Monday, October 4, 2010

သံကြိုးစာ

မင်းစိတ်ကို ငါမမြင်ဘူးလို့ အော်တယ်

ငါ့အတွေးတွေကော မင်း ငေးကြည့်ဖူးလား ။


ငှက်တစ်ကောင်ကို

သူ့အတောင်တွေ ချိုးရင်

သူဘယ်လို တုံ့ပြန်မလဲ ။


မင်းကို ယုယုယယ ပိုက်ထွေးထားဖို့ဆို

စာရွက်တွေကို လက်သည်းနဲ့ မကုတ်ခြစ်ဘူးလို့

မင်းဘက်ကလည်း တာဝန်ယူဖို့လိုတယ် ။


သိပ်တင်းလွန်းတဲ့ကြိုးတွေ တီးခတ်လိုက်တဲ့အခါ

ဂီတကောင်းကောင်းဖြစ်ဖို့ထက်

ကြိုးပြတ်ဖို့က ပိုသေချာတယ် ။


ဘဝဆိုတာ

အချစ်တစ်ရောင်တည်း ခြယ်လို့ မလှဘူး။

မတော်တဆဖြစ်ဖြစ် ငါ့မင်အိုးကို မှောက် မပစ်ပါနဲ့ ။


နှလုံးသားဆိုတာ

အချစ်တစ်ခုတည်းနဲ့ ဖြုန်းတီးပစ်ဖို့ မဟုတ်ဘူး ။

ယုံကြည်သလို ခုံမင်သီးပွင့်စရာတွေ ကျန်သေးတယ် ။


ငါ လမ်းတွေ ထပ်စိုက်နေပါတယ်

မင်းမလျှောက်ချင်နေပါ

လျှောက်ချင်တဲ့ လူတွေ လျှောက်ကြဖို့ပေါ့ ။

လင်းဒီပ

၀၄.၁၀.၁၀

16 comments:

khin oo may said...

ဒီတစ်ခါ ခပ်မာမာပါလား။

mirror said...

လာပြီ လာပြီ... အောက်တိုဘာတွေ လာပြီနော်...။
အဲ့လို မဖြစ်ကြေးလေ..ဟေ့လူ..။
(ခက်တာက ကဗျာနဲ့ ကဗျာရေးတဲ့သူ တွဲတွဲမြင်နေတာ)

မောင်မျိုး said...

စာရွကလည်း မကုတ်ဖြစ်နဲ့
မှင်အိုးလည်းမမှောက်နဲ့တဲ့ စည်းကမ်းတွေများတယ်

လျှောက်လွှာတင်တဲ့ ကောင်မလေးတွေများပါစေ အယ်လေ ခင်ထားတဲ့ လမ်းမှာ လျှောက်တဲ့သူတွေများပါစေလို့

မိုးယံ said...

မင်းကို ယုယုယယ ပိုက်ထွေးထားဖို့ဆို

စာရွက်တွေကို လက်သည်းနဲ့ မကုတ်ခြစ်ဘူးလို့

မင်းဘက်ကလည်း တာဝန်ယူဖို့လိုတယ် ။

အယ် များ ထင်တာက အိမ်က ကြောင်မလေးကို များ အီးတွေလျှောက်ပါလို့ စိတ်ဆိုးနေသလားလို့။

စတာနော် ချိတ်မဆိုးပါနဲ့နော်။

Anonymous said...

ည တွေမှာ တိတ်တဆိတ်ထ,ထခင်းတဲ့
လမ်းတွေကို ဘာရမလဲကွ
လာလျှောက်သွားတယ်ဟေ့

မမသီရိ said...

အပေး အယူကြေး က မများလွန်းဘူးလား
မောင်လေး ရ...း).
..
နေအုံး..
အဲဒီ လမ်းပေါ် လျှောက်ချင်သူတွေများနေရင်
ကဗျာဆရာ ဒုက္ခရောက်နေပါ့မယ် ကွယ်...

ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာ လုပ်ပါ..း)

သိင်္ဂါကျော် said...

"နှလုံးသားဆိုတာ

အချစ်တစ်ခုတည်းနဲ့ ဖြုန်းတီးပစ်ဖို့ မဟုတ်ဘူး ။

ယုံကြည်သလို ခုံမင်သီးပွင့်စရာတွေ ကျန်သေးတယ် ။"

အဲဒီစာသားလေး ကြိုက်တယ်..

မယ့်ကိုး said...

တစ်ဖက်သတ်ကြိုးနန်းစာ :P

Anonymous said...

ဒီတစ်ခါ တစ်မျိုးပါလား ...
mnhy

Anonymous said...

ဘဝဆိုတာ ..
အချစ်တစ်ရောင်တည်းခြယ်လို့ မလှဘူး ..

အရမ်းခိုက်တယ်ဗျာ..
အုပ်ကြီး

ShwunMi- said...

ပျံလို့မရအောင် အတောင်တွေပြုပြင်ခံထားရတဲ့ bird park ထဲက အကောင်ကြီးတွေကို မြင်ယောင်တယ်..
ကိုလင်းဒီပရေးတာ သိပ်အဓိပ္ပာယ်ရှိတာပဲ

သွယ်လင်းဆက် said...

နဲနဲပြင်းတယ်။ :)

jr said...

ကဗျာဆရာဆိုတော့ .. ရန်တွေ့တာတောင် လှလှလေး..
ချိုသာ..အဆင်ပြေတဲ့ အောက်တိုဘာဖြစ်ပါစေ ..
:)

နန်းညီ said...

ခုလောဇယ်ပြောချင်နေတာတွေနဲ့ ကွက်တိ..း)

Moe Cho Thinn said...

“သံကြိုးစာ မရ၊ ဒါမျိုးတွေ နားမထောင်..” တဲ့။
သံကြိုးထက် မြန်တဲ့ အီးမေးလ် ကောင်မလေးက ပြန်ပို့တယ်။

ဝတ်လုံတော်ရမင်း said...

“ဘဝဆိုတာ
အချစ်တစ်ရောင်တည်း ခြယ်လို့ မလှဘူး။” ဟုတ်တယ်... လှပြီး မှန်တဲ့ စကား...း) တပုဒ်လုံး ကြိုက်သွားပြန်ပြီ ကိုလင်းဒီပရာ...