မြေသားနီနီလမ်းဘေး နေကြာပွင့်ဝါဝါကြီးတွေက
နေရောင်အောက်မှာ
မျက်နှာပြဲပြဲ အပြုံးဝါဝါကြီးတွေ ပြုံးလို့ ။
ထော်လာဂျီက စိုင်းစိုင်းသီချင်းနဲ့မောင်းတဲ့အခါ
ရွာသူကလေးဟာ ဆံပင်ကို အနီရောင်တွေ ဆိုးခဲ့တယ် ။
ဖုန်ထောင်းထောင်းထ လှည်းလမ်းပေါ်
ဆိုင်ကယ်တွေ စီးဖြစ်ကြတဲ့အခါ တွံတေးသိန်းတန်ကို အမှတ်ရတယ် ။
နှစ်လမ်းမောင်း အဝေးပြေး ကတ္တရာလမ်းက
ကုက္ကိုတန်းတွေကို ထီးအမှတ်နဲ့ ဆောင်းတယ် ။
အရှေ့ဘက်လှမ်းလှမ်းမှာ ပိတ်ရပ်နေတဲ့ ရိုးမတောင်တန်းကြီးက
နွေအခါ ပရိဒေဝတောမီးတွေနဲ့…။
တောထမင်းဆိုင်လေးက
တောချက်ဟင်းကလေးတွေနဲ့ မြို့သားကို ထမင်းမြိန်အောင်ကျွေးတယ် ။
ဟိတ်ကြီးဟန်ကြီး မလုပ်တတ်တဲ့ တောဘူတာရုံလေးက
ညည သူ့ဆီ သွားလည်ရင်
သူ့မှာရှိတဲ့ ရိုးရာမုန့်ကလေးတွေနဲ့ လက်ဖက်ရည်ချိုချို တိုက်တယ် ။
အင်တာနက်မရှိတဲ့မြို့ကလေးမှာ
တောင်ဘက်ခြမ်းက ဘာဘာညာညာသတင်းက
မြောက်ဖက်ခြမ်းကို စက္ကန့်သုံးဆယ်နဲ့ အမြန်ချောပို့…။
ညအခါ လသာသာ
ဘောလုံးပွဲ လောင်းမယ် ကာရာအိုကေဆိုမယ် စည်ဘီယာဆိုင်ရှိမယ်
အဝေးပြေးကားတွေက ပစ်ချသွားတဲ့ ယဉ်ကျေးမှုအသစ်တွေနဲ့
ပျော်ပျော်နေတတ် ဖော်ရွေတတ်တယ် ။
ဖြတ်ဖြတ်လတ်လတ်ကလေး ခေတ်ကို အမီလိုက်နေတဲ့ မြို့ကလေးကို
နှစ်နှစ်ကလေး ပေါင်းသင်းမိရုံနဲ့
ထင်ထားတာထက် ပိုချစ်သွားမိတဲ့ မြို့သားခမျာ
မြို့ကလေးမသိအောင် ညရထားနဲ့ လွမ်းလွမ်းကြီး ထွက်ခွာ
နောက်တစ်နေ့မနက်မှာ ငါ့ကို လိုက်မရှာပါနဲ့ မြို့ကလေးရယ် ။
လင်းဒီပ
၂၅.၀၃.၁၀
site bar ကို ကြည့်လိုက်တော့ ကျွန်တော်ရေးပြီး ဘလောဂ့်မှာ တင်ဖြစ်တဲ့ကဗျာတွေထဲ ဒီကဗျာက အပုဒ်(၁၀၀)မြောက် ဖြစ်သွားတယ် ။ဘာရယ်မဟုတ်ဘူး ပျော်သွားပါတယ် ။ :)
Look back to memory lane
2 weeks ago