Tuesday, January 19, 2010

အလွမ်းည

တစ်နေ့တာ
လုပ်စရာတွေ ပြီးသွားလို့
ခန္ဓာတစ်ခုလုံး စက်သတ်ပြီး
အခန်းလေးထဲ တိတ်ဆိတ်နေလိုက်တုန်း ။

ဝင်လာတဲ့အလွမ်းဟာ
တစ္ဆေလို သရဲလို အရိပ်အယောင်ကင်းမဲ့
ပြီးတော့
ငြိမ်သက် ငါ့ကိုယ်ပေါ် ဆော့ကစားလို့ ။

လေလေးတချက်အဝှေ့မှာ
နင့်ကိုယ်ငွေ့လေး ပါလာမလား
ပြတင်းပေါက်ကလေးကို ခြေဆုံးခေါင်းဆုံး ငေးနေမိ ။

အိပ်မရလို့လွမ်းတာလား…
လွမ်းလို့ အိပ်မရတာလား…
စဉ်းစားရင်း တစ်ည
ဖြေဆိုချိန်ဟာ ကုန်သွားခဲ့ပြန်ပြီ..။

ငါ့ကို မတွေ့ဘူး ဆိုပြီး
ငါမမြင်နိုင်တဲ့နေရာက ချောင်းချောင်းကြည့်ပြီး ရီ(ရယ်)မနေစမ်းနဲ့
အချစ်ဆိုတာ ငါ့နှလုံးသားတစ်ခုလုံး ရင်းလိုက်ရတဲ့ ပျက်လုံး ။

တကယ်ဆို
နင့်နှလုံးသားဟာ ငါ့နှလုံးသားရဲ့တစ်ခုတည်းသော ဖုန်းနံပါတ်
နှလုံးသား to နှလုံးသား ခေါ်ဆိုမရသေးတဲ့ ရက်စွဲတွေမှာ
အမှောင်မှာ တစ်ယောက်တည်း
အလွမ်းတွေနဲ့ ယင်းထ နေခဲ့ရပါတယ် ။

လင်းဒီပ
၎.၁၀.၀၉

(ဒီကဗျာလေးက ကိုသက်တန့်ချိုလုပ်တဲ့ ပန်းပျိုးသူတို့ရဲ့ အလင်္ကာ ကဗျာစာအုပ်အတွက် ပေးဖူးပါတယ် ။
ဘလောဂ်မှာတော့ မတင်ဖူးပါဘူး။ပိုစ့် အတင်ကျဲနေလို့ ရှာဖွေတင်လိုက်ပါတယ်။)

10 comments:

jr.လွင်ဦး said...

ဟုတ်ပ.. အဲလိုနဲ့ စာမေးပွဲတွေ ကျတာများနေဘီ။

အိုင်လွယ်ပန် said...

အဲသလို အချစ်ကဗျာ လှလှလေးတွေ ရေးချင်တယ်ဗျ ..
စိတ်ကစိတ်ပဲ ..။
မရေးတတ် တာ ခက်တယ် :)

ရွှေပြည်သူ (ShwePyiThu) said...

“အချစ်ဆိုတာ ငါ့နှလုံးသားတစ်ခုလုံး ရင်းလိုက်ရတဲ့ ပျက်လုံး ။”

တခါတခါကျတော့လည်း အဲဒီပျက်လုံးကို မရယ်နိုင်ကြပြန်ပါဘူး။ ထုံးစံအတိုင်း ကောင်းတယ် ကိုလင်းဒီပရေ...

littlebrook said...

လေတစ်ချက်အဝှေ့မှာ
နင့်ကိုယ်ငွေ့လေး ပါလာမလား
ပြတင်းပေါက်ကလေးကို ခြေဆုံးခေါင်းဆုံး ငေးနေမိ။

ဘုရားရေလို့ တလိုက်ချင်တယ် .. အကြိုက်ဆုံးက ပြတင်းပေါက်လေးကို ခြေဆုံးခေါင်းဆုံး ငေးနေမိ ဆိုတာလေး ... သိမ်သိမ်မွေ့မွေ့ရှိလိုက်တာ ကဗျာဆရာ ...

ချစ်စရာကောင်းတာက (ငါ့ကိုမတွေ့ဘူးဆိုပြီး
ငါမမြင်နိုင်တဲ့နေရာက ချောင်းချောင်းကြည့်ပြီး ရီမနေစမ်းနဲ့ )

Mirror said...

ခင်ဗျားဗျာ....

အိပ်မရလို့လွမ်းတာလား…
လွမ်းလို့ အိပ်မရတာလား…ရောကြိတ်ပလိုက်..အေးရော ဟဲဟဲ..သများကဗျာကို လာဖျက်သလိုဖြစ်နေပြီ။

Anonymous said...

အလွမ်းလှလှလေးတွေ စီချထားတဲ့ကဗျာ
အမှတ် တစ်ရာအပြည့်ရလောက်ရဲ့ ...
မနော်

အိန္ဒြာ said...

လင်းဒီပရေ...

ချစ်တတ်လိုက်တာ..ရေးတတ်လိုက်တာ

လှတတ်လိုက်တာ..

အထင်ကြီးချင်ပါတယ်..

မိတ်သာဆက်ပေး အထင်ကြီးမယ်..

မယ့်ကိုး said...

အချစ်နိုင်ဆုံး ကဗျာဆရာ ...ကဗျာလှလှလေးတွေ အမြဲရေးနိုင်ပါစေ :)

သိင်္ဂါကျော် said...

ပြတင်းပေါက်ဖွင့်ပြီး လွမ်းနေရင်းနဲ့ .. အအေးပတ်နေမယ်နော်.. :P

နေ့ သစ် said...

အရမ်းပဲ လှပါတယ် အစ်ကို .... ။
လွမ်းတာတောင် လှတယ် .. ။