Thursday, February 12, 2009

ဝိုင်ခိုဿမ် အလွမ်း

ဝိုင်ခိုဿမ်တောင်ထိပ်မှာတည်လို့
ငါတို့ရွာအမည် ဝိုင်ခိုဿမ်
ဆံပင်နီနီနဲ့ ကျင်ဇာဝေးဟာ
ဝိုင်ခိုဿမ်ရွာသူမ ငါ့ချစ်သူပေါ့။

သူ့တောင်ယာ ငါကူလို့
ငါ့စပါး သူကူသယ်ပေးဖူးတယ်
သူရှက်အောင် ငါစလို့
ငါ့ခေါင်း သူခေါက်ခဲ့ဖူးသလို
ငါချိန်းရာ သူမလာလို့
ငါစိတ်ကောက်တာ သူချော့ခဲ့ဖူးတယ်။

သူ့ခါး ငါဖက်
ငါ့လက်ကို သူဆုတ်ကိုင်
ငါယိုင်ရင် သူယိမ်း
သူယိမ်းရင် ငါတိမ်းတဲ့
ကောက်ရိတ်သိမ်းအက
ခွာဒိုညတွေမှာ
ငါတို့ပျော်ခဲ့ကြဖူးတယ်။

တူမီးတစ်လက်နဲ့
သူ့ အတွက် အမဲပစ်ခဲ့ဖူးသလို
သူတည်တဲ့ခေါင် ငါယစ်မူး
သူ့ပါး ငါနမ်းခဲ့ဖူးသပေါ့။

ကျင်ဇာဝေးရေ
တောင်ယာဆင်း ရေခပ် ထင်းခွေ
အရင်အလုပ်တွေ လုပ်တုန်းပဲပေါ့နော်
မင်းရဲ့မောင် ကျင်ဒိုးပေါင်လည်း
တူမီးတစ်လက်နဲ့ အမဲပစ်
ကြက် ရစ်တို့ထောင် ခေါင်လဲ မူးတတ်ရော့မယ်။

ဝေး…ရေ..
ငါ့နေရာက ကြည့်ရင်
မြူနှင်းလို မှုန်ဝါးဝါးမြင်ရတဲ့
ဝိုင်ခိုဿမ်တောင်ဖျားမှာ
ငါတော့
ခင်ဝမ်းရဲ့ ဆယ်လမွန်ငါးကို
မီးကင်စားနေချင်တော့တယ်။

တွာလ်ခဲင်းမာန်
မြားနတ်မောင် January 1995

ဒီနေ့က ပြည်ထောင်စုနေ့ …လာမယ့် ဆယ့်လေးရက်နေ့က ချစ်သူများနေ့..ဆိုတော့ ချင်းလူမျိုးကဗျာဆရာ တစ်ယောက် ရေးထားတဲ့ အချစ်ကဗျာလေးကို အထိမ်းအမှတ် နှစ်ခုစာ တင်လိုက်ပါတယ်။ကျွန်တော်ရဲ့ သိမ်းထားခဲ့ဖူးတဲ့ ကဗျာလေးတွေထဲက တစ်ပုဒ်ပါ။ ချစ်စရာကောင်းတဲ့ အိမ်လွမ်းကဗျာလေး ဆိုတာတော့ အထူးပြောဖို့ မလိုဘူးထင်ပါတယ်။
ခင်မင်စွာ
လင်းဒီပ
၁၂.၂.၀၉

13 comments:

Moe Myint Tane said...

ကဗျာလေးတော့ ကြိုက်သွားပြီ ကိုဒီပရေ။
ဖတ်ရင်း သရုပ်တွေမြင်လာတယ်။
အရေးအသားလေး ကလှတယ်။
မျှဝေပေးတာ ကျေးဇူးပါ ကိုဒီပရေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ကိုအောင်(ပျူနိုင်ငံ) said...

မျှဝေပေးတဲ့ ကဗျာလေးအတွက် ကျေးဇူးပါ ညီလေးရေ။

အိုင်လွယ်ပန် said...

ကဗျာလေးကချစ်စရာလေးဗျ

ညိမ်းညို said...

အကိုရေ
ဒီကဗျာလေးဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်လိုက်တာဗျာ

မေ့သမီး said...

ကဗျာဖတ်ရင်း မျက်စိထဲမှာတောင်တန်းတွေ၊ ရွာသူမလေး၊ ကောက်ရိတ်သိမ်းအကတွေ အစီအရီပေါ်လာတယ်။ ကိုလင်းကိုကျေးဇူး။

အောင်သာငယ် said...

ဇိုမီး ကဗျာလေးပေါ့လေ ရှားရှားပါးပါး ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ ညီရေ့....
ကဗျာကလည်း ကောင်းလိုက်ချက်...

MANORHARY said...

တွာလ်ခဲမ်းမာန် ဟာ တကယ့်ကို ကဗျာအရေးကောင်း
စာရေးကောင်းတဲ့သူပါ။ ပြီးတော့ သူ့စာတွေက ချစ်စရာ
လည်းကောင်းတယ်။

ဆောင်းယွန်းလ said...

ဝေး…ရေ..
ငါ့နေရာက ကြည့်ရင်
မြူနှင်းလို မှုန်ဝါးဝါးမြင်ရတဲ့
ဝိုင်ခိုဿမ်တောင်ဖျားမှာ
ငါတော့
ခင်ဝမ်းရဲ့ ဆယ်လမွန်ငါးကို
မီးကင်စားနေချင်တော့တယ်။
ကောင်းလိုက်တဲ့ကဗျာလေး ကွက်ကွက်ကွင်းကွင်း မြင်
အောင်ရေးပြထားနိုင်တဲ့ ကဗျာကောင်းလေးတစ်ပုဒ်ပါပဲ
နောက်ဆုံးအပိုဒ်လေးကို အကြိုက်ဆုံးပဲ..
မျှဝေမှုအတွက် ကျေးဇူးအရမ်းတင်ပါတယ် ညီရေ့

Welcome said...

ကဗျာလေးဖတ်ပြီး
ရွာသူကို အရမ်းလွန်းသွားတယ် ဝေ့ .. ..
ရွာသူရော နေကောင်းပါလေစ ..

လွတ်ငြိမ်းလေပြေ said...

ကိုဒီပ
၁၄ ရက်နေ့ အတွက် ပင်ကိုယ်ရေး ကဗျာလေးများ မရေးချင်ဘူးလား
း)

maymoe said...

:)

သွယ်လင်းဆက် said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ။

jr said...

ူထူးထူးဆန်းဆန်းနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကဗျာလေး။