့ပါးပြင်ကလေးပေါ်မှာဖြစ်စေ
သူဟာ ပန်းတွေနဲ့အပြိုင် မွှေးတယ် ။
(ကမာပုလဲ)
အဆင်ပြေမယ်လို့ထင်ပါတယ်။ အရမ်းကို မြန်မာရနံ့သင်းတဲ့ ကဗျာလေးပါ။ ကျွန်တော် အကြိုက်ဆုံးကဗျာလေးတစ်ပုဒ်လို့ပြောပါရစေ။
တဆက်တည်းပဲ ကျွန်တော် ကိုးတန်းကျောင်းသားဘဝက ရေးဖူးတဲ့ကဗျာလေးကို အမှတ်တရ တင်ချင်ပါသေးတယ်။ လေးလုံးစပ် ကဗျာလေးပါ။၁၉၉၅ လောက်ကရေးခဲ့တာပါ။
စံပယ်များ
ရနံ့ကမွှေး ဆွတ်ဖြူဖွေးလျက်
စိမ်းစိုရွက်ကြား အိနြေ္ဒထားကာ
လှအားပိုလျှင်..
မြင်ငေးသူ့ရင် ချမ်းမြေ့ရွှင်၏
လေရူးလေပွေ အဆိပ်ပေလက်
ဝတ်ရည်စုပ်ပျား အဖျက်များမှ
အသိရှိရှိ ရှောင်ကျဉ်မိလျှင်
မြင်ငေးသူ့ရင် ချမ်းမြေ့ရွှင်၏
အထက်ဖြူလွှ စိမ်းရောင်ခလျှက်
သရေရှိစွာ ဆင်ပြင်လာသည့်
ပညာသင်ကြား လုံမများလေ
စံပယ်တွေနှင့် အတူတူ..
ကဗျာဆိုတာ တီးလုံးမထည့်ထားတဲ့ သီချင်းလေးတွေလို့ပဲ ကျွန်တော်တော့ ထင်ပါတယ်။ ကျွန်တော်အတွက်တော့ ကဗျာဆိုတာ ငယ်ချစ်ပါပဲ။(ဒီ အကြိုက်ဆုံး ကဗျာလေးတစ်ပုဒ် ဆိုတဲ့ Tag ကို
ကိုရွာသားလေး(ဝိုင်တီယူ) ..
ကိုမိုးမြင့်တိမ် ..
ကိုအိပ်မက်ရှင် နဲ့
ညီမလေးခေါင်ခေါင် ..တို့ကို Tag ပါတယ်)ကျွန်တော်ကိုခင်ရင် ရေးပေးကြပါဦးဗျာ။
ခင်မင်စွာ
လင်းဒီပ
၅.၁၂.၀၈
Photo Source:picture by zakharchenko
media.photobucket.com