Sunday, August 30, 2009

နှင်းဆီဝင်္ကပါ


ကျွန်တော် လျှောက်လာတဲ့ လမ်းကပဲ နှင်းဆီတွေ ပေါ်နေတာလား နှင်းဆီတွေ ပေါ်တဲ့လမ်းကိုပဲ ကျွန်တော် ရွေးလျှောက်ခဲ့မိပါသလား မတွေးမိပါ ။ သေချာတာကတော့ မြေလမ်းလေး ဘေး တစ်ဖက်တစ်ချက်ဆီတွင် နှင်းဆီရောင်စုံတွေကို အစီအရီနှင့် သေချာစိုက်ထားတာ ကြုံရသည်။ နှင်းဆီနှင့် ပတ်သက်သော စာတွေ ကဗျာတွေကလည်း စုံလွန်းသည် ။ ဦးသန်းဖေလေးရဲ့ ပန်းကလေးလို လှနေတာပဲ ကြည့်နေချင်သည်က စလို့…လေးဖြူရဲ့ ရိုစီ ငါ့ကို ကြင်နာနေတာ မဖြစ်နိုင်ဘူး ထိပေါ့ …။ကဗျာတွေဆိုလည်း ခေတ်အဆက်ဆက် နှင်းဆီဖွဲ့တွေ…။ ကျွန်တော် လျှောက်ရင်း လျှောက်ရင်း သီချင်းလေးတွေ အမျိုးမျိုး ပြောင်းပြီး နှင်းဆီပန်းလေးတွေကို စောင်းမြောင်း ဆိုနေမိသည် ။ နှင်းဆီတွေကလည်း မသိသလို သိသလို ကပို ရှက်သလိုနှင့် ပွင့်ဖတ်ကလေးတွေက တဆင့် နားစွင့် နေကြပါသည် ။ နှင်းဆီခင်းကြီးက ငေးလိုက်ရင် မဆုံး..။ နှင်းဆီခင်းရှင်ကို မတွေ့ရ။

ကျွန်တော် ဆက်လျှောက်လာခဲ့ပါသည် ။ နံနက်ခင်း နှင်းဆီရနံ့တွေက လေပြေမှာ သင်းသင်းကလေး ။ ကျွန်တော် ပန်းတွေ သစ်ပင်တွေကို တကယ် တန်ဖိုးထားတတ် ပါသလား။ မသိပါ ။ အခုချိန်ထိ သစ်ပင်တစ်ပင်ကို ဘယ်လို စိုက်ပျိုးမလဲ မသိပါ ။ ဘာပဲဖြစ်ဖြစ် ပန်းတွေတွေ့တော့ ပျော်စရာ ။ ခေတ်အဆက်ဆက် တော်ဝင် မင်းသမီးလေးတွေ နှင်းဆီရောင်စုံတွေ…။ ဘယ်သူမဆို ဒီလို နှင်းဆီတွေ တွေ့တဲ့အခါ ခူးဆွတ်ချင်မှာပါပဲ ။ ကျွန်တော် ကိုယ်တိုင်လည်း ခူးဆွတ်ချင် လာတာပါပဲ ။ ကျွန်တော် ခူးလိုက်ရင် ကောင်းမလားလို့ ပန်းနုရောင် နှင်းဆီပွင့်လေးနားမှာ ရပ်ရင်း စဉ်းစားမိသည် ။ ပန်းနုရောင် နှင်းဆီလေးက ကျွန်တော့်ကို ငေးကြည့်နေသည် ။ တဘက်ကို ထပ်ကြည့်လိုက်တော့ အနီရဲရဲ စိုစိုလေး ။ အင်း ဒါလေးလည်း လှတာပဲ ။ သူ လှတာလေးက ပိုပြီးတော့ ဆွဲဆွဲဆောင်ဆောင် ။ ကျွန်မက ပို မွှေးပါတယ်ရှင် လို့ပင် ပြောနေသယောင် ။ ခူးမယ် လုပ်နေရင်းက အင်းလေ ထပ်ကြည့်သေးတာပေါ့ လို့တွေးရင်း ဆက်လျှောက်လာမိသည် ။

ခဏနေတော့ အဖြူရောင် နှင်းဆီလေးကို ထပ်တွေ့ပြန်သည် ။ ခင်ဝမ်း၏ နှင်းဆီဖြူရဲ့ အဝေးက လူတစ်ယောက် သီချင်းပင် အမှတ်ရမိသည် ။ ဒီဘက် လှည့်လိုက်တော့ နှင်းဆီပြာ…။ ထပ် ငေးကြည့်မိပြန်တော့ ဒီဘက်က နှင်းဆီလေးက အငုံမှ ပွင့်လာကာစ အဝါရောင် နှင်းဆီလေး… အခုမှ သတိထားမိတာက နှင်းဆီတွေ ကြည့်ရင်း ငေးရင်း ကျွန်တော် ဝင်လာခဲ့တဲ့ မြေလမ်းကလေး မဟုတ်တော့ ။ နှင်းဆီတွေရဲ့ အလည်ကို ရောက်နေသည် ။ ပြန်ထွက်ရမယ့် လမ်းကို မတွေ့။

နှင်းဆီဝင်္ကပါလား…။ ကိုယ်ကိုယ်တိုင်က ကြည့်ရင်း ငေးရင်း နှင်းဆီတွေကြားမှာ တစ်စ တစ်စ လမ်းပျောက် သွားခဲ့တာလည်း ဖြစ်သည်။ တဖြည်းဖြည်း ကျွန်တော့်ခန္ဓာက နှင်းဆီပင်တွေ ထက်ပင် သေးငယ် သွားသလို..။ တစ်ပတ်လည်မှာ နှင်းဆီတွေ…. ရနံ့တွေ..လှိုက်မူးလာသည် ။ နှင်းဆီတောနက်ကြီးထဲမှာ….။ နှင်းဆီပင်လယ်ကြီးထဲမှာ…။

တစ်ပွင့်ဆို တစ်ပွင့် အမှန်တကယ် ခူးပြီး လှည့်ထွက် လာခဲ့သင့်သည် ။ အခုတော့ ကိုယ့်အပြစ်နဲ့ ကိုယ် နှင်းဆီရောင်စုံတွေကြားမှာ လမ်းပျောက်နေသည်။ ပန်းပင်လယ်ကြီးလား …ကူးခတ်ရင်း မောနေသည် ။ဘယ်လို ပြန်ထွက်ရမလဲ ။ တွေဝေ ငေးမောရင်း ပန်းတောမှာ လမ်းပျောက်ခဲ့သူကို ဘယ်သူက ကယ်နိုင်မလဲ။ ပန်းကလေးတွေ ကြားမှာ လမ်းပျောက်နေပြီ။ ကယ်ပါဦး အော်ရအောင်လည်း ပန်းကလေးတွေ ကြားရင် ရှက်စရာ။ ပန်းကလေးတွေ လှောင်ရယ်မှာ…ဘယ်လို လက်ခံရမှာပါလိမ့် ။

ဆက်လျှောက်လာရင်း ဦးထုပ်နွမ်းနွမ်း ဆောင်းထားတဲ့ လူတစ်ယောက်ကို တွေ့ရသည် ။ အကူအညီ ရလိုရညား လှမ်းခေါ်လိုက်တော့ ခင်ဗျား လမ်းပျောက်နေပြီ မဟုတ်လား ..အဲဒါပဲဗျ … ကိုယ် ဘယ်နှင်းဆီကို လိုချင်တာလဲ ဆိုတာ သိဖို့ အရေးကြီးတယ် ။ ဒါမှ ပိုင်ပိုင်နိုင်နိုင် တစ်ပွင့် ခူးလိုက်ရုံပဲ …အခုလို လမ်းမပျောက်တော့ဘူး။ လွန်ခဲ့တဲ့ နှစ်တော်တော်ကြာက ကျွန်တော်လည်း ခင်ဗျားလိုပဲ ဒီခြံထဲကို ရည်ရွယ်ချက် တိတိပပ မရှိပါဘဲ ရောက်လာတယ် ။ နှင်းဆီတွေ ကြည့်ရင်း ဟိုတစ်ပွင့် ကောင်းနိုး ဒီတစ်ပွင့် ကောင်းနိုး စဉ်းစားရင်း နဲ့ နှင်းဆီတောထဲမှာ လမ်းပျောက်ရင်း ဥယျာဉ်မှူး ဖြစ်လာတာပဲ ။ ခင်ဗျားလည်း အခုအချိန်က စပြီး ဥယျာဉ်မှူး ဖြစ်ပြီ။ ပြန်ထွက်ဖို့ လမ်းကို ရှာမတွေ့မချင်း ပေါ့ ။ ခင်ဗျားကိုလည်း တစ်ခုတော့ ပြောချင်တယ် ..ဥယျာဉ်မှူး ဆိုတာ ပန်းခူးခွင့် မရှိဘူး.. ပန်းတွေ အများကြီးကို ငေးကြည့် နေခွင့်တော့ ရှိတယ်။နောက်တော့ ဥယျာဉ်မှူးက ဘာမှ ထပ်မပြောတော့ပဲ နှင်းဆီနှင့် ပတ်သက်သော သီချင်းလေးတစ်ပုဒ် ညည်းရင်း ထွက်သွားသည် ။

ကျွန်တော် ပန်းတွေကြားထဲမှာ ကျန်ခဲ့ပြန်သည် ။ နှင်းဆီရောင်စုံတွေ ကျွန်တော့်ကို ငေးကြည့်နေသလို ထင်သည် ။ နှင်းဆီတွေ ရယ်နေမလား။ နှင်းဆီဝင်္ကပါထဲက ကျွန်တော် တိုးထွက်မလား… ငြိမ်နေရမလား… နှင်းဆီရနံ့တွေက ပိုမို စူးရှလာသည် ။ တစ်စုံတစ်ယောက်က စူးစိုက်ကြည့်နေသလို ခံစားမိတော့ လှည့်ကြည့်လိုက်တော့ ဒဏ်ရာရထားသော အနက်ရောင် နှင်းဆီတစ်ပွင့်က ကျွန်တော့်ကို နာနာကျင်ကျင် ကြည့်နေတာနှင့် ဆုံသည် ။ နှင်းဆီတွေကြားမှာ ပိတ်မိနေသူတစ်ယောက်… နှင်းဆီဝင်္ကပါထဲ ရောက်နေတဲ့သူ တစ်ယောက် အနေဖြင့်… နှင်းဆီနှင့် တချို့သူတွေကြားမှာ ရန်ငြိုးရန်စ ရှိခဲ့ရင်တောင် ပေးဆက်ဖို့ သက်သက် ရောက်နှင့်ပြီးသားလေ။

……မင်းအတွက် ငါ လမ်းတွေ ပျောက်နေခဲ့… ဝင်္ကပါထဲက ပန်းကလေးရယ် ငါ မင်းရဲ့ အကျဉ်းသားပါကွယ်…။

ကျွန်တော် နှင်းဆီဝင်္ကပါ သီချင်းလေး ညည်းမိရက်သား ဖြစ်သွားသည် ။ နှင်းဆီရောင်စုံတွေ နှင်းဆီရနံ့တွေ ပိတ်ဆီးနေသည့် နှင်းဆီတောနက်ထဲတွင် ကျွန်တော်သည် ဥယျာဉ်မှူးတော့ မဖြစ်နိုင် ။ နှင်းဆီအကျဉ်းသားမျှသာ ဖြစ်နိုင်ပါသည် ။ ကျွန်တော် လွတ်လမ်းကို ရှာနေတုန်းမှာပဲ နှင်းဆီတချို့၏ ခပ်လှောင်လှောင်ရယ်သံကို ကြားလိုက်မိသေး သည် ။
လင်းဒီပ
၂၉.၀၈.၀၉

အောက်ခြေမှတ်စု(၁)(ကိုရွာသားက ကျွန်တော့်ကို ရင်ထဲက နှင်းဆီတစ်ပွင့် အကြောင်း တဂ်ပါတယ် …ကျွန်တော်ကတော့ နှင်းဆီခင်းကြီး အကြောင်း ရေးလိုက်မိပြီ..:P)

အောက်ခြေမှတ်စု(၂)(ဓာတ်ပုံလေးကလည်း ကိုရွာသား ဒါနပြုပါတယ်။)

အောက်ခြေမှတ်စု(၃)(“နှင်းဆီဝင်္ကပါ” ဆိုတဲ့သီချင်းလေးတစ်ပုဒ်ကို “အိပ်မက်ကဗျာ”အယ်ဘမ်မှာ ကိုလေးဖြူ ဆိုထားပါတယ်။ အခု ဒီပိုစ့်မှာ “နှင်းဆီဝင်္ကပါ” ဆိုတဲ့နာမည်လေးနဲ့ စာသားလေးတစ်ခုကို သုံးထားပါတယ်။ ကိုလေးဖြူနဲ့ တေးရေးသူ (ကိုကေအေတီ ထင်ပါတယ်) ကို Credit ပေးပါတယ်။ “နှင်းဆီဝင်္ကပါ” ဆိုတာ အသုံးကို သူတို့ဆီက ကျွန်တော် ယုသုံးလိုက်တာ ဖြစ်ကြောင်း ဝန်ခံပါတယ်။)

16 comments:

Anonymous said...

ကြိုးကြာလေးရေ.........

အင်းတိုးတိုးလေးရွတ်သွားတယ် ကြားပါစေ......:P

မမသီရိ said...

ရင်ထဲက ပန်းတပွင့် အကြောင်း ရေးကြသမျှထဲ
ဒီစာ ကတော့ ထူးခြားတယ်ဟေ့...း)

ပန်းခင်းအလယ်ရောက်သွားလို့
ပြန်မထွက် နိုင်ရှာတဲ့ အပြင်
ခူးခွင့်လဲ မရှိ သူ ဥယာဉ်မှူး ဘ၀..

ထူးခြား ဆန်းသစ်တဲ့ စိတ်ကူးလေးနဲ့ ဖွဲ့ပုံလေး တွေ လှပါတယ် မောင်လေးရေ

Anonymous said...

နှင်းဆီဝင်္ကပါအဖွဲ့ကလေးကို သိပ်ကြိုက်ပါတယ်၊ နှင်းဆီတောထဲရောက်နေတဲ့ ဥယျာဉ်မှူးရေ၊ တခါတလေ တပွင့်ကိုခူးယူခြင်းထက် အမှားကြီးကြားမှာနေရတာလည်း တမျိုးအရသာပေါ့၊ နှင်းဆီတွေရဲ့ ခပ်လှောင်လှောင်ရယ်သံတွေကြားမှာ နှင်းဆီရဲ့အကျဉ်းသားတဲ့လား၊

သီဟသစ် said...

အင်း
ကိုလင်းရေ
နှင်းဆီခင်းအလယ် လျှောက်ရင်းက ..
ဆက်လျှောက် ဆက်လျှောက်နဲ့
လူပျိုကြီး မဖြစ်ပါစေနဲ့ဗျာ

:D

ခင်မင်စွာဖြင့်
သီဟသစ်

WWKM said...

အရွေးလွန်ပြီး လူပျိုကြီးဖြစ်နေရှာတာပေါ့.း)
အင်းး..ယုံလိုက်မယ်.
ပန်းခင်းတွေကြားထဲမှာ ယောင်လည်လည်ူဖြစ်နေတဲ့
လူပျိုကြီး အလှဆုံးပန်းလေးတစ်ပွင့်ကို အမြန်ဆုံးခူး
ဆွတ်နိုင်ပါစေကွယ်။း)

Moe Cho Thinn said...

ဒီဥယျာဉ်မှူး နှင်းဆီတွေများ အကုန်ခူးချင်နေသလား မသိ။
(ဘုရားတင်ဖို့ ပြောပါတယ်) :)

emayarKhin said...

အလဲ့..တယ်ဟုတ်ပါလား
အရေးအသားကတော့
အလေးထားစရာပဲဗျို့....

အိုင်လွယ်ပန် said...

ကောင်းနိုးရာရာတွေများပြား
သံသရာရနံ့ လှိုက်မူး
သံသရာဝဲ
သံသရာဝင်္ကဘာထဲ
လွတ်လမ်းပျောက် ...တဝဲလည်လည် .........

ရွှေပြည်သူ (ShwePyiThu) said...

“အင်း ဒါလေးလည်း လှတာပဲ ။ သူ လှတာလေးက ပိုပြီးတော့ ဆွဲဆွဲဆောင်ဆောင် ။ ကျွန်မက ပို မွှေးပါတယ်ရှင် လို့ပင် ပြောနေသယောင် ။ ခူးမယ် လုပ်နေရင်းက အင်းလေ ထပ်ကြည့်သေးတာပေါ့ လို့တွေးရင်း ဆက်လျှောက်လာမိသည်။”

အင်း လောဘ... လောဘ...း) အဲတော့ ဥယျာဉ်မှူးကြီး ဖြစ်ပြီမှတ်လား။

ကိုယ်တကယ်လိုချင်တဲ့ နှင်းဆီလေးကို လက်ထဲမှာဖွဖွဆုပ်ပြီး ပြန်ထွက်ဖို့လမ်းကနေ အောင်အောင်မြင်မြင် ပြန်ထွက်လာနိုင်ပါစေ... ယာယီဥယျာဉ်မှူးကြီးရေ...

(စာဖတ်ရင်း နှင်းဆီနံ့တွေတောင် ရလာသလိုလို...)

MANORHARY said...

အော် ဥယျာဉ်မှူးပဲလုပ်တော့မယ်ပေါ့ ..=)

မောင်ဖားကြီး said...

သြော် ကဗျာဆရာ ကဗျာဆရာ လောဘတွေကြီးပုံများ အလှမှန်သမျှမြတ်နိုးရင်းနဲ့ ဟိုနှင်းဆီလည်းအားနာ ဒီနှင်းဆီလည်းအားနာနဲ့ ဥယျာဉ်မှူးကြီးပဲ ဖြစ်သွားရှာပါပေါ့လား :)

jr.lwinoo said...

ဟင်း ဟင်းနော်..
လုပ်ချင်တာတွေပြောနေတယ်..
ဘာဥယျာဉ်မှူးလဲ..
ဒီ ကိုဒီပတော့.. တော်တော်လူလည်ကျသဗျားးး..
း)

Unknown said...
This comment has been removed by the author.
Unknown said...

နှင်းဆီတွေ ၀တ်ရုံချုပ်ပြီးသာ အိပ်စက်လိုက်ပါတော့
:P
ကောင်းသောနေ့ဗျာ ကိုဒီပ :)

မေ့သမီး said...

တို့အကိုကတော့ သူများမမြင်တဲ့ရှုထောင့်က ရေးတတ်ပါ့။

Kaung Kin Ko said...

ပန်းမြိုင်လယ်က ဥယျာဉ်မှူးပေါ့လေ။ :)