မနေ့ညက A ကနေ O အထိ ကဗျာဆယ့်ငါးပုဒ်တွဲပြီး တင်လိုက်တာ ဖတ်ပေးကြတဲ့အတွက် အတော်ပျော်မိပါတယ်။ ကျွန်တော်က ကဗျာသမားဆိုတော့ ဧည့်သည်ကို ဧည့်ခံစရာ ကဗျာကလေးတွေပဲ ရှိပါတယ်ဗျာ။ အခု ကျန်တဲ့ P ကနေ Z အထိ တင်လိုက်ပါတယ် ။ ဒီတခါတော့ နည်းနည်းရှည်တဲ့ ကဗျာလေးတွေ ရွေးထားပါတယ် ။ဆက်ဖတ်ပေးကြပါဦးနော် ။
P Pain
ကြေးစား
မွန်းကျပ်နေရတဲ့အထဲ
အိမ်အပြန် အလုပ်သမလေးရဲ့
ဣနြေ္ဒသိက္ခာကို
မထိပါးလိုဘူး ။
‘လော်ရန်ဇို’ ဆက်တီပေါ်မှာ
မာတီနီနဲ့ ဇိမ်ကျနေတဲ့
ကျားသစ်မတွေရဲ့ သွေးညှီနံ့ကိုသာ
တစိမ့်စိမ့် အရသာခံချင်တယ် ။
ကြိုက်ရင်ခေါ်လိုက်လေ
ကော်ဖီတစ်ခွက်နဲ့ လိုက်ခဲ့ဖို့ ဝန်မလေးသူ
သူ့နာမည်က ‘မိုဃ်းဇော်’
ဒါမှမဟုတ်
ခေတ်ကြီးရဲ့ တန်ဖိုးအကြီးဆုံး ယဇ်ကောင်တဲ့ ။
မိုဃ်းဇော်
Q Quill
အလင်္ကာ
ထိတွေ့စမူ
နားဝမှာလျှင် ၊ ကျယ်လောင်သွင်တည့်
မြင်လိုက်သည့်ခါ ၊ အာရုံမှာလည်း
မှုန်ဝါးမစင် ၊ ဝိုးဝါးထင်၏
ပဲ့တင်သံကား ၊ တိမ်တိုက်ကြားဝယ်
လွင့်ပါးလှိုင်းဝေ ပမာတည်း။
ခံစားတတ်မူ
မြင့်မြတ်ပညာ ၊ အလင်္ကာကား
မြင်ရာကြားမှု ၊ အာရုံစုကို
မနုမရိုင်း ၊ ပဲ့တင်လှိုင်းဖြင့်
လွင့်တိုင်းသံလွင် ၊ ကြည်ဘဝင်မှာ
ယဉ်ယဉ်ငြိမ့်ငြိမ့် လှသတည်း။
ဒဂုန်တာရာ
R Remembrance
အချစ်ဦး
တစ်သက်တစ်ခါ တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့် ငုံအဆင်မို့
ရင့်လို့ပဲဝါ၀ါ...
ညှာတံပဲပြုတ်ပြုတ် ဖြုတ်ခနဲပဲကြွေကြွ..
မြေမှာပဲရောက်ရောက်.....
ဖွဖွလေးကောက်လို့...
ပန်းခြောက်ကလေးပဲ မြတ်နိုးမယ်...
မောင်စိန်ဝင်း(ပုတီးကုန်း)
S Slave
ချစ်သူ
ကိလေသာ အအေးဓာတ်တို့
အရိုးထဲ ပတ်ဖွဲ့လာတဲ့အခါ
စောင်တစ်ထည်ထဲ တို့နှစ်ယောက်ခြုံကြတယ် ။
အချစ်ရယ်
ဒါဟာ ဘုရားမကြိုက်တဲ့ ကိစ္စပါလို့ မင်း ကမပြော
ဒါဟာ ရှောင်လွှဲမရနိုင်တဲ့ သဘာဝတရားကြီးပါလို့ ငါက မဆို
ရင်ခုန်ကြရုံသက်သက်ပဲ
ပြီးတော့
တစ်ယောက်ကို တစ်ယောက်
ကမ္ဘာထဲက ကန်ထုတ်ကြပြန်ရော ။
မိုဃ်းဇော်
T Truth
ကိုက်လမ်း
ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ်နေ့စဉ်
ငါ့ ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင် မြက်ပင်ငယ်လေးတွေကို ကိုက်ကိုက်ပြီး
ငါ ထွက်လာခဲ့မြဲ
ခု…
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့ ။
မောင်ချောနွယ်
U Universe
အ နေတဲ့လက်
မှော်အဝင်လွန်နေတဲ့ကဗျာ
တစ်ပုဒ်လုံးပြိုပြိုကျနေ….
အမေ
အိုင်လွယ်ပန်
Idea, May 2010
V Villian
စစ်
ကောင်လေးက
အုန်းလက်နွားလေး စီးလို့
အမေပျောက်ကို ရှာတယ်
ကောင်မလေးက
ကျောက်တုံး ပြက္ခဒိန်လေးဆောက်ပြီး
အဖေ့ ..
လာလမ်းကို မျှော်လို့ ။
သူရနီ
W Worthy
ကာလတန်ကြေး
ဝတ်လစ်စလစ်
ချစ်စရာဟန် နိုင်ငံခြားဖြစ်
ပလစ်စတစ် တစ်ရုပ်…
ကားရှေ့ချိတ်ရန် တန်ဖိုးငွေကြေး
ရာကျော်ပေး၍ ဈေးတည့်ဝယ်သူ ပေါ်လာချိန်…
ပလက်ဖောင်းဘေးမှာ…
ညကြေးငါးဆယ် ရောင်းဝယ်မဖြစ်
လူအစစ်မူ…
ဈေးစစ်ခံနေရတကား ။
မောင်စိန်ဝင်း(ပုတီးကုန်း)
X (Roman numeral for 10)
2010
???????????
Y Yesterday
နှုတ်နှေးခဲ့သည်
မောင်နဲ့တွေ့လျှင်
ချမ်းမြေ့ပျော်လည်း သူဝမ်းနည်းပြန်
မသဲမကွဲ နှစ်ယောက်တည်းပင်
မိုးဖွဲ့နုညက် ဆံနွယ်ခက်ကြား
တစ်စက် တစ်စက် လျောသက်တွယ်ခို
ညို့ညို့လဲ့မှောင် ကော့မျက်တောင်မှ
ဝေ့ယောင်သီဝဲ မျက်ရည်ပဲလား
မသဲမကွဲ မိုးရေပဲလား
ဆိုရဲခက်ခက် မမေ့ရက်လို့
ပင့်သက်ပူနွေး မှိုင်မောငေးဆဲ
နွဲ့ထွေးနှမ ပြုံးအေးမြတော့
နောင်တနောက်ကျရပြန်သည် ။
ကြည်အေး
Z Zero
တကယ့်ကဗျာ
ပြိုတော့မယ့် တိုက်အိုကြီးပေါ်မှာ
မပြိုပါဘူး တွေးပြီးနေတာ
ငါတို့အရည်အသွေးပေါ့။
ဘုရားပန်းလဲတယ်
သောက်တော်ရေကပ်တယ်
ဆွမ်းတော်တင်တယ်
စိတ်ကိုချမ်းသာနေတာပဲ။
သုခမိန်လှိုင်
Idea, April, 2009
ပြီးအောင် ဖတ်ပေးသွားတာ ကျေးဇူးအများကြီးတင်ပါတယ် ။ ဒီလို စုစည်းဖြစ်သွားအောင် တဂ်လိုက်တဲ့ အစ်မ မနော်ကိုလည်း အထူးကျေးဇူးတင်ပါတယ် ။ ဒီပိုစ့်ထဲက ကဗျာတွေအတွက် မူရင်းကဗျာရေးသူများဆီ အတတ်နိုင်ဆုံး အသိပေးခဲ့ပါတယ် ။ အသိပေးဖို့မလွယ်တဲ့ ဆရာ ဆရာမကြီးများကို ဒီနေရာကနေ လေးစားစွာ ဦးညွှတ်ပါတယ် ။ ကျွန်တော် နေ့စဉ် ရှင်သန်မှုထဲမှာ ဒီကဗျာတွေက အဓိကကျတဲ့ဇာတ်ကောင်တွေမို့ပါ ။ ကျွန်တော် ကဗျာတွေကို ချစ်တယ် ။ မချစ်တတ်သေးတဲ့ လူတွေကိုလည်း ချစ်တတ်အောင် ဆွဲခေါ်ချင်ပါတယ် ။ဘဝတွေ နေကောင်းထိုင်သာရှိဖို့ပါ ။
ဒီလအတွက်တော့ ဒီပိုစ့်က နောက်ဆုံးပိုစ့်ပါ ။ နောက်လမှ ပြန်ဆုံကြပါစို့ရယ် ။ဂျွန်လရဲ့မိုးရေစက်များထဲမှာ ပေါ့ဗျာ.. :P
မောင်နှမအားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၂၁.၀၅.၁၀
16 comments:
ရှစ်ရက့်ကျန်သေးတယ်။ ကောင်းလား။
၁၅ပုဒ်တွဲတင်လိုက်တယ် ဆိုတာ ကဗျာဆရာပြောမှပဲ သိတော့တယ်။
ကဗျာထဲစီးမြောသွားတော့လေ။
P ကနေ Z ထိ လာဖတ်သွားပါတယ်။
ခင်မင်လျှက်
ဂျူနီယာလွင်ဦး
နောက်လမှ ၀င်စို့ပြန်လုပ်ပေါ့ဗျား)
A to Z ပိုစ့်လေးကို (၂) ပုဒ်လုံး တခါတည်း ဖတ်လိုက်ပြီးမှ မန့်လိုက်တယ်နော်။
ကဗျာလေးတွေ အရေးကောင်းသလို အတွေးလေးကလည်း ကောင်းတယ် ကိုလင်းဒီပရေ..။ တမျိုးလေး ထူးထူးခြားခြား ရေးထားတာလေး ဖတ်လိုက်ရတယ်။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
slave ကဗျာလေးကို အထိဆုံးပဲ
အဆုံးထိ ဆုံးသွားပါတယ်
Thanks .........
I like this post too.
ကြိုက်တယ်ဗျာ။pdf version လေးလုပ်ထားပါလား။
ကျေးဇူးပါပဲ။ ဆရာကြီး၊ ဆရာလေးတွေနဲ့ ယှဉ်ပြီး ကိုယ့်ကဗျာကိုတွေ့ရတော့ ရင်ဘတ်ကြီးတောင် နည်းနည်းကော့သွားတယ်:P
ကျွန်တော်လည်း အဲဒီတဂ်ရေးရဦးမယ်။ သီချင်းတွေနဲ့ ရေးမလား စိတ်ကူးထားတာ ကိုလင်းဒီပ စိတ်ကူးက ပိုလှသွားတယ်။ (ခိုးချရမည့် စိတ်ကူးများမှာ စာရင်းတို့ထားလိုက်ပါတယ်။)
အနေအထိုင်ဆင်ခြင်နော်...
လူစည်ကားရာမသွားနဲ့..
အဲ...
လူုပြတ်တဲ့နေရာတွေချည်းလည်း သွားမနေနဲ့ဦးးးးး
ပိတ်ရက်မှာ နှစ်ပိုင်းလုံးကို လာဖတ်တာ အရမ်းကို စိတ်ချမ်းသာသွားပါကြောင်း တကယ်.. (:
clapping
ဂျွန်လ၏ မိုးရေစက်များ .. များများသာရွာပါ ..
ဂျစ်ပဆီမိုးတိမ်သီချင်းကို အော်ဆိုရင်း ကြိုပစ်မယ်
ကဗျာတွေကို အေကနေ ဇက်ထိ စုစည်းထားတာ
ကောင်းလိုက်တာ .. မှတ်မှတ်ရရပါပဲ ...
မနော်
ရေးတတ်တဲ့ သူများကျတော့ အားကျစရာကောင်းလိုက်တာ ။ ညီလည်း ရေးချင်တယ် တဂ်မယ့်သူမရှိဘူး Edit လုပ်ပြီး ပြန်တဂ်း) ဇွတ်ပဲနော့် ။
ကဗျာတွေရွေးထားတာ တော်တော်များများအကြိုက်ချင်းတူတယ်။
ပို့စ်နှစ်ခုလုံးကို ကြိုက်တယ်။
A to Z တွေထဲမှာ တွေထဲမှာ သိသာတယ်။
အိုင်ဒီယာကောင်းတယ်။
ဒီလောက်ကောင်းတဲ့ အိုင်ဒီယာအတွက် ... တစ်ခွက်တစ်ဖလားလောက် သောက်လိုက်ကြရအောင်လားဗျာ .....။
(ဟေ့လူ .. အအေးပြောတာနော် ...။ :P)
ခုတစ်ခေါက် လာထပ်ဖတ်တာ အောက်မှတ်ချက်ကိုဖတ်ပြီး ပြောချင်တာနဲ့ ကျနော်လည်း ကဗျာတွေကို ချစ်တတ်လာတာ သိပ်မကြာသေးဘူးဗျ ။ နောက်လပြန်ဆုံမယ်ဆိုတော့ ထီးတစ်ချောင်းပိုယူခဲ့ နှာစေးမှာကြောက်လို့ ။
ကြေးစား ၊ ချစ်သူ ၊ တကယ့် ကဗျာ ...
ကြိုက်မိပါတယ် ...။
ကိုက်လမ်းကတော့ ...
ကိုးကွယ်ထားတဲ့ ဂါထာတစ်ပုဒ်လိုမို့ ...
ထည့်မပြောတော့ပါဘူး ကိုလင်းဒီပရေ ... :)
Post a Comment