Monday, September 14, 2009

ပြတင်းပေါက်ကလေး တစ်နှစ်ပြည့်

မနှစ်က ၁၅.၀၉.၀၈ မှာ ကျွန်တော့် ဘလောဂ့်လေး စတင်ခဲ့ပါသည် ။ စိတ်တွင် ထင်ဟပ်မိသော စိတ်ကူးစိတ်သန်း လေးများကို တခြားသူများနှင့် အတူ မျှဝေ ခံစားလိုစိတ်ဖြင့် စတင်ခဲ့ပါသည် ။ ဘလောဂ့် လုပ်လုပ်ချင်း တုန်းကတော့ သူများတွေလိုပင် စာစုံ တင်ချင်ပါသည် ။ ဖွယ်ဖွယ်ရာရာလေး လုပ်ချင်ပါသည် ။ သို့နှင့် Label တွေ ခွဲသည် ။ တကယ်တမ်း ချရေးသော ကျွန်တော့် နှလုံးသား၏ မိရိုးဖလာ ဘာသာစကား ကဗျာတွေပဲ တွင်တွင် ရေးဖြစ်သည် ။ နောက်ဆုံးတော့ ကဗျာရေးတဲ့လူက ကဗျာသမားပဲ ဖြစ်လာပါသည်။ ကဗျာဆရာ လို့ပဲ တံဆိပ် ကပ်ကြပေတော့သည် ။ အခု ပြန်ကြည့် လိုက်တော့လည်း တစ်နှစ်အတွင်းမှာ ကျွန်တော် ကဗျာ အပုဒ် ခုနှစ်ဆယ် တင်ဖြစ်ခဲ့သည် ။ ဆိုတော့လည်း မတတ်နိုင်ပါ ။ ဘယ်လို အရောင်ပြောင်း ဆိုးဆိုး ကဗျာဆရာ ဆိုသည့် မူလ အရောင်က အထင်းသားပင် ။ ဒီတော့ ကဗျာဆရာလေးပဲ ဆက်လုပ်နေပါဦးမည် ။ တခါတလေ စိတ်ကူး တည့်သလိုတော့ စကားပြေလေးတွေ ရေးပါဦးမည် ။

နောက်တစ်ခု ကတော့ ဘလောဂ့်လေး စလုပ်ကတည်းက မကြားရ မမြင်ရသော သံယောဇဉ်တွေ တိုးလာပါသည် ။ တိုးတိတ် နေတတ်သော ကျွန်တော်တွင် စာရေးဖော် မောင်နှမတွေ အသိတွေ နိုင်ငံပေါင်းစုံက ရှိလာပါသည် ။ ပျော်စရာ ကောင်းပါသည် ။ ရေးထားသော စာကို ဖတ်ပြီး ပုံပန်းသဏ္ဍာန် ကို စိတ်ဖြင့် မှန်းကြည့်ရတာလည်း ပျော်စရာ ။ဖြတ်သန်းမှု အစုံစုံ ဘဝ အစုံစုံ အရွယ်စုံ ခံစားမှုအစုံ ကို ဘလောဂ့် လုပ်မှ တစ်ယောက်အိမ် တစ်ယောက် လည်ရင်း ခံစား မိတော့သည် ။ အကျိုးများ ပါသည်။ Gtalk ကတော့ လာ Invite လုပ်ရင် Accept လုပ်ထားပေမယ့် သိပ် မဝင်ဖြစ်တော့ တခါတလေမှ ပဲ Chat ဖြစ်ပါသည် ။ Facebook လည်း ထို့အတူ..။

ကျွန်တော် ဘလောဂ့် မလုပ်ခင် သုံးလေးနှစ်လောက် အကြောင်းကြောင်းကြောင့် မြန်မာကဗျာတွေနှင့် အဆက်ပြတ် နေပါသည် ။ အခုမှ ပြန်ဖတ် ဖြစ်သည် ။ကဗျာ Ebook တွေ စုနေ ဖတ်ဖြစ်နေပါသည် ။ စိတ်သည် အတိတ်တုန်းက လမ်းတွေကို ရင်ခုန်သံ အသစ်ဖြင့် ပြန်လျှောက်နေမိခြင်း လည်း ဖြစ်ပါသည် ။ အမြင် ခံစားပုံ မတူတော့ ။ နှလုံးသားသည် မဖြူတော့ ။ဖြတ်သန်းပြီးသော ဘဝအတွေ့အကြုံက စကားပြောပါသည် ။ ကျွန်တော် အဆက်ပြတ်နေသည့် စာပေတွေ ကဗျာတွေနှင့် ဘလောဂ့် လုပ်သည့် တစ်နှစ်အတွင်းမှာ လုံးလားထွေးလား ပြန်ဖြစ် လာပါသည်။ထို့အတွက် ကျွန်တော့် နှလုံးသားသည် ကဗျာတေးဖြင့် ပြန်လည် ပူနွေးလာခဲ့ပါသည် ။

နောက်တစ်ခု ညီအစ်ကို မောင်နှမ သူငယ်ချင်းတွေကို အားနာပါးနာ ပြောစရာလေး ရှိပါသေးသည် ။ ကျွန်တော် ရေးထားသမျှ အချစ်ကဗျာတွေ များနေပါသည် ။ ပိုပြီး တွေးစရာပါသည့် ကဗျာမျိုးလည်း အတတ်နိုင်ဆုံး ဖန်တီးချင်ပါသည် ။ ရေးမိသမျှ ကဗျာ နုနုလေးတွေ အတွက် အားနာပါသည် ။ နည်းနည်း ကြမ်းတဲ့ ပိုပြီး လောကအမြင်ပါတဲ့ ကဗျာလေးတွေ ရေးဖြစ်ဖို့လည်း လုပ်နေပါသည် ။ စိတ်ထဲ ရှိသမျှ ဖွင့်ပြထားသော ပြတင်းပေါက်ကလေးဆီ ပြီးခဲ့တဲ့ တနှစ်လုံး လာလည်ခဲ့ကြတဲ့ နိုင်ငံပေါင်းစုံက ညီအစ်ကို မောင်နှမ သူငယ်ချင်းများ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည် ။ ကဗျာသည် လူကြိုက်နည်းသည့် အစားအစာ ဖြစ်ပါသည် ။ ထိုအစားအစာ လေးတွေကို အချိန်ပေးပြီး လာရောက် မြည်းစမ်းကြသည့် အတွက် အထူး ပျော်ပါသည် ။

နောက်ဆုံးအနေဖြင့် ပြီးခဲ့တဲ့နှစ်က ပထမဆုံး တင်ဖြစ်ခဲ့သည့် ကဗျာသုံးပုဒ်ထဲမှ တစ်ပုဒ်ကို အမှတ်တရ ပြန်တင်ချင်ပါသည် ။ ကျွန်တော့် ဖြတ်သန်းမှုကို ကျွန်တော် ပြန်မြင်ရသော ကဗျာလေးမို့ ဖြစ်ပါသည် ။

အနှစ်သုံးဆယ်
ဘ၀ကို ပိုးတွေသေသွားအောင်
နေပြင်းပြင်းမှာ ထုတ်လှန်းလို့ ရရင် ဘယ်လောက်ကောင်းမလဲ
အနှစ်သုံးဆယ်လုံးလုံး ရေမချိုးဖြစ်တဲ့ စိတ်ကိုလေ..

ရေတွက်ကြည့်လိုက်ရင် စွဲမိစွဲရာတွေ အတော်များတယ်
သေသေချာချာ စေ့စေ့ပေါက်ပေါက် ချတွေးတော့
ကွမ်းသမားတစ်ယောက်လိုပဲ
အရေလည်းမရ အဖတ်လည်းမရခဲ့တဲ့ အနှစ်သုံးဆယ်။

နေညိုချိန် လမ်းခွဲတွေမှာ
တစ်ဘ၀လုံးစာ သိပ်အရေးပါတာတွေ ဆုံးရှုံးသွားခဲ့သလို
အသုံးမကျစွာလည်း ရူးနှမ်းခဲ့ဖူးတယ်။
တကယ် ရှက်ဖို့ ကောင်းခဲ့တာပ
ဘ၀ကို ပိုးစားအောင်နေပြီးမှ အချိုကို စွန့်လွတ်ခဲ့တာ
ဘ၀ကို ဆလွန်းကားတစ်စီးလို့လည်း ထင်ခဲ့
ဘ၀ကို ဈေးကြီးပြီး လျှာနဲ့အဆင်မပြေတဲ့ ကော်ဖီတစ်ခွက်လို့လည်းထင်ခဲ့
ဘ၀ကို အနုပညာ ဆန်စေချင်လွန်းလို့ ခေတ်သစ်ပန်းချီကားတွေဘေးလည်း ခဏရပ်ငေးခဲ့
ဘ၀ကို ရုပ်ရှင်ရုံထဲက ပြောင်းဖူးပေါက်ပေါက်တွေနဲ့ လဲခဲ့
ဘ၀ကို ပိတောက်တွေ ပေးပန်ခဲ့
ဘ၀ကို ဟိုင်းဝေးလမ်းတွေပေါ် ပစ်ချခဲ့
ဘ၀ကို ရှင်ပြန်ထမြောက်အောင်ဆိုပြီး ကျေးလက်လေးတစ်ခုမှာလည်း ပစ်ချထားခဲ့ဖူးတယ်။

တစ်ပိုင်းစီ တစ်စစီ ပြန်ပေါင်းကြည့်တော့ အနှစ်သုံးဆယ်က စာရင်းထဲမှာ အတိအကျ ။
အပဲ့ အပွန်း လုံးဝမရှိ
အလို အပို လုံးဝ မရှိခဲ့
တကယ့်ကို ထိတ်လန့်စရာပါ ။

အနှစ်သုံးဆယ်လုံးမှာ
ကိုယ်ဟာ လောကအတွက် သီးပင်စားပင်ကောင်းတစ်ပင် မဖြစ်ခဲ့ဘူး
အမေ့အတွက် တိမ်တဆုပ်တောင် ခုန်အုပ်မပေးနိုင်ခဲ့ဘူး
ငယ်က ဓူဝံကြယ်ထိ စိတ်ကူးယဉ်ခဲ့သူ
အခု မှန်အိမ်ငယ်တစ်လုံးစာတောင် အနာတရတွေအပေါ် အလင်းမဖြာနိုင်သေးဘူး။

မပြန်ခင်ပေါ့ကွယ်
တစ်တောလုံးစာ မစိမ်းနိုင်ရင်တောင်
တစ်ပွင့်စာ တစ်ချပ်စာ
တစ်မိုးစာ တစ်ညစာတော့
ငါ လာခြင်းကောင်းခဲ့ချင်ပါသေးတယ်။
၁၃.၀၉.၀၈

အားလုံးကို ကျေးဇူးတင်ပါသည် ။ အခုတလော စိတ်မလန်း လူမလန်းလို့ စာ အတင်ကျဲနေပေမယ့် ဆက်လက်ပြီး ဘလောဂ့်ဂင်း နေပါဦးမယ် ဆိုတဲ့အကြောင်း…။

အားလုံးကို ချစ်ခင်လေးစားစွာ
လင်းဒီပ
၁၄.၀၉.၀၉

26 comments:

Unknown said...

တစ်နှစ်ပြည့်ပို့စ်လေး လာဖတ်သွားတယ် ကိုဒီပရေ
စာအရေးကောင်းတဲ့ကိုဒီပ နောင်ကာလများစွာထိ ဆက်လက်ရေးသားနိုင်ပါစေဗျာ ကောင်းသောနေ့ပါ :)

ATN said...

တနှစ်ပြည့်မှသည် နောင် နှစ်ပေါင်းများးစွာတိုင် အချစ်ကဗျာတွေနဲ့ မေတ္တာမျှနေနိုင်ပါစေဗျား...း)

ဆုတောင်းပေးသွားတယ်နော... (ဘီယာတိုက်ပါ...း)

လွတ်ငြိမ်းလေပြေ (breeze) said...

တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်တံ့ပါစေ
ရင်ခုန်သံတွေကို စကားလုံးတွေအဖြစ် အလိုရှိသလို ပြောင်းလဲနိုင်ပါစေ

Eaindra said...

ကဗျာရေးတယ်..
ဘလော့ကင်းတယ်ဆိုတာ..
စီစီဖတ် ကျောက်တုံးကို တွန်းတင်နေသလိုပဲ...

ဆက်တွန်းဦး..မောင်လေး...
(အဲ)အကိုကြီး...

ဘလော့မှာ နင်ကအသက်ကြီးတယ်..း))

ချစ်ချစ်ခင်ခင်

အိန္ဒြာ

Anonymous said...

Cheers my fri!!!!

ဘာလိုလို ဘာလိုလိုနဲ့ တစ်နှစ်သားတောင် ရှိနေမှပဲကိုး။

အချစ်ကဗျာအနုအလှတွေနဲ့ ယုယထားတဲ့ ဒီဘလော့လေး ဆက်လက် ချီတက်ပါစေသော်ဝ်

Yu Ya said...

တစ်နှစ်သားဘလော့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အဓွန်ရှည်တည်တံ့ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

yu ya

Yu Ya said...

တစ်နှစ်သားဘလော့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အဓွန်ရှည်တည်တံ့ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

yu ya

khin oo may said...

happy anniversary !

jr.lwinoo said...

ဟိုနေ့က သူငယ်ချင်းနဲ့ ပြောဖြစ်တယ်။
ကိုဒီပက born to be a poet လို့..
ကျနော်တို့က born to be a reader (or) born to be a poet's friend ပေါ့..
ကဗျာကောင်းလေးတွေ ရင်ဘတ်ထဲက အဆက်မပြတ် ထွက်ပေါ်နေပါစေရှင်။
း)

အိုင်လွယ်ပန် said...

မပြန်ခင်ပေါ့ကွယ်
တစ်တောလုံးစာ မစိမ်းနိုင်ရင်တောင်
တစ်ပွင့်စာ တစ်ချပ်စာ
တစ်မိုးစာ တစ်ညစာတော့
ငါ လာခြင်းကောင်းခဲ့ချင်ပါသေးတယ်။

ကြုံခဲ့ဆုံခဲ့ရင် တစ်ခွက်တဖလားလောက်
အတူသောက်ချင် ပါသေးတယ် ...။
တစ်နှစ်ပြည့်မှသည် နှစ်ပေါင်းများစွာသို့ ...
ချီးယားစ် ကိုဒီပရေ ..။။

မယ့်ကိုး said...

happy anniversary !
အချစ်ကဗျာလေးတွေကြောင့် အားနာစရာမလိုပါဘူး။ ဒီလောက်ကောင်းတာ =)
စူးစူးရှရှ ရင့်ရင့်ခါးခါး ကြိုက်တာသာ ရေးပါ။ ဖြတ်သန်းမှုအဆုံးတိုင် စာလေးတွေ လှနေမယ်ဆိုတာ ယုံပါတယ် ...

MANORHARY said...

မယ်ကိုးပြောသလိုပါပဲ
အချစ်ကဗျာနုနုလေးတွေကြောင့် အားနာစရာမလိုပါဘူး
ကဗျာဆိုတာ ကိုယ်ကလုပ်ယူချင်တိုင်းထွက်လာတတ်တဲ့
အရာမှမဟုတ်တာ ခံစားမိရာခံစားချက်အတိုင်း ထွက်လာတတ်တဲ့ အကြည်ဓါတ်အပြည့်အဝပါတဲ့ အရာမှ သာလျင် ကဗျာ လို့ ခံယူပါတယ်။
ဒါကြောင့် ကဗျာ ဆရာတစ်ယောက်ကိုသေချာလေ့လာ ဆန်းစစ်ကြည့်မယ်ဆိုရင် သူ့ရဲ့ အရွေ့ကိုတွေ့ရတတ် ပါတယ်။ အဲဒါဟာ စစ်မှန်စွာလျှောက်လှမ်းမှုပါပဲ။
ဒီလထဲ တစ်နှစ်ပြည့်တဲ့သူတွေများပါတယ်။
ကိုယ်လည်း လင်းဒီပထက် ဘလော့ခ်မှာတော့
ဆယ်ရက်တိတိငယ်ပါကြောင်း...း))
တစ်နှစ်ပြည့်မှသည် စိတ်လိုလက်ရသော
နှစ်များစွာတိုင်ထိ ဆက်လက် blogging နိုင်စေသား ....

မမသီရိ said...

မောင်လေး တနှစ်ပြည့်တယ် ဆိုတော့မှ ကိုယ့်ဘလော့ပြန်ကြည့်မိတယ်

ဘလော့ထဲ ပို့စ်တွေ စရေးတာ ဒီလ ၁၀ ရက်နေ့က (၁) နှစ်ပြည့်သွားခဲ့ပြီ ..း)
သတိမထားမိလိုက်ဖူး
တရားဝင်ဖွင့်တာ က ဒီဇင်ဘာမှ ဆိုတော့
ဒီဇင်ဘာကိုပဲ စိတ်ထဲက မှတ်မိနေတော့တာ

အချစ်ကဗျာ နုနု တွေ ရေးလို့အားမနာ ပါနဲ့ မောင်လေးရေ

ဒီကမ္ဘာပေါ်လူသားတွေ ရှိနေသရွေ့ အချစ်ဆိုတာ ရှိနေအုံးမှာမို့
ခံစားတတ်တဲံ့သူမှန်သမျှ အချစ်နဲ့ မကင်းနိုင်တာမို့
လူကြိုက်နည်းတဲ့ အစားအစာ ဖြစ်ပါစေအုံး နှစ်သက်တဲံ့လူလဲ ရှိနေအုံးမှာပါ

နောက်တခု က ကဗျာရေးတယ်ဆိုတာ သူတပါးကြိုက်ပါစေတော့ရယ်လို့ ရေးကြတာမှ မဟုတ်တာ ပဲ

ကိုယ့်ရင်ထဲ ရှိလာတာတွေ ပေါ်လာတဲ့ ရစ်သမ်တွေက်ု ကောက်ကြောင်းဆွဲချကြည့်တာမို့ ဘယ်သူ့ မှ အားနာနေစရာမလိုပါဘူး .. ဆက်ရေးပါ.. ဆက်အားပေးနေမယ်...း)

တစ်နှစ်မှ စ နှစ် ၁၀၀ တိုင်...း)

Mogok Thar said...

တစ်နှစ်သား တောင် ရှိပါပေါ့လား။
ကဗျာ လှလှလေးတွေနဲ့ ချွေးသိပ်ပေးတတ်တဲ့ ကဗျာဆရာကို အမြဲ ကျေးဇူးတင်လျှက်ပါဗျာ။
စိတ်နွမ်း လူနွမ်း ဖြစ်နေတာတွေ အမြန်ဆုံး ပြေပျောက်ပါစေ ကဗျာဆရာ။

ခင်မင်လေးစားစွာဖြင့်

NangNyi said...

တစ်နှစ်ပြည့်မှသည် ရေတွက်မရနိုင်တဲ့ နှစ်များစြွ တိုင်ပါစေ...ညီညီနဲ့ တစ်လထဲမွေးတဲ့ အစ်ကိုပါလား.. ညီညီလည်း ဒီလ၂၈ ရက်နေ့ဆို တစ်နှစ်ပြည့်မယ်ဗျ..

Zephyr said...

တစ်နှစ်ပြည့်တဲ့အတွက်ဝမ်းသာပါတယ်။
ကဗျာရေးသူ လက်တစ်ဆုပ်စာထဲက တစ်ယောက်ဖြစ်နေရတာ ပျော်စရာမကောင်းဘူလားဗျာ။
ကိုယ့်မှာရှိတာပဲပေးပါ။
အချစ်ကဗျာရှိတော့လည်း အချစ်ကဗျာပေါ့ ..။
ဖတ်ချင်တဲ့သူလာဖတ်တာပါပဲ ...။
ကဗျာရိုးရိုးသားသားတွေ
အတွေးသိမ်သိမ်မွေ့မွေ့တွေနဲ့
လင်းဒီပ ဟာ လင်းဒီပ ဖြစ်နေမှာပါပဲ ...။

ခင်မင်စွာဖြင့်
Zephyr

စိမ်း... said...

Happy Anniversary ပါ တစ်နှစ်ပြည့်မှသည် နောင် နှစ်ပေါင်း လေး ငါး ခြောက်ဆယ်လောက်ထိ ရှင်သန်နိုင်ပါစေ...
အသက်သုံးဆယ်ဆိုတော့ ဘ၀အကြောင်းတွေ ရေးချင်နေပြီပေါ့ ... အဲ့ဒါတွေ ဖတ်ရတာလည်း ကြိုက်တယ် .. ဒါပေမယ့် ကျမတော့ အဲ့ဒီလောက်ထိ ဥာဏ်မမီသေးတဲ့အတွက် ရူးနှမ်းနှမ်း ကဗျာတွေပဲ စိတ်ကူးယဉ်နေတုန်းပဲ...
ကိုလင်းဒီပရေးမယ်ဆိုရင် လာရောက်စနည်းနာဦးမယ်...

မင်းအိမ်ဖြူ Minn Eain Phyu said...

ဘလော့နောင်တော် သူငယ်ချင်း ဘလော့ကင်းတာ တစ်နှစ်တင်းပြီလား

အင်း ကောင်းပါတယ်ဗျာ ၊၊ တခါတခါတော့လည်း တကယ် မဟုတ်တဲ့ Online ကဘ၀တွေက စိတ်တော့ အပန်းပြေသားလား ၊၊

စာတွေ ရေးပါတင်ပါ ၊၊ ကိုဒီပတို့က အရေးကောင်းပါဗျာ ၊၊ ၀ိုင်းဝိုင်းကိုလည်လို့ဗျ ၊၊

ပျော်ရွှင်စရာဘ၀လေးဖြစ်ပါစေပေါ့ဗျာ ၊၊

ကဗျာလေးထဲက

မပြန်ခင်ပေါ့ကွယ်
တစ်တောလုံးစာ မစိမ်းနိုင်ရင်တောင်
တစ်ပွင့်စာ တစ်ချပ်စာ
တစ်မိုးစာ တစ်ညစာတော့
ငါ လာခြင်းကောင်းခဲ့ချင်ပါသေးတယ်။

အဲဒါလေးသဘောကျတယ် ကျွန်တော်လည်း အဲဒီလိုပဲ သဘောထားတယ် ( ဟီဟိ တခါတခါတော့ ဆရာလုပ် တယ်ဆိုပြီး မေတ္တာပို့ခံထိတယ် ဟာဟ )

မင်းအိမ်ဖြူ

ကျွန်တော့် အိမ်လေးရဲ့ ဆရာတစ်ဆူပေါ့ဗျာ .........

ကိုရင်နော်ခင်လေးငယ် said...

ဆရာရေ...
တစ်နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာ ကဗျာတွေနဲ့အတူ ပျော်ရွှင်စွာ ဘလော့ဂင်းနိုင်ပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

သိင်္ဂါကျော် said...

“အရေလည်းမရ အဖတ်လည်းမရခဲ့တဲ့ အနှစ်သုံးဆယ်”
တဲ့
တကယ်ပါပဲ...
ရင်ဘတ်ထဲ
ထိသွားတယ်...

Anonymous said...

နှစ်ပတ်လည် ပိုစ့်လေးလာဖတ်သွားပါတယ်။

အောင်မြင်မှုတွေနဲ့ ကဗျာတွေကို ဆက်လက် သီကုံးနိုင်ပါစေနော်။

emayarKhin said...

အကိုရေ..တနှစ်ပြည့်ပို့စ်လေးနဲ့အတူ
ကဗျာလေးကိုလည်းခံစားသွားပါတယ်....
အဆုံးမဲ့နေ့ရက်များအထိအချစ်ကဗျာ
များရေးသားနိုင်ပါစေသားးးးးးးးးးးးးး

Mirror said...

ဟေဟေး စက်တင်ဘာမောင်နှမများပေါ့လေကွယ်..။
ဆက်ဆွဲ ဆရာ...

kay said...

မိရိုးဖလာ ဘာသာစကား နဲ့..တိမ်တွေ ခုန်အုပ်ခဲ့ ပါတယ်..လင်းဒီပ ရေ..တိမ်ဆိုတာက..ကိုယ်က..ခုန်အုပ်ယုံပဲ တတ်နိုင်တာကိုး.. ဖမ်းဆုပ် မိနိုင် ဖို့ မဖြစ်နိုင်သလို..သက်သေ အထောာက် အထားမှ.. ယူမပြ နိုင်ပဲ ကိုး..
ပျော်ရွှင်စွာ..ကဗျာ များနဲ့ မေတ္တာမျှပါစေ သတည်း..း)

သက်ထွန်းညိမ်း said...

မပြန်ခင်ပေါ့ကွယ်
တစ်တောလုံးစာ မစိမ်းနိုင်ရင်တောင်
တစ်ပွင့်စာ တစ်ချပ်စာ
တစ်မိုးစာ တစ်ညစာတော့
ငါ လာခြင်းကောင်းခဲ့ချင်ပါသေးတယ်။
အကိုရေ ချီးယားစ်
ဆက်ရေးဦးး)ကဗျာတွေက နုပြီးလှလို့ပါ

Anonymous said...

အားပေးလျှက်ပါ။