Thursday, May 20, 2010

ကျွန်တော့် အေတူဇက်ကလေး (၁)

အစ်မ မနော်တဂ်ထားတဲ့ A to Z ကို ကဗျာတွေနဲ့ ကြိုးစားရေးကြည့်ပါတယ်။ ရှည်သွားလိမ့်မယ် ထင်ထားတာထက်ကို ပိုရှည်သွားလို့ နှစ်ခု ခွဲတင်လိုက်ပါတယ် ။ကျွန်တော်လည်း နားနားပြီး ရေးထားပါတယ် ။ နားနားပြီး ဖတ်ပေးပါ ။ ကြိုက်တဲ့ကဗျာလေးတွေကို ပြန်စုပြီး တွဲ တင်လိုက်တာပါ ။ ကဗျာဆရာပေါင်းစုံရဲ့ ကဗျာလေးတွေ ဖတ်ဖြစ်သွားတယ်ဆို ကျွန်တော့် အေတူဇက်ကလေး အွန်လိုင်းတက်လာရကြိုးနပ်ပါရဲ့ ။

A Artist

ကဗျာဆရာ

လျှာပေါ်မြက်ပေါက် အနက်ကောက်ရင်း

အာခြောက်လာလို့

ဘီယာတစ်ငုံ သောက်လိုက်တယ် ။

မောင်စွမ်းရည်


B Blue

ပင်လယ်

မြစ်တွေက

ငါ့ဆီရောက်မှ

ချစ်ခြင်း ဆုံခွင့် ရသတဲ့။

ငါကတော့

အဖော်မဲ့ပေါ့ ။

နီမာရှင်း


C Cowboy

နွားကျောင်းသား

တစ်မျှော်တစ်ခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ်နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံ ပြန်မကြားရဘူး
သီချင်းမသီဖြစ်ပါ
အရွက်မဲ့ သစ်ပင်အောက်မှာ
အိပ်မက်တွေ လွှတ်ကျောင်းထားပေမဲ့
မိုးမကျသေးတာမို့ ။

အိုအောင်

D Day

ပဉ္စလက်

မနက်ခင်းကလည်း

ချက်နို့ဆီနဲ့ အရောတဝင်ဖြစ်လို့

အီကြာကွေးသေးသေးလေးနဲ့ စစ်ပြေငြိမ်းလို့

သတင်းစာတွေက လက်မထပ်ပဲ အတူနေလို့ ။

နေ့ခင်းကျတော့…

ရေလိုက်ငါးလိုက်ဝါဒကို မျက်မှန်တပ်လို့

အစာအိမ်ကို ဗြူတီဆလွန်းပို့ရ

မျှော်လင့်ချက်နဲ့ စစ်တုရင်ထိုးရနဲ့

(သူပဲ ပွဲတိုင်းရှုံးလေ့ရှိတယ်)

လူဆိုတာ…

စနစ်တကျ ပျက်စီးတတ်ဖို့ပဲ လိုတယ်

ညကျရင်

ဂျနီဖာလိုပက်ကို

အိပ်မက် မက်ပစ်မယ် ။

သစ္စာနီ


E Error

ခေါင်

ထုပ်၊ လျောက်၊ ဒိုင်း၊ မြားတို့အပေါ်
တလေးတစား ထမ်းတင်ထားတာ
ခန့်ခန့်ကြီးထိုင်နေဖို့တော့ မဟုတ်ဘူး
ရှိစုမဲ့စု အိမ်ရဲ့ အစိတ်အပိုင်းအားလုံးနဲ့
လူလူသူသူ ထိပ်မှာရွက်ထားတာ
ဝင့်ကြွားဖို့ သက်သက်တော့ မဟုတ်ဘူး
စကားဆိုတာ များများပြောဖို့ မလိုဘူး
ပြောလိုက်တဲ့ စကားတိုင်း
မှန်နေဖို့ပဲ လိုတယ်
အမြင့်ပိုင်းမှာ နေသာပြီး
အနိမ့်ပိုင်းမှာ ထစ်ချုန်းနေတဲ့ ရာသီဥတု
ဘယ်သူက ပြုစားလိုက်တာလဲ
ရေဒဏ်မိုးဒဏ်တွေနဲ့
အိမ်ရဲ့ အသံကလည်း တိမ်နေပြီ
နေစားလေစားနဲ့
အိမ်ရဲ့ အရောင်အသွေးကလည်း မှိန်နေပြီ
ခေါင်ကသာ
နည်းမှန်လမ်းမှန်နဲ့ ကာကွယ်စောင့်ရှောက်ပါစေ
အိမ်ဟာ ပန်းတွေဝေအောင်ပန်လို့
ခေါင်းကို မော့နေအောင်ထောင်ပြလိမ့်မယ်
တစ်ခုတော့ရှိရဲ့
ခေါင်က ခေါင်မမည်သရွေ့တော့
အိမ်ကလည်း အိမ်စဉ်မှီဦးမှာ မဟုတ်ဘူး ။
ညိမ်းညို


F Fire

…….

…….

နှလုံးသားတစ်ရပ်စာ မြင့်တဲ့

မျှော်စင်တစ်ခုဆောက်ပြီး

ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်

မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်နေရဲ့ ။

(မောင်သိန်းဇော်)


G Green

သူမ

ကောက်နှံပြည့်လယ် ၊ စန္ဒကူးတော

မြင့်မားသော ရယ်သံ ၊ အတိုင်းမသိ လျှို့ဝှက်ချက်များ

သုံးရာသီရေတံခွန် ၊ နတ်သမီးပုံပြင်

ကြီးမြတ်သောဝါကျ ၊ သမားကောင်း ၊ ဓားတစ်လက်

အိုအောင်


H Home

အိမ်

ပလတ်စတစ် အကြည်သားပေါ်

တိမ်တွေရေးဆွဲချလိုက်ပြီး

တိမ်အိမ်လေးဆောက်ခါ ဝင်လိုက်မိ

ဘယ်လိုမှ ပြန်ထွက်လို့ မရတော့ဘူး ။

မောင်ချောနွယ်


I Innocent

ပတ်ဝန်းကျင်

မုန်တိုင်းထန်မှ ပန်းကြွေကျတာ

မဟုတ်ပါဘူး လေရူးဝေ့ရုံ

နှင်းထန်ရုံနဲ့ ပန်းငုံလေးတွေ ကြွေတတ်ပါတယ် ။

မောင်စိန်ဝင်း(ပုတီးကုန်း)


J Justice

တော်လှန်ရေး

ဆူးစူးဝင်၍ အပ်နှင့်ထွင်သည်

အသင်ဘာပြောချင်သနည်း ။

မောင်သာရ


K Knight

သူ့ရေတွေ ဖောက်ချခံနေရတဲ့ ငါး

ငါးဟာ
အပျင်းပြေ အသတ်ခံဖို့အတွက်တော့
နွံအိုင်ကို ခံတပ်လုပ်မနေဘူး....

သူ့အကြေးခွံ လှန်မပစ်နိုင်သေးသ၍...

သူ့ယုံကြည်ချက် ရွှံ့တွေ နွံတွေကြား
သူ့သစ္စာတရားကနေ
ပတ္တမြား ထပွင့်နိုင်ကြောင်း ပြလိမ့်မယ်။
အိန္ဒြာ
(၁၃.၃.၂၀၁၀)


L Life

သစ်ခုတ်လှေ

ပုခက်လုပ်နေတဲ့လှေကလေး

ပင်လယ်လှိုင်းများ ပုတ်ခတ်ကျီစယ်

အမေ့လက် ရေပက်ခွက်မှာ မောဟိုက်နေပေါ့

အဖေ တက်ခတ်ရင်း

သမားရိုးကျ သီချင်းတစ်ပုဒ်ဆိုတယ်

သား ဘယ်ကမ်းခြေမှာ ငိုရမလဲ ။

မိုးသစ်

ရုပ်ရှင်တေးကဗျာ

Oct 1997


M Mistake

မရီရတဲ့ကဗျာ
အမြစ်ကိုထိလို့မှ မနာတတ်ရင်
အသီးအကြောင်း မပြောကြကြေး။

ကြက်သွန်တွေနာတတ်သလားဆိုပြီး
တလွှာချင်းခွာကြည့်မိတယ်
သူတို့ကတော့ ဗလာ
ကိုယ့်မှာသာ မျက်ရည်တွေကျလို့ ...။

တင်မင်းထက်

N Native

နောက်ဆုံးခံတပ်

ရန်ကုန်အကြောင်းဆို
သွေးမတိတ်လို့ ငါ့သူငယ်ချင်းတွေလည်း
ငါ့ကို့ မြင်ပြင်းကပ်လှရော့မယ်
ဒီတစ်ခါလည်း ငါရေးပါရစေ…
ဒီတစ်နေ့ပေါ့
အမှိုက်တွေပုံထားတဲ့ ဘဏ်လမ်းထဲမှာ
ငါ့ကျောင်းနေဖက်ဇော်မင်းနဲ့တွေ့တယ်လေ..
လမ်းဘေးလက်ဘက်ရည်ဆိုင်လေးမှာထိုင်ပြီး
ငယ်ငယ်က အကြောင်းတွေကို
ရေနွေးကြမ်းနဲ့မြည်းတာပေါ့..
ဘိုစိန်ကဆန်ဖရန်စ္စကိုရောက်နေပြီး
အသေးလေးက ဆွှစ်ဇာလန်မှာတဲ့
ဝင်းနိုင်က အင်းစိန်မှာ
ဒီဗီဒီစက်တွေပြင်နေပြီး
အာကာကျော်က ကျောက်ရေတွင်းမှာ
ရန်ကုန်မြို့ထဲမှာလူနည်းနည်းလေးပဲ
ကျန်တော့တာငါစဉ်းစားမိတယ်…
ကိုဆင်ကြီးက ချန်ဂီလေဆိပ်အ၀င်မှာ
အဆက်အသွယ်ပြတ်တောက်နေပြီး
မခိုင်ရည်က သူ့ယောကျာင်္းရှိရာ ရှန်ဟိုင်းကို
လိုက်သွားတယ်တဲ့…
ရန်ကုန်မြို့ကို
ငါတို့ လူနည်းနည်းလေးနဲ့ခံတိုက်နေရတယ်
သူငယ်ချင်းကနောက်ဆုံးရထားနဲ့အိမ်ပြန်တယ်
ငါက ဒူးမလွတ်တဲ့ အဓိပတိတက်စီးပြီး
အင်တာနေရှင်နယ်စတန်းဒတ်က
ငါတို့ရန်ကုန်နဲ့ စကေးမကိုက်တာကို
စိတ်ပျက်နေမိတယ်…
ဒါပေမယ့်
ဒါဟာငါရဲ့နောက်ဆုံးခံတပ်ပဲ
အလုပ်လက်မဲ့အခြေအနေမှာတောင်
ငါရန်ကုန်က ဆုတ်ခွာလို့မရခဲ့ဘူး….။

မိုးလှိုင်ည


O Oyster

မုတ်ကောင်

ခဲလေးတစ်လုံးပါပဲ

အမှတ်မဲ့ မျိုချ

စူးစူးရှရှ ယားယားယံယံ

အန်မပစ်ရက် ပေါင်းတင်ပွေ့ပိုက်

ရင်အခွဲ ခံလိုက်ရတယ်။

တိုးရဲ

ရုပ်ရှင်တေးကဗျာ

FEB 1998


နောက်တစ်ခြမ်း ဆက်ဖတ်ပေးပါဦးဗျာ ။ နောက်နေ့တင်ပါမယ့် ။

14 comments:

အိန္ဒြာ said...

စာမူခလာတောင်းတာ

စိတ်ကူးလေးကောင်းလိုက်တာ လင်းဒီပရယ်..

မနော်..နာမည်ထည့်ရိုက်ရကျိုးနပ်သွားတယ်

:P said...

တော်တော်ကြိုက်တယ်။
နောက်တစ်ပိုင်းစောင့်ဖတ်မယ်။

kay said...

ချစ်စရာ ကဗျာလေးတွေ စုဖတ်ရတာ..အရသာ ရှိ..

pandora said...

အိုင်ဒီယာကောင်းတယ်...
စုစည်းထားတာ ချစ်စရာ

littlebrook said...

COOL IDEA
ကောင်းလိုက်တဲ့ စိတ်ကူးညဏ်
ကဗျာဆရာ ကဗျာအကြောင်းမှမပြောရင် ကဗျာဆရာမဟုတ်တော့ဘူး ...
နောက်တစ်ပိုင်းစောင့်နေတယ်ဗျာ

ပိုင်မင်းဆွေ said...

လှတဲ့အစီအစဉ်လေး။

ဂျူနီယာလွင်ဦး said...

စောင့်ဖတ်တယ်။
ကဗျာဆရာ ဘာတွေစားလို့ ဒီလောက်စိတ်ကူးကောင်းလဲ မသိဘူး။း)

mirror said...

ဒီကဗျာဆရာကိုတော့ လုံးဝ ကိုမနိုင်တော့ဘူး။ ကဗျာတွေ သောက်တယ်၊သောက်တယ်ဆိုပြီး ကဗျာတွင်းနက်ထဲကို ဆင်းသွားတာ ဘက်ဟိုးနဲ့ ကလော်ထုတ်တောင် ထွက်လာပါဦးတော့မလား။ :D

မိုဃ်းဇော်လေး ဘာလေးများ Quota မကျန်တော့ဘူးလားဗျ။

Sein Lyan Tun said...

ကြိုက်တယ်.

အိုင်ဒီယာရော..

အတွေးရော..

ကဗျာတွေရော။။

thaingarra said...

နွားကျောင်းသား ၊ ပဉ္စလက် ၊ သစ်ခုတ်လှေ ၊

မရီရတဲ့ကဗျာ ၊ မုတ်ကောင် တို့ကို ...

အထူးအားဖြင့် နှစ်သက်မိပါကြောင်း ... :)

MANORHARY said...

ကောင်းလိုက်တာ လင်းဒီပရေ
ကဗျာတွေ တစုတစည်းနဲ့ ဖတ်ရတာ အရသာရှိလိုက်တာ ...
ဆက်ပါဦး ...
ကျေးဇူးတင်ပါတယ် ...

သိင်္ဂါကျော် said...

A to O က ကဗျာကောင်းလေးတွေချည်း စုစည်းထားတာ ပါလား...။

မယ့်ကိုး said...

လေးလေး သိပ်တော် :D

Maung Myo said...

ကြိုက်တယ် တကယ့် ကဗျာကောင်းတွေပဲ ကျေးဇူး ။