Monday, March 8, 2010

လင်းခွင့်မရတဲ့ လရောင်(၂)

နင့်ကို ငါ ချစ်မိတဲ့အကြောင်း ငါ့ကို ငါ မရိပ်မိဖို့ပါ
ငါ့ကို နင်ချစ်မိသွားတဲ့အကြောင်း နင့်ကို နင် မရိပ်မိဖို့ပါ ။

သစ်ရွက်ကလေးတွေကြားမှာ
နင့်ကိုယ်ရနံ့ကလေး သဲလွန်စ မကျန်ရအောင်
ကိုယ်ရောင်ဝှက်ရင်း နင်ထွက်ခွာ….။

ပန်းကလေးတွေကို စကားတတ်အောင် သင်ပေးပြီး
လေညင်းလေးတွေကို ရယ်မောတတ်အောင်သင်ပေးပြီး
ငါ့အနား အဖော်အဖြစ် ထားရစ်…။

စည်းကလေး မတားခဲ့ဘူး…
ခန်းစည်းစလေး မကာခဲ့ဘူး...
ငါက နှင်စရာ မလိုတော့ ပြန်ပါလို့ နင်မပြောခဲ့ဘူး ။

တစ်ယောက် တစ်လိပ်စီ ထုတ်သောက်ဖြစ်ခဲ့လည်း
နင်လည်း ရှိုက်မသွင်းခဲ့
ငါလည်း ရှိုက်မသွင်းခဲ့
တို့ပုံပြင်ကလေး ကင်ဆာ မဖြစ်ဖို့ရယ်…။

ဒီအဖြစ်လေးက
တို့ဘဝနှစ်ဆယ်ရာစု
အကျော်ကြားဆုံးတေးတစ်ပုဒ်
သတိရတိုင်း ထုတ်နားထောင်ကြတာပေါ့..။

ပျင်းပျင်းရှိတဲ့အခါ ဖုန်းခေါ်လိုက်ပါ
စကြဝဠာအကြောင်းမသိတဲ့ မြို့ကလေးမှာ
နင်နဲ့ငါ
ဟိုး….ဥယျာဉ်အဟောင်းထဲ
ရိုးရိုးလေး ဖူးပွင့်ခဲ့ဖူးတဲ့အကြောင်းတွေးရင်း
ဖုန်းမျှော်နေမှာပေါ့ သူငယ်ချင်း ။
လင်းဒီပ
၀၈.၀၃.၁၀

18 comments:

အိန္ဒြာ said...

ရိတ်မိကြတယ်လား

ဘာလို့ ရှိုက်မသွင်းဖြစ်ကြတာလည်း
ကင်ဆာ ဖြစ်လည်း
သေပျော်နေပြီပဲ...

ပုံပြင်လေး
ဲရဲရဲရင့်ရင့်လှပါစေ။

လင်းဒီပရေ
နင့်ကဗျာတွေ ဖတ်ပြီးတိုင်း
ဝိုင်ချို့ကို သတိရတယ်..

သူရေးတာတွေလည်း
ကဗျာကို စိုက်ကြည့်ပြီး မဖတ်ရဲဘူး
ကြွေကျသွားမှာစိုးလို့
နူးညံ့လှပတတ်ပုံပြောပါတယ်.။

jr said...

ဟုတ်တယ်.. ကဗျာလေးကုန်သွားမှာစိုးတယ်.. ဖတ်နေရင်းနဲ့။
ဖတ်ပြီးတော့လည်း ကုန်သွားဘီဆိုတဲ့ အသိနဲ့ နှမြောမိတယ်။
ဥယျာဉ်အဟောင်းလေးထဲ သူ ရောက်လာပါ့မလား ကိုဒီပရေ..

mirror said...

ခက်တယ်... ခက်တယ်..တော်တော်လေးကိုခက်တယ်။ ဘာပြောရမှန်းတောင် မသိတော့ဘူး။ :)
တကယ် မမန့်ချင်တော့ဘူး။

Moe Myint Tane said...

ဖုန်းနံပါတယ်ကျပျောက်သွားတယ်ပြောတယ်။
ခေါ်မယ် မထင်ဘူး။ (:

ကဗျာလေးကို ရွရွလေး ဖတ်သွားတယ်။
ကြွေကျသွားမှာ ဆိုးလို့။

စိတ်၏စေရာနာခံလေသာ
မိုးမြင့်တိမ်

မောင်ခင်လေး said...

ဖုန်းခကုန်မှာစိုးလို့ မခေါ်တော့ဘူး :P

ကိုအောင်(ပျူနိုင်ငံ) said...

ဖုန်းမျှော်နေသူအတွက် အမြန်ဆုံး ဖုန်းလာပါစေ။

မေ့သမီး said...

ကိုလင်းကလည်း ကောင်မလေးကနေ သူငယ်ချင်းအကြောင်းရေးပြန်ပြီ။ ဥယျာဉ်အဟောင်းထဲက ရိုးရိုးလေးဖူးပွင့်ခဲ့တဲ့အကြောင်း တဲ့လား။ လှတယ်။

အိုင်လွယ်ပန် said...

မအိန္ဒြာ ပြောသလိုပ ..။
ကဗျာ ကိုရဲရဲ စိုက်မကြည့် ဖြစ်ဖူး
ကြွေ ကျ မှာ စိုးနေခဲ့ :)

ညရဲ့ကောင်းကင် said...

ဟိုး….ဥယျာဉ်အဟောင်းထဲ
ရိုးရိုးလေး ဖူးပွင့်ခဲ့ဖူးတဲ့အကြောင်းတွေးရင်း.....

ကဗျာဖတ်ပြီး ငိုင်ကျသွားပါသည်။

ဟူး.....ဖုန်းခေါ်လာပါစေဗျာ..

နေ့ သစ် said...

ကြည်နူးစရာလေး အစ်ကို .... ။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ..

ဒီကဗျာလေးကို တိုးတိုးညင်သာလေး ဖတ်ဖြစ်လိုက်လို့ ကဗျာရဲ့ အရသာကို အထင်ကရ ခံစားမိလိုက်ရပါတယ် ကိုဒီပ ရေ..

ဒီအချိန်မှာဘဲ ဖုန်းခေါ်သံ ကြားလိုက်ရတယ်.. :): :)..

ခင်မင်စွာဖြင့်
ကိုမျိုး

khine Nwe said...

Phone Number က current ph no ဖြစ်ရဲ့ လား
အပြောင်းအလဲ တွေ ကို သူ သိနိုင်ပါ့မလား
စဉ်းစားသွားပါတယ် ............................

မယ်ကိုး said...

သူငယ်ချင်းတဲ့လား။ ကဗျာလေးက ဖြူဖြူရွရွ နုနုလှလှ။
အဖြူရောင်မှာ ...။

သီဟသစ် said...

:)
PFingo နဲ့ခေါ်ပေးလိုက်ပါ သူငယ်ချင်းရယ် လို့ ကိုရင်လင်း အစားပြောသွားပါတယ်။ နို့မို့ ၁၈၁၈ ဖိုးနဲ့ ကိုရင်လင်း ထိတော့မယ် :P

ခင်မင်စွာဖြင့်
သီဟသစ်

ရွှေပြည်သူ said...

ကဗျာဆုံးမှ အသက်ရှုဖို့ သတိရတယ်...

“ပျင်းပျင်းရှိတဲ့အခါ ဖုန်းခေါ်လိုက်ပါ
စကြဝဠာအကြောင်းမသိတဲ့ မြို့ကလေးမှာ
နင်နဲ့ငါ
ဟိုး….ဥယျာဉ်အဟောင်းထဲ
ရိုးရိုးလေး ဖူးပွင့်ခဲ့ဖူးတဲ့အကြောင်းတွေးရင်း
ဖုန်းမျှော်နေမှာပေါ့ သူငယ်ချင်း”

သတိမထားလိုက်မိဘဲ လူကို ငြိမ်ကျသွားတာပဲ...

moe khit said...

ကောင်းတယ်..အစ်ကိုရေ...
" တစ်ယောက်တစ်လိပ်စီ ထုတ်သောက်ဖြစ်ခဲ့လည်း
နင်လည်း ရှိုက်မသွင်းခဲ့
ငါလည်း ရှိုက်မသွင်းခဲ့
တို့ ပုံပြင်ကလေး ကင်ဆာ မဖြစ်ဖို့ရယ် "
စာသားလေးက ချစ်ဖို့ကောင်းတယ် ။
နောက်လဲ လာလည်ပါဦးမည် ။

သိင်္ဂါကျော် said...

ရိပ်မိသားနဲ့ မရိပ်မိယောင် ဆောင်ဖို့ရာ .. အကြောင်းပြချက် ခိုင်လုံရဲ့လား ဟင်...
:)

မမသီရိ said...

သူငယ်ချင်းလို့ပဲဆက်လို့ခေါ်မယ်.. ??? .... :)