Thursday, July 15, 2010

ညစာစားပွဲ

၂၄ နာရီ အလင်းမြို့ပြရဲ့ တောက်ပဆိုင်တစ်ဆိုင်ထဲ
ခင်ဗျားနဲ့ ကျွန်တော် ညစာ အတူတူ စားသုံး
နောက်ခံတေးသွားမှာ ဝါးဟားဟားတွေ များနေတယ် ။
ခင်ဗျားမှာ ရှိတဲ့ အချိန်လေးနည်းနည်းရယ်
ကျွန်တော်မှာ ရှိတဲ့ အချိန်လေးနည်းနည်းရယ် ပေါင်းပြီး
ဒီညစာကို အတူတူ စားကြတယ် ။
ကျွန်တော်က ခင်ဗျား အမျိုးသားရဲ့ အလုပ်အကိုင် အကြောင်းတွေ မေးနေမိတယ် ။
ခင်ဗျားက ကျွန်တော်နဲ့လက်ထပ်တော့မယ့် မိန်းကလေး ဆက်တက်နေတဲ့ ကျောင်းအကြောင်း မေးတယ် ။
ခင်ဗျားနဲ့ကျွန်တော်ဟာ
အရင်ကလို တစ်ယောက်နဲ့ တစ်ယောက် ဈေးကစားတဲ့ မျက်လုံးတွေ မရှိတော့ဘူး ။
ခင်ဗျားအပြုံးကို မှော်ဆန်တဲ့ ကုန်းမို့ကလေးလို့ ကျွန်တော် မခံစားမိတော့ဘူး ။
ခင်ဗျား ချကျွေးမယ့် ချောကလက်တွေကိုလည်း ကျွန်တော် မဆာလောင်တော့ဘူး ။
“ခင်ဗျားက ဘယ်ဥပဒေနဲ့မှ တရားစွဲလို့ မရအောင်လှတယ်ဗျာ” အဲလို ပြောခဲ့ဖူးတာ ကျွန်တော် မမှတ်မိတော့ဘူး ။
နှစ်ဆယ့်နှစ်နှစ်သားရဲ့အတွန့်အခေါက်စကားလုံးလေးတွေ ကျိုးကြေကုန်ပြီ ။
နှစ်ဆယ့်သုံးနှစ်ကောင်မလေးရဲ့ မာယာမိတ်ကပ်တွေ ပျက်ကုန်ပြီ ။
ခင်ဗျားကလည်း
နှုတ်ခမ်းဆိုးဆေးလေး မပျက်ရုံ ဘဝအကြောင်းပြောတဲ့ အရွယ် မဟုတ်တော့ ။
ကျွန်တော်ကလည်း
ရှပ်အင်္ကျီလက်ရှည်ထဲ ချွေးတစ်စက် မထွက်ဘဲ ဘဝကို မောပြတဲ့ အရွယ် မဟုတ်တော့ ။
သုံးဆယ်ကျော်မှာ ကျွန်တော်တို့က ဘဝကို နည်းနည်း ရိပ်မိလာသလိုပဲ ။
ကျွန်တော် သိပ်ပြန်လာချင်တယ်ဗျာ အဲလိုပြောမိတော့
ခင်ဗျားကလည်း ပြန်လာပါ လုပ်ငန်းတစ်ခုခု ပေါင်းလုပ်ကြတာပေါ့ ။
ကျွန်တော်တို့ဟာ ဘဝကို တဝက်လောက် နေထိုင်ခဲ့ကြပြီ ဆိုတော့
တစ်ယောက်ဒဏ်ရာကို တစ်ယောက် ပို စာနာတတ်လာသလိုပဲ ။
ကျွန်တော့်တစ်ကိုယ်လုံးလည်း လောကဓံဂျိုချက်တွေချည့်ဗျာ
ခင်ဗျားလည်း ခင်ဗျားမျှားနေတဲ့ ပင်လယ်နဲ့ ခင်ဗျား
မောနေတာ ကျွန်တော် တွေ့တယ် ။
ကျွန်တော်တို့ စကားလုံးတွေကို တထိုင်တည်း တဝကြီး စားကြတယ် ။
မကုန်ဘူး ပြောစရာတွေ
မပြောဖြစ်ခဲ့တာတွေ
ပြောမှ ဖြစ်မှာတွေ
ပြောရဲသွားတဲ့ စကားတွေ
ဆိုးဆေးမပါတဲ့ စကားတွေ
(ကျွန်တော်တို့နှစ်ယောက်ရယ် စကားလုံးတွေရယ်)
အတူတူ ထပြန်ကြတော့ ညဆယ်နာရီ
တည်းခိုတဲ့ဆီ လိုက်ပို့ပေးရမလား ကျွန်တော် ခင်ဗျားကို မမေးလိုက်ဘူး ။

လင်းဒီပ
၁၅.၀၇.၁၀


ရင်တွင်းစကား

ဖြစ်နိုင်ရင် ကျွန်တော်ကဗျာတွေ အများကြီးရေးချင်ပါတယ် ။ တစ်ပတ်ကို ကဗျာဖြစ်ဖြစ် စကားပြေဖြစ်ဖြစ် နှစ်ပုဒ်လောက် တင်ချင်ပေမယ့် ရေးချင်တိုင်း လက်ကလိုက်မလာတဲ့အခါ အေးစက်နေတဲ့ ဘလောဂ်ဖြစ်ဖြစ် သွားပါတယ် ။ အဲဒီဘလောဂ်ကိုပဲ လာဖတ်ပေးကြလို့ အများကြီး ကျေးဇူးတင်ပါတယ် ။အများကြီး မရေးနိုင်တဲ့အခါ ရေးနိုင်သလောက်တော့ ဆက်ရေးနေပါဦးမယ် ။ အားလုံးကို ခင်မင်လေးစား ကျေးဇူးတင်ပါတယ်ဗျာ ။

13 comments:

khin oo may said...

ချစ်ခဲ့တဲ့အချစ်တွေ............
ဘာဘဲဖြစ်ဖြစ်ပါ.........
ချစ်ခဲ့တာတွေကိုတော့..


လိုက်ပို့စရာမလိုပါဘူး.
ရင်ထဲကနေ....

khin oo may said...

ရေးနိုင်သလောက်ပေါ့။ တွန်းချစရာမလိုပါဘူး. အသက်ကလေးရှိနေရင်ပြီးတာဘဲ။ ခံစားချက်ရှိတဲ့အခါ ရေးစရာနေရာလေးရှီတာပေါ့။

သိင်္ဂါကျော် said...

ကဗျာလေးက ဘဝစာမျက်နှာတွေကို ချပြတဲ့ ဇာတ်လမ်း တစ်ပုဒ်လိုပဲ..

mirror said...

ထူးဆန်းထှာ.. အတည့်ကြီးကို ပြောင်းလဲသွားတာပဲ..။း)

ဒီကဗျာဖတ်ပြီးတော့ ချဉ်ရည်ဟင်းထဲက ဒန့်သလွန်သီး အရင့်တွေကို ပြေးသတိရတယ်။(ဟမ်..ဘာမှလဲမဆိုင်ဘူး)

ywartharlay-ytu said...

ခင်ဗျားဗျာ

မနက်မိုးလင်းမှ ထလာရတယ်လို့

jr said...

အများကြီးပြောချင်နေမှန်းသိသာတယ်ဗျ။
ကဗျာက ပေါင်မုန့်တစ်ချပ်လုံးထည့်ထားတဲ့ပါးလိုဖောင်းနေတာပဲ။
ဒီလိုလေး.. (^_^)
:D

Zephyr said...

ငါ့ရှင်နှယ် ..
လူပုံက ရိုးပုံရိုးရက်နဲ့ ...
သစ်တောက်ငှက်တွေ တယ်များသကိုး ....။

ကဗျာကိုတော့ကြိုက်တယ် ...။

နေ့ သစ် said...

“ခင်ဗျားက ဘယ်ဥပဒေနဲ့မှ တရားစွဲလို့ မရအောင်လှတယ်ဗျာ”

အစ်ကိုကြီးရေ ... လေးစားပါတယ်
ထွက်လာသမျှ ... ။

littlebrook said...

တရားချလိုက်သလိုပဲ
ကိုလင်းဒီပ .. :)

နေ၀သန် said...

အက်ဆေးလေးလားဗျာ..။ သိပ်လှတယ်.. ရေးထားတာ...။ ဘာပြောရမယ်မှန်းတောင်မသိဘူး...


ခင်မင်တဲ့
နေ၀သန်

မောင်မျိုး said...

သုံးဆယ်ကျော်မှာ ကျွန်တော်တို့က ဘဝကို နည်းနည်း ရိပ်မိလာသလိုပဲ ။

ကျနော်လည်း ဘ၀ကို ရိပ်မိဖို့ အချိန်ဆိုတဲ့ စက်ဝန်းကြီးကို စောင်းရအုံးမှာပေါ့ ။ မပြောဖြစ်ခဲ့တဲ့ စကားတွေမှာ အချိန်နဲ့နေရာ အခြေနေတွေကြောင့်ပေါ့နော့်  ။ ဒီကဗျာကိုဖတ်ပြီး ကိုဒီပကြီးမှာလည်း ရင်ခွင်ဟောင်းတစ်နေရာရှိခဲ့ဖူးတယ်ဆိုတာ သိလိုက်တယ်း) ညကြီးအချိန်မတော်ဆိုတော့ လိုက်မပို့နေပါနဲ့တော့လေ ဟုတ်တယ်ဟုတ် ။

ရေးချင်တဲ့ အချိန်မှရေးပါ ဒီလိုပါပဲ အေးစက်ပေမယ့် ဒီဘလော့က ကော်ဖီတွေကိုသောက်ရတာ သဘောကျတယ် အရမ်းအေးသွားတော့လည်း ice -coffee လေးပေါ့ ။

ဂရေစ့် said...

အရေအတွက်များများမတင်နိုင်ပေမဲ့
(အရည်အသွေးပြည့်ဝတဲ့ကဗျာကအကြိမ်တရာဖတ်လည်းမရိုးနိုင်ဘူး...) ဒီလိုကဗျာတွေရှိနေမှတော့ဘယ်လိုအေးစက်တဲ့ဘလော့ဂ်ဖြစ်မှာလဲ။

ကဗျာလေးကို အရမ်းနှစ်ခြိုက်မိရ်ျ ဖန်တီးသူကိုကျေးဇူးတင်ပါကြောင်း.....

မမသီရိ said...

မမ ငယ်ငယ်တုန်းက ရီးစားများတဲ့သူငယ်ချင်းတွေ ကြည့်ပြီး ပြတ်သွားတဲ့ရီးစားတွေနဲ့ နောင်တချိန် သူတို့ ပြန်တွေ့ကြရင်ဘယ်လိုနေမလဲ လို့ အမြဲစဉ်းစားခဲ့ဖူးတယ်..
ခုတော့သိပြီ ...း)..
ရီးစားဟောင်းတွေ ပြန်တွေ့တာ ဘယ်လိုနေသလဲလို့..း)..
တဆက်တည်း ဆက်တွေး မိတယ်.. အင်း.. ကဗျာဆရာနဲ့ ရီးစားဖြစ်ရင်လဲ.. အရာရာ ပေစာတွေ ဖွဲ့ခံနေရတော့မှာပဲ လို့..း)..
ချစ်နေတုန်းမှာ ချစ်လို့..
ဝေးနေတုန်းမှာ လွမ်းလို့.
ခွဲသွားရတော့ နာကျင်လို့..
ပြန်ဆုံကြတော့.... ဒီလိုမျိုးလို့..း)