Thursday, October 15, 2009

Oct 16

ကျွန်တော့်နှလုံးသားထဲ ပန်းခြောက်နှိုးစက်ကလေးဟာ
ဒီနေ့လေးကို တစ်ခါပြန်ရောက်တိုင်း
ရနံ့တွေ ချိုချိုအီအီ နဲ့ ထထ မြည်။

Birthday Wish ကို အစောဆုံး ပို့ချင်ပါရဲ့
လိပ်စာအတည်တကျ မရှိတဲ့ပန်းကလေး
(နင်က) ဘယ်အပင်မှာ ပွင့်နေဦးမှာလဲ…။

ဟိုး...တုန်းက
ဖုန်းချခါနီးတိုင်း ပြောတတ်တဲ့ စကားလေးလည်း သတိရလို ရမိ…။
“အိပ်မက်ထဲမှာ ငါ့ကို ထည့်မက်
နောက်နေ့ဖုန်းဆက်ရင် ညက အိပ်မက်လေးကို ပြန်ပြောပြ”

အခင်ဆုံးတွေများလွန်းတဲ့ နင့်မှာ အခင်ဆုံးတစ်ယောက်ဖြစ်ခွင့်ရခဲ့တာ
အချစ်ဆုံးတွေများလွန်းတဲ့ နင့်မှာ အချစ်ဆုံးတစ်ယောက်ဖြစ်ခွင့်ရခဲ့တာ
လူဖြစ်ရကျိုးနပ်သလို ဂုဏ်ယူကျေနပ်တဲ့စိတ်က ဒီအသက်အရွယ်ထိ အငွေ့မပျံသေးဘူး။

ကျေးဇူးပြုပြီး
ဒီနေ့မှာ
ကျွန်တော့်ကို တယ်လီဖုန်းမခေါ်ကြပါနဲ့
ကျွန်တော့်အခန်းလေးကို တံခါးမခေါက်ကြပါနဲ့
ကျွန်တော့်နှလုံးသားဟာ
သူ့နှလုံးသားနဲ့
တစ်နေ့လုံး ဖုန်းပြောရင်း မအားမလပ် ဖြစ်နေပါလိမ့်မယ်။
ကျွန်တော့်အခန်းလေးဟာ
ဟိုးအဝေးက လှမ်းပို့ပေးလိုက်တဲ့ သူ့ကိုယ်ရနံ့နဲ့ လင်းပျံ့နေပါလိမ့်မယ်။

ဒီနေ့လေး တစ်နေ့တော့
သန့်သန့်စင်စင် စိတ်လွတ်ကိုယ်လွတ်လေး ငါနင့်ကို လွမ်းပါရစေ
ဒါဟာ ငါပေးနိုင်တဲ့ တစ်ခုတည်းသော မွေးနေ့လက်ဆောင်လည်းဖြစ်တယ်..။

သုညတွေ တန်းစီနှိပ်ပြီး
နင့်နှလုံးသားတည့်တည့်ကို ချိန်ရွယ်ရေရွတ်လိုက်ပါရဲ့
ဟတ်ပီးဘတ်ဒေးပါ ပွင့်လွှာများတဲ့ ပန်းကလေးရေ…။
လင်းဒီပ
၁၅.၁၀.၀၉

(အချစ်ဦးဆိုတာ ဘယ်တော့မှ ရနံ့မပြယ်တဲ့ ကျွန်တော်တို့နှလုံးသားတွေထဲက ပန်းခြောက်ကလေး တစ်ပွင့်စီပဲ ဖြစ်ပါလိမ့်မယ်။ တခုတ်တရ သတိရမိတဲ့အခါမျိုးမှာ ဘယ်သူမှ မတွေ့အောင် နှလုံးသားတံခါးကို တိတ်တိတ်ကလေး ဖွင့်ပြီး ရနံ့ဟောင်းလေးတွေ ခိုးရှုရှိုက်ရတယ် ။ စိတ်အဆာပြေသွားတော့လည်း တံခါးလေး အသာပြန်ပိတ် စိတ်အံသေ ဘဝတွေထဲ ရေလိုက်ငါးလိုက် ပြန်လည် စီးမျောရတာပဲလေ…။)

19 comments:

မဆုမွန် said...

ကိုလင်းဒီပရဲ့ ပန်းကလေးအတွက် မွေးနေ့ဆုတောင်းသွားတယ်..

အိုင်လွယ်ပန် said...

ပွင့်လွှာများတဲ့ ပန်းကလေးအတွက်
မွေးနေ့ဆုမွန် တောင်းသွားတယ်ဗျာ ...

Anonymous said...

သုညတွေ တန်းစီနှိပ်ပြီး
နင့်နှလုံးသားတည့်တည့်ကို ချိန်ရွယ်ရေရွတ်လိုက်ပါရဲ့
ဟတ်ပီးဘတ်ဒေးပါ ပွင့်လွှာများတဲ့ ပန်းကလေးရေ…။

တကယ်ခံစားချက်ကောင်းတဲ့ကဗျာလေးပါပဲ နှစ်သက်မိတယ် ကဗျာလေးကို

ဗီလိန် said...

ဟက်ပီးဘတ်ဒေးတောင် ရိုးရိုးမပြောဘူး။ ပန်းလိုပြောတယ်။ :)
တတ်ပဲ တတ်နိုင်လွန်းတယ်။

မမသီရိ said...

လှလိုက်တာ
လှလိုက်တာ
လှလိုက်တဲ့ ကဗျာလေး

ကမ္ဘာ့စားနပ်ရိက္ခာနေ့မွေးနေ့ ရှင်လေး လို့ နောက်အုံးမလို့ဟာ

မနောက်တော့ပါဘူး မောင်လေးရေ
ကဗျာလေး အရမ်းကောင်းတယ်

တောင်ပေါ်သား said...

၁၆ ရက်နေ့လား ကျနော်နဲ့ တူတူပဲပေါ့ ပန်းလေးလဲ သိနေမှာပါ အဲ့လောက်ချစ်တတ်တဲ့ လူတယောက် ရှိတယ်ဆိုတာကိုး)

လေးစားလျက်
တောင်ပေါ်သား

sait phay yar said...

ချစ်ဦးမို့ပါ... ရင်ထဲကဗြည်းထိုးထားခဲ့တာ

မိုးခါး said...

ကဗျာလေး ကောင်းလိုက်တာ
အချစ်ဦးကို ခုထိမမေ့သေးဘူးပေါ့ ..း))
အချစ်ဦး ပန်းလေးအတွက် ပျော်ရွှင်စေကြောင်း ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင် ..း)

စိမ်း... said...

ကဗျာလေးက ဆွေးဆွေမြည့်မြည့်လေးနဲ့ ကောင်းတယ်... ဒါပေမယ့် စိမ်းကတော့ ကွင်းစကွင်းပိတ်ထဲက စာသားလေးတွေကို ပိုလှိုက်မောတယ်... :)

MANORHARY said...

အင်းး ဒီလိုကဗျာက ကိုယ်လည်းလိုက်လို့မမီဘူး
အနုအလှတွေကို တအံ့တသြငေးကြည့်ရင်း
အသာလေးလှည့်ပြန်သွားပါကြောင်း ..း))

သိင်္ဂါကျော် said...

အချစ်ဦး ပန်းကလေးနဲ့ ပြန်ဆုံခွင့် ရှိသေးရင် ဆုံနိုင်ပါစေ နော်..။

emayarKhin said...

ကိုလင်းဒီပရဲ့ပွင့်လွှာများတဲ့ပန်းကလေး.
ကဗျာလက်ဆောင်လေးလာဖတ်ပါစေ....

Yu Ya said...

ကိုလင်းဒီပ..စိတ်အဆာပြေသွားပြီလားဗျ..။

yu ya

မယ့်ကိုး said...

ပွင့်လွှာများတဲ့ ပန်းကလေးရေ
အချစ်ဆုံးတွေများလွန်းတဲ့ နင်
လိပ်စာအတည်တကျ မရှိတဲ့ပန်းကလေး....


နာမဝိသေသန တွေက ဒီလိုဆိုလည်း ကဗျာလေးက လှလွန်းတော့ မွေးနေ့ရှင်လေး စိတ်ကောက်နိုင်မယ် မထင်ဘူး။ =)

mirror said...

မနိုင်ဘူးဗျာ...။

ဟိုတပိုဒ်လေးကြိုက်လိုက်၊ဒီတခုလေးကြိုက်လိုက်နဲ့..
အူးးးးး တပုဒ်လုံးကို လူကိုရူးစေတာပဲ။
ကူးပါရစေ..။

Anonymous said...

နှလုံးသားနုနုက ထွက်လာတဲ့ ကဗျာလေးပါလား။
ပန်းပွင့်လေး ကံကောင်းလိုက်တာ။
သူ့နှလုံးသားနဲ့ ဖုန်းပြောရင်း မအားမလပ်ဖြစ်နေတာလား။
လှလိုက်တဲ့ စကားလုံးတွေ။

လွတ်ငြိမ်းလေပြေ (breeze) said...

ခပ်တည်တည်နဲ့ နေ့စွဲပြောင်းတပ်ပြီး ကိုယ်ပိုင်ကဗျာ လုပ်ချင်စိတ် ပေါ်မိပါတယ်
ခံစားရတယ်း(

လွတ်ငြိမ်းလေပြေ (breeze) said...
This comment has been removed by the author.
လွတ်ငြိမ်းလေပြေ (breeze) said...

ဒီနေ့မှာ ဒီကဗျာကို ဖတ်ချင်လို့ တကူးတက လာရှာဖတ်ဖြစ်တယ် အစ်ကိုရေ။ ဆယ်နှစ်တောင် ရှိပြီနော်။ ပြန်လှည့်ကြည့်တော့လည်း ကဗျာတွေရေးဖြစ်ခဲ့တဲ့ အတိတ်ဟာ ကျေနပ်စရာ လွမ်းစရာ။ ဘယ်ရောက်နေမှန်း မသိပေမယ့် အစစ အဆင်ပြေပါစေ အစ်ကိုရေ။