Monday, February 2, 2009

ညခရီးသည်

ကျွန်တော်သည် ခရီး ထွက်ခဲသည်။ ဒါပေမယ့် အလုပ်က နယ်မှာရတော့ ရန်ကုန်နဲ့ နယ်ကို အလုပ်ကိစ္စနဲ့ကော ကိုယ်ရေး ကိုယ်တာပါ အမြဲလိုလို သွားနေရတော့သည်။ အချိန်ကို ချွေတာ သုံးနေရတော့ နေ့ဘက်သွားသည့်ကား ဘယ်တော့မှ မစီးဖြစ်။ ညကားသာ စီးဖြစ်သည်။ ညကားကြီးပေါ်တွင် video ကြည့်လိုက် အိပ်လိုက်နှင့်လိုက်လာ အိပ်ကောင်းတုန်း ကားက ထမင်းဆိုင်ထဲ တိုးဝင် လက်ဖက်ရည်သောက် ကျန်းမာရေးဆို ကားဆရာက နှိုးတော့ဆင်း နှင့် ။ အိပ်ချင်မူးတူးနှင့် ထ။ ဆိုင်နောက်ဘက် သန့်စင်ခန်းကို ငိုက်စိုက်ငိုက်စိုက် ဝင်သွား။ ပြန်ထွက်လာတဲ့ လူုတွေနှင့် တိုက်မိ။ တခါတလေ သန့်စင်ခန်းဘက် မသွားပဲ ဆိုင်က ချက်ပြုတ် ကြော်လှော်နေတဲ့ဘက် ဝင်သွား။ ဆိုင်ကလူတွေ လှမ်းအော်မှ ရှက်ရှက်နှင့် ပြန်ထွက်လာရသည်။ ဒါတင်လား ဆိုတော့မဟုတ်သေး။ သန့်စင်ခန်းက ထွက်လာပြီး ဘာမှ မမှာပဲ စားပွဲတစ်လုံးတွင် ထိုင်ငိုက်နေတတ်သေးသည်လေ။

တခါလည်းဖြစ်ဖူးသည်။ထမင်းစားနားတော့ ကားတွေတန်းစီရပ်ထားသည်။ကျွန်တော်က လမ်းက ဖြတ်ပြီးတားစီးတော့ အလည်ခုံက လိုက်လာခဲ့တာ။ကားထွက်တော့မယ်ဆိုပြီး ကားပေါ် ပြန်တက်တော့ စိန်ကမ္ဘာကားလည်းအမှန်။သို့သော် မဟုတ်။စိန်ကမ္ဘာက နှစ်စီးထပ် ရပ်ထားတာ။ ကျွန်တော့်ကားက နောက်မှာ။ ပြန်ဆင်းလာရသည်။တော်သေးတယ် ကိုယ့်ကားက မထွက်သေးလို့။

လပြည်ညတွေဆိုရင် ဟိုင်းဝေးခရီးသွားရတာ အလွန်ကြည်နူးစရာ ကောင်းသည်။ကတ္တရာလမ်းမပေါ်နှင့် လမ်းဘေးဝဲယာတွင် လရောင်တွေက ဖြာလင်း နေတတ်သည်။ လရောင်အောက်က လယ်ကွင်းတွေ လမ်းဘေးတဖက်တချက်က သစ်ပင်တွေမှာ။ လရောင်နမ်းတဲ့လမ်းကလေး ပေါ်မှာပေါ့။

ခရီးသွားရတာလည်း စုံသည်။ ကိုယ်က တစ်ယောက်တည်း သွားတာဆိုတော့ ဘေးခုံကလူကလည်း အရေးကြီးသည်။ မဟုတ်ရင် တစ်ညလုံး စိတ်ညစ်နေရတတ်တာ။ တခါ အရေးတကြီး ရန်ကုန် ပြန်ဆင်းတော့ ကြုံတဲ့ကား တားစီးသည်။ ကပရ ကားအိုကြီး။ ကားခကို နှစ်ထောင်ပဲတောင်းသည်။ ပုံမှန် Express ကားတွေက လေးထောင်ဖြင့်စီးနေကျ။ ထိုင်ခုံရှိရဲ့လားဆိုတော့ လုပ်ပေးပါမည် တဲ့။ ကားပေါ်မှာ ကုန်တွေက အပြည့်။ ကျွန်တော့်ကို နေရာချပေးသည့် ဘေးမှာ ရှစ်နှစ်ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက်။ ခုံအောက်မှာ အိတ်တွေ ဘာအိတ်တွေ မှန်းတော့မသိ။ ခြေထောက်က ချလို့မရ။ ကောင်လေးက တစ်လမ်းလုံး အမျိုးမျိုး အိပ်သည်။ ကျွန်တော့် ပေါင်ပေါ် ခေါင်းအုံးလိုက် အိတ်တွေထိ ဆင်းအိတ်လိုက် ကျွန်တော့်ကို ပြန်တွန်း ထိုးလိုက်နှင့်ပေါ့။ ကားကလည်း မှောင်နေတော့ ဘာမှ မမြင်ရပေ။ ရန်ကုန် အဝေးပြေးဂိတ်ထဲ ရောက်လို့ စတိုးဆိုင်မှာ တစ်ရူးဝင်ဝယ်တော့ ရောင်းတဲ့ ကောင်မလေးက ပြုံးစိစိ။ နောက် သန့်စင်ခန်းက မှန်နှင့် ကြည့်တော့မှ ကျွန်တော့်မျက်နှာမှာ မီးသွေးတွေ မဲလို့။ အင်္ကျီအဖြူ ကလည်း မဲသဲနေပြီ။

တခါ ဒီဇင်ဘာဆောင်းရက်ကြီး ရန်ကုန်ကနေ ပြန်တော့ ကားက သန်းခေါင်ကျော်လေ မြေလတ်ပိုင်းဝင်လေ ပိုချမ်းလေ..လေတွေက ဘယ်လို အပေါက်တွေက ဝင်လာမှန်းမသိ။ အနွေးထည်တို့ ခြုံစောင်တို့လည်း ထူထူထဲထဲ မပါလာ။ ဘေးမှာက အမျိုးသမီးတစ်ယောက် ။ အစပိုင်းတော့ ခပ်ခွာခွာ။ နောက်ပိုင်း တကယ်ချမ်းလာတော့ ဘယ်သူမှ ဟန်နှင့် မနေနိုင်တော့ ။ သူကော ကျွန်တော်ကော တစ်ယောက်ကို တစ်ယောက် ကပ်ထားလိုက်ရသည်။

အင်း လူ့ဘဝဆိုတာလည်း ခရီးရှည်ကြီး တစ်ခုပဲဖြစ်သည်။ အိပ်လို့ကောင်းလိုက်တာ ဆိုပြီး အမြဲ အိပ်နေလို့လည်းမရ။ ကိုယ့်ခရီးဖော်များနှင့် အတူတူ အိပ်သည့်အခါအိပ် နိုးသည့်အခါနိုးနှင့် ဟာမိုနီဖြစ်အောင် နေတတ်ရပေမည်။ မှောင်သောညများ ကိုသော်လည်းကောင်း လရောင်ဆမ်းသော လမ်းကလေးများကိုလည်းကောင်း အိုးမဲသုတ်တတ်သောခရီးဖော်များနှင့် လည်းကောင်း အနွေးဓာတ် ပေးတတ်သော ခရီးဖော်များနှင့်လည်းကောင်း ကျွန်တော်တို့သွားရပေလိမ့်မည်။ အကြောင်းမှာ ကျွန်တော်တို့မှာ လူ့ဘဝကို ခရီးသွားရန် ရောက်လာသောကြောင့် ဖြစ်ပေသည်။
လင်းဒီပ
၂.၂.၀၉

10 comments:

ဖားကြီး said...

ကျွန်တော်လည်း မြန်မာပြည်မှာ ညဘက်ခရီးထွက်ရတဲ့
အရသာကို ကြိုက်တယ်အစ်ကိုရေ.. အိပ်ချင်မူးတူး နဲ့
ကားပေါ်ကဆင်းပြီး သန်းခေါင်ကျော်မှာ ကော်ဖီသောက်ရတာ
မိုက်တယ်..

အရုပ်ကလေး said...

ပို့စ်ကောင်းလေး တစ်ပုဒ်ပါ ..
အိပ်လို့ကောင်းလိုက်တာ ဆိုပြီး အမြဲ အိပ်နေလို့လည်းမရ ..
ဆိုတာလေး ကောင်းတယ်ဗျာ ..။
သီချင်းစာသားလို့ လာပေးဆပ်တဲ့ ဧည့်သည်ပေါ့ဗျာ ..ဘ၀ဆိုတာ ..။

အိုင်လွယ်ပန် said...

ကျွန်တော်တို့ဟာခရီးသွားရန် လူ့ဘဝကို
ရောက်လာကြသူတွေဖြစ်တယ် ....
အင်း...ဟုတ်ပါတယ်လေ ....

khin oo may said...

ဖတ်သွားသည်. မှတ်ချက်မလို
ကောင်ပြီးသား

Welcome said...

ခရီးသွားပို့စ်လေး နှစ်သက်စွာနဲ့ စိတ်ဝင်တစား ဖတ်သွားပါတယ်။

မမသီရိ said...

ကို လင်းဒီပ....တကယ်ချမ်းလို့ လား....း)
အနား ကပ် သွား မိတာ.....း)..
တကယ်ချမ်း တာ..သေချာပါ တယ်...နော်...း)
.......
ပို့စ်ကောင်းလေးပါ ပဲ...
တရားသံတွေ လဲ ပါလိုက်သေးတာ...

မောင်မျိုး said...

ကျနော်ကတော့ ညခရီးကော နေ့ခရီကောပဲ ပြန်ရင် ဘုရားစာတွေရွတ်နေရတာနဲ့ လောကအလှတောင်မသိတော့ဘူးးး)

ဝါ၀ါခိုင်မင်း said...

ပို့စ်ကောင်းလေးတစ်ခုပါမောင်လေးရေ။
နောက်ဆုံးအပိုဒ် စာသားလေးတွေက ဂွတ်တယ်။
ဟုတ်ပါတယ်နော်..လူဘ၀ဆိုတာ ဒီလိုပါပဲလေ။း)

Moe Myint Tane said...

ဒီလိုပါဘဲလေ...ခရီးသည်တွေပေါ့...ဒီခရီးတွေ ဘယ်တော့များမှ အဆုံးသတ်မလဲ....


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကောင်းကင်ကို said...

အင်း။ခရီးသွားရတာက တစ်ညတည်းပေမယ့် တစ်ခါ တစ်ခါ ရသစုံတယ်နော်။
တစ်ခါတစ်ခါ ကိုယ့်ဘေးမှာ မိန်းကလေးတွေကျရင် အိပ်ငိုက်မိမှာစိုးလို့ မအိပ်ချင်အောင်တင်းထားရတာ တစ်ဒုက္ခ။ သူတို့ အိပ်ငိုက်ရင်ကျတော့ မလှုပ်ရဲဘူး။ နိုးသွားမှာစိုးလို့ ကိုယ်ကို တောင့်ထားရတယ်။ ဟီးဟီး :D မှန်လုံယာဉ်တွေနဲ့ ဆိုရင်တော့ အဲဒါတွေ မဖြစ်အောင် မှီထိုင်ရတဲ့ခုံကို level မညီအောင် ညှိထားလိုက်တော့တယ်။ :D