Friday, June 10, 2011

သုံးဆယ့်တစ်မီးကြွင်းမီးကျန်များ

ကြိုက်တာတွေ တူဖို့ ကြိုးစားကြည့်ပြီးနောက်

မကြိုက်တာတွေ တူတာလည်း သိပြီးတဲ့နောက်


အခါးဆုံး ရိုးသားကြပြီးနောက်

အချိုဆုံး မာယာများကြပြီးနောက်

အမှောင်မှာ ရဲရင့်နက်ရှိုင်းကြပြီးနောက်

အလင်းမှာ ကိုယ်ဖော့ကူးခတ်ကြရုံ ။


မလို

ရန်သူ့မြင်းခွာသံများ အထိတ်တလန့် နားစွင့်နေဖို့ မလို

မိတ်ဆွေလက်ခုပ်သံများ ထပ်တိုးလာဖို့ မလို

မာခြင်းအဆင့် ဘယ်လောက် ထပ်စစ်ဖို့ မလို

အနမ်းတွေကို ငရဲမီးနဲ့ စားကြည့်ဖို့ ထပ်မလို


မလို

စာရွက်ပေါ်ကလက်မှတ် သက်သေခံလက်စွပ်များ မလို

အထိမ်းအမှတ်နေ့များ အလိုရမ္မက်သင်္ကေတများ ထပ် မလို

ဘယ်လောက်ချစ်တဲ့အကြောင်း နာရီနှိုးစက်လို အချိန်မှန် မြည်ပြနေဖို့ မလို

ဘယ်လောက်လွမ်းတဲ့အကြောင်း သီချင်းတစ်ပုဒ်လို ကီးမှန်မှန်နဲ့ ချွဲပြနေဖို့ မလို…


မင်းမျက်ရည်မြစ်ရေတွေ စီးဝင်ဖို့

ငါ့မေတ္တာ သမုဒ္ဒရာလို ကျယ်ပြန့်မိတဲ့နောက်

လောကဓံလူကြမ်းမင်းသားတွေကို

ကမ်းနားသစ်ပင်တွေလို လှောင်ရယ်နိုင်တဲ့နောက် ။


ကြိုက်တာတွေ တူဖို့ ကြိုးစားကြည့်ပြီးနောက်

မကြိုက်တာတွေ တူတာလည်း သိပြီးတဲ့နောက်

အချစ်ဟာ စာလုံးပေါင်း မမှားတော့

အချစ်ဟာ အသံထွက် မမှားတော့ ။


ဒါ

စေးကပ်တဲ့ အမှန်တရားပေါ့…

ကိလေသာစိတ်တွေက (ဘယ်တော့မှ) ပျဉ်ဖိုးနားမလည်ခဲ့ဘူး ။

လင်းဒီပ

၁၀.၀၆.၁၁

9 comments:

Anonymous said...

ပျင်ဖိုး ဘယ်လောက်ရပလဲ

Zephyr said...

ဟုတ်တယ်ဗျာ၊
စာရွက်အတွက်က စင်ကာပူ ၂၀၀ ခန့်၊
လက်စွပ်က မြန်မာငွေလေးသိန်းလောက်။
ကိုယ့်အတွက် မလိုပေမယ့်
မြန်မာသံရုံးကိုပြရဦးမယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ကိလေသာတော့ ဟုတ်မယ် မထင် ...

ညိမ်းနိုင် said...

လှလိုက်တဲ့ ကဗျာလေး...၊ဟုတ်တယ် ကိလေသာ
တွေကတော့ ပျဉ်ဖိုး နားမလည်ဘူး။

zue said...

ကိလေသာစိတ်တွေက (ဘယ်တော့မှ) ပျဉ်ဖိုးနားမလည်ခဲ့ဘူး ။
အင်းလေ.. ခက်သားလား.. နားလည်ဖို့ ဆိုတာကလည်း ..း)

မေသိမ့်သိမ့်ကျော် said...

ဘာဘာ ဘာမှမလိုဘူး။ ပျဉ်ဖိုးလည်းနားလည်ပြီ။ အချစ်ကလည်း ကီးမချော်တော့ဘူးပေါ့။

ချစ်စရာကောင်းတဲ့ ကဗျာလေးကို လာရောက်ဖတ်ရှုသွားပါတယ်ရှင်။

ခင်မင်လေးစားလျက်

Mogok Thar said...

ကိုယ်တွေက သုံးဆယ့်တစ်ဘုံထိပ်က အိမ်မှာ နေတာ။
(အိမ်ကိုရောက်ဖို့ လှေကား သုံးဆယ့်တစ်ထစ်တိတိ တက်ရတယ်ဗျ)

Mogok Thar said...

သုံးဆယ့်တစ်ဘုံ အလွမ်း



နွေ၊မိုး၊ ဆောင်းတွေနဲ့ ဝေးနေခဲ့တာ

အချိန်အတော်ကြာခဲ့ပြီ။

တစ်ရာသီမှာမှ တစ်ခါတောင် မပွင့်ဝေနိုင်ခဲ့

အဲ့ဒီ အိမ်မက်ဖူးတွေက စိုစွတ်လှုပ်ခါလို့။


အိပ်တန်းပြန်ငှက်တွေကို စီးနင်းပျံသန်း

အိမ်အပြန်လမ်းတွေ ငေးရီနေခဲ့ရတာ

ရာသီစာ သုံးခု ကျော်ခဲ့ပြီ။


ငါ့ အိမ်အပြန်လမ်းတွေက မခက်ခဲလှပေမဲ့

ဒုတိယ နတ်ဘုရားကျိန်စာသင့်နေခဲ့လေတော့

သုံးဆယ့်တစ်ဘုံမှာ


စိတ်တွေသာ ခြေရာကျန်ရစ်...


အော်...


........


စိတ်တွေသာ ဝေဒနာပြန်ဖြစ်ခဲ့ပေါ့။


**************

(တစ်ချိန်က ကျွန်တော် ရေးခဲ့ဖူးတဲ့ ကဗျာလေးပါ)

ပြည်ကောင်းအောင် said...

အင်းဗျာ.. ကိလေသာစိတ်တွေက (ဘယ်တော့မှ) ပျဉ်ဖိုး နားမလည်ခဲ့ကြပေဘူး ။ ကဗျာ စာသားတွေက ထုသားပေသားကျလို့ ( အချိန်စီးပြီး မာကျောတဲ့ သတ္တု တမျိုးမျိုးလို ) တိန်တိန် မြည်နေတယ်လို့ ခံစား မိတယ်။ စာတကြောင်းမှ ပစ်ရက်စရာ မရှိပါလား။